Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၉)


ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၉)
(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၂၂

ဒီနေ့ခေတ်အခါဟာ ကျွန်စိတ်ဖျောက်ဖို့ အမည်ရှေ့မှာ သခင်တပ်တဲ့ခေတ်မျိုး တကျော့ပြန်ရောက်လာတဲ့အချိန်လို့ ဆိုနိုင်ပါတယ်။ စစ်ကျွန်အဖြစ် နွံနစ်မခံဘဲ ရုန်းထွက်တော်လှန်ကြတဲ့အခါ သခင်စိတ်မွေးရင် လူတိုင်းသခင်ဖြစ်မှာပါ။ တနည်းအားဖြင့် လူတိုင်းဦးဆောင်တဲ့ခေတ်၊ လူတိုင်းခေါင်းဆောင်ဖြစ်တဲ့ခေတ်ပါ။ 

လူတိုင်းဟာ ကိုယ့်ဘဝရဲ့မာလိန်မှူးဖြစ်တာနဲ့အညီ နွေဦးတော်လှန်ရေးမှာလည်း လူတိုင်းခေါင်းဆောင်ဖြစ်နိုင်သလို၊ လူတိုင်းက သူရဲကောင်းဖြစ်နိုင်ပါတယ်။ အများအတွက် ဦးတည်ကြိုးပမ်းမှုတွေမှန်သမျှ အချည်းနှီးဖြစ်မှာ မဟုတ်ပါဘူး။ ဘယ်နေရာမှာ ဘယ်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေက မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ ဒါဟာ မြှောက်ပင့်ပြောဆိုခြင်း လုံးဝမဟုတ်ပါဘူး။ နည်းပညာခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မဟုတ်တဲ့ အတိတ်ကာလဖြစ်ရပ်တွေမှာတောင် မှတ်တမ်းတင်ခံရတဲ့ အညတြတွေ၊ ပံ့ပိုးကူညီသူတွေ များစွာရှိခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ခန့် အမေရိကန် Civil Rights Movement ရဲ့ Freedom Ride လှုပ်ရှားမှုအတွင်းက အညတြသူရဲကောင်းတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ အသားအရောင်ခွဲခြားသူတွေ ဝိုင်းဝန်းတိုက်ခိုက်လို့ Freedom Riders တွေနဲ့ သာမန်ခရီးသွားများ စီးနင်းလာတဲ့ဘတ်စ်ကား အကြီးအကျယ်မီးလောင်ပြီး အတင်းရပ်ခိုင်းတာကြုံခဲ့ရတဲ့အချိန်မှာပါ။ 

ဖြစ်ရပ်က Alabama ပြည်နယ် Anniston မြို့မှာပါ။ ဘတ်စ်ကား ရပ်လိုက်ရတဲ့နေရာက လူဖြူမိသားစုရဲ့ စတိုးဆိုင်လေးတစ်ခုရဲ့ အနီးမှာပါ။ မီးလောင်နေတဲ့ ကားထဲမှာပါလာသူတွေက မီးခိုးတွေကြောင့် အသက်ရှူခက်ခဲတာတွေ၊ မွန်းကျပ်တာ ချောင်းဆိုးတာတွေ ဖြစ်နေကြတာပေါ့။ ဒီအခါ စတိုးဆိုင် ပိုင်ရှင်ရဲ့ ၁၂ နှစ်အရွယ်သမီးလေး Janie Miller က ရေတွေ ယူလာပြီး ခရီးသည်တစ်ယောက်ချင်းစီကို သက်သာအောင် အကူအညီပေးခဲ့ပါတယ်။ 
Janie Miller

အစွန်းရောက် ခွဲခြားရေးဝါဒီတွေက အဲဒီလို အကူအညီပေးတာကိုတောင် လက်မခံနိုင်ပါဘူး။ ဒါကြောင့် Janie Miller ကို သူ့မိသားစုနဲ့အတူမနေဖို့၊ အဲဒီမြို့မှာလည်းမနေဖို့ မောင်းထုတ်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့ပေမယ့် Janie Miller ကို "Angel of Anniston" လို့ အမည်ပေး ဂုဏ်ပြုခဲ့ပါတယ်။ 

နောက်ထပ် ပြောပြချင်သူတစ်ဦးကတော့ မဟတ္တမဂန္ဓီရဲ့ဇနီး ကတ်စ်တိုးရဘာ ဂန္ဓီ (Kasturba Gandhi) ဖြစ်ပါတယ်။ သူက ခင်ပွန်းသည်နဲ့အတူ အိန္ဒိယနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ ခင်ပွန်းရဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို အတူတူ အဖမ်းခံ၊ အစာငတ်ခံခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ သားသမီးများနဲ့ မိသားစုရေး၊ နိုင်ငံ့အရေးကို စိတ်ဓာတ်ခိုင်မာစွာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ "အကြမ်းမဖက်ခြင်းနဲ့ပတ်သက်တဲ့သင်ခန်းစာကို ကျွန်ုပ်ရဲ့ဇနီးသည်ထံက သင်ယူခဲ့ပါတယ်" လို့တောင် မဟတ္တမဂန္ဓီက ပြောဆိုခဲ့ဖူးပါတယ်။ 

မဟတ္တမဂန္ဓီနှင့် ဇနီး ကတ်စ်တိုးရဘာဂန္ဓီ

ဂန္ဓီရဲ့အရှိန်အဝါ၊ ခေါင်းဆောင်မှုစွမ်းရည်တွေကြောင့် ဇနီးဖြစ်သူရဲ့ အခန်းကဏ္ဍ မှေးမှိန်တဲ့သဘောမျိုး ဖြစ်ပေမယ့် ဒီဇနီးကြောင့်လည်း ဂန္ဓီ ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ဂန္ဓီရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ သဘောတူခြင်း မတူခြင်းတွေ၊ ဝေဖန်မှု တိုက်တွန်းမှု ဖေးမမှု ကူညီပံ့ပိုးမှုတွေ အနီးကပ်လုပ်ဆောင်နိုင်သူက ဇနီးဖြစ်သူ တစ်ဦးတည်းပါ။ 

ကတ်စ်တိုးရဘာ ဂန္ဓီဟာ မဟတ္တမဂန္ဓီရဲ့ အပေါင်းအဖော်၊ ဇနီးမယား၊ ပြုစုစောင့်ရှောက်သူသာမက ဂန္ဓီရဲ့ ကိုယ် စားလှယ်အဖြစ်ပါ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ကိုလိုနီအစိုးရရဲ့ ဖမ်းဆီးအကျဥ်းချတာကိုခံရပြီး အကျဥ်းကျ စဥ် သူမကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။ သူကွယ်လွန်တော့ မဟတ္တမဂန္ဓီက ခုလိုပြောပါတယ်။ 

"သူဟာ ကျွန်ုပ်ရဲ့ ခွဲမရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဘယ်အမျိုးသမီးကမှ ကျွန်ုပ်ကို သူ့လို အရွေ့ဖြစ်အောင် မလုပ်နိုင်ပါဘူး" 

ကတ်စ်တိုးရဘာ ဂန္ဓီ ကို ဂုဏ်ပြုတဲ့အနေနဲ့ သူမရဲ့မွေးနေ့ဖြစ်တဲ့ ဧပြီလ ၁၁ ရက်နေ့ကို National Safe Motherhood Day  အဖြစ် သတ်မှတ်ထားပါတယ်။ တကယ်တော့ အများအတွက် လုပ်ဆောင်ကြိုးပမ်းသူ၊ ပြည်သူက ချစ်တဲ့သူတွေဆိုရင် လူသေပေမယ့် နာမည်မသေနိုင်ပါဘူး။ လုပ်ဆောင်မှုမှတ်တမ်းတွေဟာလည်း ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ 

အဆိုအမိန့်လေးတစ်ခု ရှိပါတယ်။ 
Every sunset brings the promise of a new dawn. 
"ဆည်းဆာတိုင်းဟာ အရုဏ်သစ်တစ်ခု ရစေ့မယ်ဆိုတဲ့ကတိကို ဆောင်ကြဥ်းလာပါတယ်" တဲ့။ 

ကျနော်တို့အားလုံး တိုင်းပြည်ရဲ့အရုဏ်တက်ချိန်ကို ရောက်ဖို့ ကိုယ်စီကိုယ်ငှ နိုင်တဲ့ဝန်ကိုထမ်းရင်း ဆက်လျှောက်ကြရအောင်ပါ။ 

အားမလျှော့ပါနဲ့။ ငါတို့မှာ ငါတို့ရှိပါတယ်။ ။ 

ထိန်လင်း
၂၇၊ ၁၂၊ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar