Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၉ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၉ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၂

နေ့စဥ် သတ်ဖြတ်ခံရမှုတွေ၊ အသက်ဆုံးရှုံးမှုတွေ၊ ဖမ်းဆီးခံရမှုတွေ၊ နေအိမ်နဲ့ စားစရာရိက္ခာတွေ ဖျက်ဆီးခံရတာတွေ နှိပ်စက်ညှင်းပန်းခံရတဲ့ သတင်းတွေဖတ်နေရ မြင်နေရ ကြားနေရတာမို့ ကြာလာတဲ့အခါ လူတွေရဲ့ စိတ်နှလုံးတွေလည်း ထုံလာသလားလို့ ထင်မြင်မိပါတယ်။ သေဆုံးတယ်ဆိုတဲ့သတင်းကိုဖတ်ရတဲ့အခါ ဘယ်နှယောက်လဲဆိုတာကို စေ့ငုကြည့်မိပြီး ဘယ်လိုအသတ်ခံရတာလဲ ဘယ်လိုသေဆုံးတာလဲဆိုတာကို ဆက်လက်နားထောင် ဖတ်ရှုပြီးနောက် စိတ်ထဲမှခံစားချက်က အနိမ့်အမြင့်ပြောင်းလဲသွားကြတာကို သတိထားမိပါတယ်။ 
စစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ပစ်လိုက်ရာက အသက်ဆုံးရှုံးရတာလား၊ နေအိမ်မှာ လာဖမ်းပြီးနောက်တနေ့မှာ သေဆုံးပြီဆိုပြီး အကြောင်းကြားခံရတာလား၊ စစ်ကောင်စီတပ်တွေက ကျေးရွာတွေဝင်ရောက်စဥ် မသင်္ကာတာနဲ့ ပစ်သတ်ခံလိုက်ရတာလား၊ သတင်းပေးလို့ သံသယရှိသူတွေကို အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေက ပစ်သတ်တာလား၊ ဗုံးရှိမှန်းမသိလို့ အမှိုက်ပုံ ဗုံးပါရှိတဲ့ အထုပ်ကိုကိုင်မိလို့ ကွဲပြီးအသက်ဆုံးရှုံးတာလား၊ လက်နက်ကိုင် အဖွဲ့တွေကို အလစ်အငိုက်တိုက်ခိုက်တာ ရပ်ရွာတွေ ကားလမ်းတွေမှာ တိုက်ပွဲဖြစ်လို့ သေဆုံးကြတာလား စသဖြင့်နေ့စဥ်သတင်းတွေထဲ အမျိုးမျိုးသော သတ်ဖြတ်မှုတွေ အသက်ဆုံးရှုံးမှုတွေ ပုံစံအမျိုးမျိုးနဲ့ ကြားနေရတာ ဖြစ်ပြီး ကိုယ်ချင်းစာနာမှု၊ သနားမှု၊ ဥပက္ခာပြုမှုစသဖြင့် နိုင်ငံရေးရပ်တည်ချက်အပေါ်မူတည်ပြီး မိမိရဲ့ စိတ်နှလုံးသားက စာနာ ဥပက္ခာ ဖြစ်ကြတာမျိုး ဖြစ်ပါတယ်။ 

တကယ်တော့ နိုင်ငံရေးရည်ရွယ်ချက်၊ ဦးတည်ချက်ကို ရောက်ရှိဖို့ရာ လက်နက်ကိုင်ကြတာ လက်နက်နဲ့ တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် လူအချင်းချင်း သတ်ဖြတ်ရတာ နှိပ်စက်ရတာကို ပျော်လို့ အားရလို့ လက်နက်ကိုင်တိုက်ခိုက်နေကြတာမဟုတ်ဘူးလို့ နိုင်ငံရေးရည်ရွယ်ချက်ထားရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခံယူထားကြရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲမှာပါဝင်သူ တဦးချင်းအနေနဲ့တော့ မိမိနဲ့ တိုက်ဖေါ်တိုက်ဖက် ဖမ်းခံရတာ၊ ထိခိုက်တာ သေဆုံးရတဲ့အခါတွေမှာ ခံစားချက်၊ လက်တုံ့ပြန်လိုမှုတွေ ရှိကြမှာ အမှန်ပဲဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေ ဖြစ်ရပ်တွေ လက်နက်ကိုင်လှုပ်ရှားမှုတိုင်းမှာ ရှိကြမယ်လို့ထင်ပါတယ်။ 

လတ်တလော ဆိုရှယ်မီဒီယာမှာ သူ့နဲ့သင်တန်းတက်ဖက်၊ လက်နက်ကိုင်တပ်ဖွဲ့ထဲက ရဲဘော် ၂ ယောက်ကျဆုံးလို့ ခံစားရတဲ့ ခံစားချက်ကို FB live လွှင့်တင်ပြီး အများသိအောင်ပြောဆိုတဲ့ ပို့စ်တခုလည်း ဆိုရှယ်မီဒီယာ သုံးသူတွေအကြား ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီဗီဒီယိုကို ကြည့်တဲ့အခါမှာ အသက်ကိုရင်းပြီး လက်နက်ကိုင်တော် လှန်ရေးမှာပါဝင်နေကြတဲ့ လူငယ်တွေရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ လက်နက်ကိုင်တိုက်ပွဲဟာ အသက်ကိုရင်းပြီးတိုက်ခိုက်ကြရတာ၊ လက်နက်၊ စစ်ရေးအတတ်ပညာ၊ လူထုရဲ့ ထောက်ခံအားပေးမှု၊ စစ်ရေးအတွေ့အကြုံနဲ့ ခေါင်းဆောင်မှုတွေအားလုံး ပြည့်စုံတဲ့အခါ စစ်ရေးအောင်မြင်မှုရနိုင်ပြီး တဖက်ကရန်သူကို စိုးမိုးထားတဲ့ ဒေသတွေ နယ်မြေတွေကနေ ဖယ်ရှားနိုင်မှာဖြစ်ပြီး နောက်ဆုံး နိုင်ငံရေးအာဏာကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ 

ဒီလိုနိုင်ငံရေးအာဏာ ထိန်းချုပ်နိုင်ဖို့အတွက် ဦးတည်တိုက်ကြတာလည်း အငြင်းပွားစရာမရှိပါဘူး။ သို့ပေမယ့် ထိရောက်တဲ့ တိုက်ခိုက်မှုမျိုး၊ ရည်ရွယ်ချက်တူညီတဲ့ ပူးပေါင်းတိုက်ခိုက်မှုမျိုး၊ နိုင်ငံရေးဘုံရည်မှန်းချက်တူညီတဲ့ အင်အားစုစည်းမှုမျိုးဖြစ်ဖို့ အတွက်က လတ်တလော အရေးကြီးတဲ့ မေးခွန်းတွေ အခြေခံကျတဲ့လိုအပ် ချက်တွေ ဖြစ်နေတယ်လို့ မြင်မိပါတယ်။ 

စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက်ဆို နိုင်ငံရေးမှာ ဘုံသဘောတူညီချက်တွေရဖို့ အရေးတကြီးလိုအပ်မှာ ဖြစ်ပါတယ်။ တန်းတူရည်တူပူးပေါင်းဆောင်ရွက်မှု၊ အကျိုးရလဒ်ကို တန်းတူခံစားခွင့်၊ တည်ဆောက်မယ့် နိုင်ငံရေးစနစ်အပေါ်မှာ တူညီတဲ့အခြေခံတွေရှိဖို့ မရှိမဖြစ်လိုအပ်မှာဖြစ်ပြီး ဒီအခြေအနေတွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ (သို့မဟုတ်) မပြည့်စုံနိုင်သေးရင် လက်ရှိသွားနေတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေကို ပြန်လည်ချိန်ညှိဖို့လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar