Breaking News

လင်းငယ် - ဘောကန်ဖိနပ်စိမ်းပြာနု

Photo- Crd
ဘောကန်ဖိနပ်စိမ်းပြာနု
လင်းငယ်
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၂


ကျွန်တော်က အညာသား။ ဘောလုံးဝါသနာကြီးသည် ဘောကန်သမား။
ဒီနှစ်ခုဟာ တော်လှန်ရေးနဲ့ ဘယ်လိုမှ ဆက်စပ်မယ်လို့ မတွေးစဖူးခဲ့ပေ။
…….
ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်က ၅ လပြည့် ဆိုသည့် ဓာတ်ပုံလေးတပုံ အမှတ်မထင် တွေ့ရသည်။ ၅ လဆိုတော့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်ထဲက ဓာတ်ပုံတပုံပင် ဖြစ်သည်။ 
ဆပ်ပြာကျင်း၊ ဒီပဲယင်းဆိုသည့် အမည်နာမနှစ်ခု ဓာတ်ပုံနောက်တွင် ကပ်ပါလာသည်။ 
တော်တော်များများ မြင်ဖူးလိုက်မည့်ထိုဓာတ်ပုံထဲတွင် အားကစားဘောင်းဘီတိုဝတ် ပုဆိုးစလွယ်သိုင်း လူငယ်တယောက်က နွားလှည်းကို မတ်တပ်ရပ်ကာ မောင်းလာသည်။ အလျင်လိုသည့်အခါ ဖြစ်စေ၊ လမ်းကြမ်းကြမ်းမှာ မောင်းရသည့်အခါမှာ ဖြစ်စေ နွားလှည်း မောင်းရသည့် အနေအထားမျိုး ဖြစ်သည်။ အညာသား ကျွန်တော် ကိုယ်တိုင်လည်း အလျင်လိုတိုင်း လှည်းကို ထိုသို့ မတ်တပ်ရပ် မောင်းတတ်သည်။ ဒီဓာတ်ပုံထဲက လူငယ်အတွက်ကတော့ အလျင်လိုခြင်းထက် လှည်းကို ထိုင်ပြီး အေးအေးလူလူ မောင်းဖို့ ဘယ်လိုမှ မဖြစ်သည့်အခြေ အနေဖြစ်သည်။ သူ့လှည်းပေါ်တွင် အသက်မဲ့ ခန္ဓာကိုယ်တွေကို စုပြုံထပ်ကာ သယ်လာရသောကြောင့် ပင် ဖြစ်သည်။ သူ့လှည်းပေါ်မှာ ထပ်လျပ်သား ပါလာသည့် အသက်မဲ့ ခန္ဓာကိုယ်က ဘယ်နှစ်ခုမှန်း ကျွန်တော် မရေ တွက်နိုင်ပါ။ ငါးခုဖြစ်ချင်ဖြစ်မည်။ ထိုထက်လည်း များကောင်းများမည်။ သတင်းဖော်ပြချက်များအရတော့ ထိုအဖြစ်အပျက်တွင် ဖက်စစ်တို့၏ လူမဆန်မှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်သားများ၊ အရပ်သားများ၊ ၎င်းတို့ကို ကယ်ထုတ်ရန် ကြိုးပမ်းသည့် ပရဟိတလုပ်သားများ စုစုပေါင်း ၃၂ ဦးခန့် အသက်စွန့်ခဲ့ကြရသည်ဟု ဆိုပါသည်။ လေးလံသောစိတ်ဖြင့် ယာပြင်တောဟု ယူဆရသည့် ကွင်းပြင်ကျယ်တွင် လှည်းမောင်းပြန်လာရသည့် လူငယ်၏စိတ်အတွေးတို့ မည်သို့ မည့်ပုံ ရှိလေမည်နည်း။ တောက် တခေါက်ခေါက်၊ အံ့တကြိတ်ကြိတ် ရှိလေမည်လား။ မချိတင်ကဲ ဝမ်းနည်းနေမည်လား။
…….
ထိုဓာတ်ပုံသည် နွားလှည်း နောက်ကျောဘက်မှ ရိုက်ထားပြီး၊ အလင်းရောင် အားနည်းသောကြောင့် ဓာတ်ပုံက ညနေခင်းဘက်လိုဖြစ်နေသည်။ ပြုပြင်ထားသည့် ဓာတ်ပုံတပုံလည်း ဖြစ်နိုင်ပါသည်။ ထို မှောင်ရီရီဓာတ်ပုံထဲတွင်ပင် အသက်မဲ့ခန္ဓာပိုင်ရှင်များသည် မည်သူမည်ဝါမှန်း ကျွန်တော်မသိပါ။ သို့သော် သူတို့သည် ဘောင်းဘီတိုများဝတ်ထားပြီး ထိုးထွက်နေသည့် သူတို့ ခြေထောက်များတွင် ရှုးဖိနပ်များဝတ်ဆင်ထားသည်ကိုတော့ မြင်သာပါသည်။ ထိုအထဲမှ အောက်ဆုံးနားက တယောက်၏ခြေထောက်တွင် ဝတ်ဆင်ထားသည့်ဖိနပ်က ကျွန်တော်မြင်ကွင်းထဲ ကွက်ကွက်ကွင်းကွင်း ဝင်လာပါသည်။ ထင်ရှားသည့်အရောင်ကြောင့် သိသာနေတာဖြစ်နိုင်သလို ကျွန်တော်ကိုယ်၌က တိုက်ဆိုင်မှုကြောင့် ဖြစ်နိုင်ပါသည်။ အရောင်အတိအကျ ကျွန်တော်မခေါ်တတ်သော (စိမ်းပြာနုဟုတော့ ခေါ်နိုင်မည် ထင်ပါသည်) ထို ဖိနပ်တစုံသည် ဘောလုံးကန်သည့် ဖိနပ်တစုံ ဖြစ်နေပါသည်။ ဘားဟု ခေါ်သည့် ထိုဘောကန်ဖိနပ်သည် ခွာများပါပြီး မြေမညီသည့်နေရာတွင် ပြေးလွှားရ ခက်ခဲပါသည်။ စစ်မြေပြင်သုံး ပစ္စည်းတခုတော့ မဟုတ်ပါ။ သို့သော်လည်း အထောက်အကူ ပစ္စည်း ရှားပါးလှသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်သားခမျာရရာ ဖိနပ်ကို ဝတ်ဆင်ထားခြင်း ဖြစ်ပါလိမ့်မည်။ သာမာန်ညှပ်ဖိနပ်ထပ် စာလျှင်တော့လည်း လှုပ်ရှား ပြေးလွှားရ လွယ်ကူသေးသည် မဟုတ်ပါလား။ တိုက်ဆိုင်စွာဖြင့် ကျွန်တော် ယခု ဘောလုံးကန်ရာတွင် သုံးနေသည့် ဘောကန်ဖိနပ်ကလေးနှင့် ထိုဘောကန်ဖိနပ်ကလေးသည် တပုံစံတည်း တရောင်တည်း ဖြစ်နေပါသည်။ ကျွန်တော် ညဘက် အိပ်ရာထဲရောက်သည့်အချိန်ထိ ဘောကန်ဖိနပ်စိမ်းပြာနုကလေးက အတွေးထဲ တရစ်ဝဲဝဲ ဖြစ်နေပါတော့သည်။ 
……
အိပ်ရာပေါ် တယောက်တည်း အိပ်မရဘဲ သတင်းထဲက ရဲဘော်လေးများ၏အမည်နဲ့ အသက်ကို နဖူးပေါ်လက် တင် ရေရွတ်မိနေပါသည်။ ရဲဘော်သန်းတိုးအောင် (၂၃ နှစ်)၊ ရဲဘော်မောင်မောင် (၂၇ နှစ်)၊ ရဲဘော်နေမျိုးကျော် (၂၃ နှစ်)၊ ရဲဘော်နေသူအောင် (၁၉ နှစ်)၊ ရဲဘော်ဟိန်းဇော်ဖြိုး (၁၉ နှစ်)၊ ရဲဘော်မျိုးမင်းထွေး (၂၂ နှစ်)၊ ရဲဘော်ရဝေအောင် (၂၁ နှစ်)၊ ရဲဘော်သန့်ဇင်ဝင်း (၁၉ နှစ်)။

အကြီးဆုံး ရဲဘော်ကမှ ၂၇ နှစ်သာ ရှိသေးပြီး အငယ်ဆုံးက ၁၉ နှစ်တဲ့။ တကယ်တန်း ၁၉ နှစ်တောင် ပြည့်သေးရဲ့လား။ ဘောလုံးကန်လို့ကောင်းတုန်းအရွယ်များဟု ပြောလျှင် ရယ်စရာ ဖြစ်ကောင်း ဖြစ်ပါမည်။ တယောက်ကဆိုလျှင် မြန်မာ့ဘောလုံးသူရဲကောင်း သန်းတိုးအောင်အမည်ကိုပင် ယူထားလိုက်သေးသည်။ လယ်တော ယာတောကို ဘောလုံးကွင်းလုပ်၍ ကန်တတ်ကြသည့် အညာနဲ့ အထက်ပိုင်းတကျောက လူငယ်တွေသည် အခုနေအခါမှာတော့ လယ်တော ယာတောကို စစ်မြေပြင်အဖြစ်နဲ့ တိုက်ပွဲဝင်နေကြရပြီ။ ကျွန်တော့ဇာတိ အညာတကြောသည် အခုတော့ စစ်ခင်းရာနေရာ ဖြစ်နေပြီ။ အညာသားတွေသည် ပြည်သူ့ကာကွယ်ရေး တပ် သားတွေ ဖြစ်နေကြပြီ။ အညာက လူငယ်များကတော့ညနေခင်းဘက် ဘောလုံးကန်မည့် အချိန်များ၊ နောက်နေ့မနက် လူငယ်အချင်းချင်း ဘောလုံးကွင်းက အဖြစ်အပျက်များအား ပြန်းပြောင်းပြောကြကာ စနောက်ရမည့် အချိန်များကို တိုက်ပွဲများအတွက် သုံးနေကြရပြီ။ 
……..

နောက်တပတ် ဘောလုံးကန်ခါနီးတိုင်း မျက်နှာမမြင်ဖူးသည့် နာမည်ရှင် လူငယ်များကို အောက်မေ့မိသည်။

အောက်မေ့မိသည် ဆိုသည်ထက် အတွေးထဲ ထင်ထင်လင်းလင်း ပေါ်လာတတ်သည်။ ထိုအခါတိုင်း သူတို့ကို အရင် ဦးညွှတ်ပြီးမှ ကျွန်တော်ဘောလုံးကန်သည်။ အရင်က ဘောလုံးကို ပျော်ဖို့သာကန်သည်။ ထိုလူငယ်လေးများအကြောင်းကို တွေ့မိပြီးချိန်မှာတော့ ဘောလုံးကို တာဝန်တရ ပ်လို ကန်သည်။ ကျွန်တော် ခေတ္တခဏ ကျန်း မာနေစေဖို့ ဖြစ်သည်။ အချိန်ပိုမဖြစ်အောင် ဂရုစိုက်မည်။ တပတ်လျှင် ၂ နာရီလောက် ကျန်းမာရေးအတွက်သုံးပြီး ကျန်သည့်အချိန်များကို အကျိုးရှိရှိသုံးဖြစ်ဖို့ ကိုယ့်ဘာသာ မကြာခဏ ဆော်ဩရသည်။ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်ပါမည်။ သို့သော် ကျွန်တော် သုံးလိုသည့် အကျိုးရှိရှိသည် ကျွန်တော့် ကိုယ်ရေးကိုယ် တာ သက်သက်အတွက် မဆိုလိုကြောင်းကိုမူ ရိပ်မိမည်ဟု ယူဆပါသည်။ 

နောင်အနာဂတ်တွင် လူငယ်လူရွယ်များ ဘောလုံးကန်ချိန် လွတ်လွတ်လပ်လပ် ကန်ခွင့်ရစေဖို့၊ ဘောလုံးမကန်သူကလည်း ကိုယ်ဝါသနာပါရာကို အချိန်ပေး လုပ်ခွင့်ရစေဖို့၊ ဒီလို အခြေအနေတစ်ရပ် ပေါ်ပေါက်လာစေဖို့ ကျွန်တော့်အချိန်တွေကို အသုံးပြုချင်ပါသည်။ အသုံးပြုမှ ဖြစ်မည်ဟုလည်း စိတ်ပိုင်းဖြတ်ထားမိပါသည်။

၇ ဒီဇင်ဘာ ၂၀၂၁
မူရင်းသတင်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar