Breaking News

ရဲဘော်ဖိုးသံချောင်း - မအလ စကစတို့ရဲ့ အပစ်အခတ်ရပ်စဲရေး နည်းပရိယာယ်

ရဲဘော်ဖိုးသံချောင်း - မအလ စကစတို့ရဲ့ အပစ်အခတ်ရပ်စဲရေး နည်းပရိယာယ်
(မိုးမခ) ဇန်န၀ါရီ  ၂၀၊ ၂၀၂၂

ပြည်တွင်းစစ်ကိုတမင်မွေးထား၊ မှီခိုစားသောက်၊ မိမိအာဏာကိုထောက်တိုင်ပြုထား စေတဲ့စစ်အာဏာရှင်တယောက်ရဲ့ပါးစပ်က “အပစ်အခတ်ရပ်စဲရေး” စကား၊ “ငြိမ်းချမ်းရေး” စကားတွေထွက်လာတာကို ဖိနပ်ကြားကနတ်စကားထွက်တယ်လို့ဆိုရင် မလွန်ဘူးလို့ထင်ပါတယ်။ 

ဒါဟာ သာမန်တင်စားချက်တခု မဟုတ်ပါဘူး။ ဗမာပြည်နိုင်ငံရေးလောကမှာ တကယ်ပဲ တွေ့ခဲ့ရ၊ ကြားခဲ့ရတဲ့စကားဖြစ်ပါတယ်။ အားလုံးတွေးမိကြတဲ့အတိုင်းပဲ ပြောတဲ့သူက စကစခေါင်းဆောင် မင်းအောင်လှိုင်ဖြစ်ပြီး သူက သူ့ကိုလာမင်္ဂလာပြုတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်နဲ့ ပူးတွဲထုတ်ပြန်ရာမှာ “မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များနှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးဖြစ်ပြီး ၂၀၂၂ ခုနှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားရန်လည်း အသိပေးခဲ့သည်” လို့ ထုတ်ပြောသွားတာပါ။ သတင်းစာတွေထဲပါမှသိကြရတဲ့ ဗမာပြည်ပြည်သူများကတော့ “ဟင် ငါတို့လည်း မသိလိုက်ရပါလား” လို့သာ မှတ်ချက်ချ ခေါင်းရမ်းမိကြပါတယ်။ 

ဒီစစ်အာဏာရှင်တွေဟာ  တနိုင်ငံလုံးမှာ အပစ်အခတ်ရပ်စဲဖို့ ချုပ်ဆိုထားတဲ့သူတို့ရဲ့  NCA သဘောတူညီချက်ဆိုတာကိုတောင် တကယ်တမ်းအကောင်အထည်မဖော်ဘဲ အခုတခါ EAO တွေကို ခြေတွေ၊ လက်တွေတုပ် နှောင်မယ့် ပရိယာယ်တခု ဖော်ထုတ်လာတာဟာ စဉ်းစားစရာပါပဲ။ ဒါဟာ ဟွန်ဆန်လာလို့မို့ မင်းသားခေါင်းကောက်စွပ်တယ်လို့ပြောရင်တော့ အလွယ်ပြောလွန်းရာကျပါလိမ့်မယ်။ ဒင်းတို့က ဒီပူးတွဲကြေညာချက်ဆိုတာကိုအခွင့်ကောင်းယူပြီး ဗမာပြည်ပြည်သူတွေနဲ့ EAO တွေကို အလစ်အငိုက်ယူပြီး ထိုးစစ်ဆင်တယ်လို့ပြောမှ ပိုမှန်လိမ့်မယ်ထင်ပါတယ်။ 

သမိုင်းကိုလှန်ပြောရရင် ဒီအပစ်အခတ်ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးတို့ဆိုတာတွေဟာ ဗမာပြည်က စစ်အာဏာ ရှင်အဆက်ဆက်ရဲ့ အိမ်သုံးဆေးပါ။ ၁၉၆၃ ခုနှစ် ဗိုလ်နေဝင်းကစလို့ တလျှောက်လုံးပြောခဲ့လုပ်ခဲ့တာပါ။ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြောရင် လေသံကတမျိုး၊ တိုင်းရင်းသားမဟုတ်တဲ့ တခြားအဖွဲ့အစည်းတွေနဲ့ဆိုရင် လေသံကတမျိုး၊ တကယ်ဖြစ်မြောက်လာဖို့ထက် သူတို့လိုအင်ဆန္ဒပြည့်ဖို့၊ တဘက်အင် အားစုတွေ အချင်းချင်းနားလည်မှုလွဲ၊ သွေးကွဲ စေဖို့ရည်ရွယ်တာချည့်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အောင်မြင်ခဲ့တယ်လို့လည်း ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ 

ဒီနေ့ ဗမာပြည်ပြည်တွင်းစစ်ဆိုတာ စကစစစ်တပ်နဲ့ EAO တွေအကြားတင် တိုက်နေကြတာမဟုတ်ဘူးဆိုတာ ကမ္ဘာကသိပါတယ်။ ၂၀၂၁ ခုနှစ် စကစအာဏာသိမ်းပွဲနောက်မှာ ပြည်တွင်းစစ် ပိုသဲသန်လာ၊ စကစတပ်တွေပိုသွေးပျက်လာတာဟာ EAO တွေကြောင့်ချည်း မဟုတ်ပါဘူး။ မအလတို့က ဒါကိုအသိအမှတ်ပြု ဝန်ခံတာ မလုပ်ဘဲ EAO တွေနဲ့ စစ်အာဏာသိမ်းမှုအပေါ် အောက်ခြေလူထုမှ တိုက်ရိုက်နဲ့ အပြင်းထန်ဆုံး တုန့်ပြန်ချက် အဖြစ် ၂၀၂၁ ခုနှစ်အတွင်း ပေါ်ပေါက် ကြီးထွားလာတဲ့တဲ့ လက်နက်ကိုင်အင်အားစုတွေအကြား သပ်လျှိုသွေးခွဲဖို့ခြေလှမ်းလှမ်းတာဆိုတာ အားလုံးပဲသိကြပါတယ်။ 

ဒါလောက်တောင် အပစ်အခတ်ရပ်စဲချင်နေတဲ့ စစ်အာဏာရှင်တွေဟာ တပြည်လုံးက မြို့တွေရွာတွေမှာ ပစ် ခတ်၊ သတ်ဖြတ်၊ မီးရှို့နေတဲ့ သူတို့ကြေးစားတပ်တွေရဲ့လုပ်ရပ်တွေကိုတော့ ရပ်စဲဖို့ ဘာလို့မစဉ်းစား၊ ကတိမပေးတာလဲ။ လောလောဆယ်မှာ ပြည်သူလူထုအလိုချင်ဆုံးဟာ အဲဒါပဲမဟုတ်လား။ 

ဒင်းတို့တတွေ အင်န်စီအေဆိုတာကို ကမ္ဘာသိ၊ ဗမာသိကြေညာလုပ်ကိုင်ပြီးမှ ပြည်တွင်းစစ်မီးတောက်တွေပိုပြီး ထိန်ထိန်ငြီးတောက်လောက်ခဲ့တာကို ဘယ်လိုပြောမလဲ။ အခုဗိုလ် မင်းအောင်လှိုင်တို့ရဲ့ကြေညာချက်မှာက ၂၀၂၂ ခုနှစ်အဆုံးအထိ စစ်ရပ်စဲဖို့အထိ ထပ်မံတိုးမြှင့်သွားမယ်ဆိုတာကို တွေ့ရတော့ နှစ်ပေါင်း ၇၀ ကျော်ပြည်တွင်းစစ်မီးတအုန်းအုန်းအကြားမှာ နေခဲ့ရတဲ့သူတွေကတော့ “အမလေး၊ မောင်မင်းကြီးသားများက ၁ နှစ်နီးပါး အပစ်အခတ်ရပ်တယ်ဆိုတာကြီးပြီးတော့ ပြန်တိုက်ဦးမယ့်အဓိပ္ပါယ်ပေါ့လေ” လို့ သက်မ မချနိုင်ဘဲဖြစ်ကြ ဦးမှာပါ။

 EAO တွေနဲ့ အပစ်ရပ်ထားတဲ့ကာလအတွင်း ပြည်မက ကျေးလက်တွေမှာ၊ မြို့ကြီးမြို့ငယ်တွေထဲမှာ မပစ်မခတ်တော့ပါဘူးလို့ အာမခံမလား။ EAO တွေနဲ့ဆိုင်ထားတဲ့ သူတို့ရဲ့ကြေးစားတပ်တွေကို ဆွဲထုတ်မတိုက်ဘူးလို့အာမခံမလား။ စကစဟာ EAO တွေနဲ့ တခြားပြည်မ၊ ပြည်နယ်က လက်နက်ကိုင်၊ နိုင်ငံရေးအင်အားစုတွေအကြားသပ်လျှိုဖို့ ရည်ရွယ်ထားတယ်ဆိုတာ ရှင်းနေပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေဆီကို စစ်ပြေး ပြေးနေကြတဲ့ လူမျိုးပေါင်းစုံ ကျေးလက်နေ ပြည်သူတွေကိုကိုယ့်အိမ်ကိုယ်ပြန်လာနိုင်ဖို့ မအလတို့က ဘာလို့အာမခံ စကားမပြောတာလဲ။  ဗိုလ်မအလက စီးပွားရေးပြန်လည်ကောင်းမွန်စေမယ်၊ ကိုဗစ်ရောဂါအခြေအနေ ပိုမိုကောင်းမွန်စေမယ်လို့ ဟွန်ဆန်ကို ကတိမပေးတာဟာလည်း စဉ်းစားစရာအချက်ဖြစ်ပါတယ်။ 

မစ္စတာဟွန်ဆင် ဗမာပြည်အခြေအနေမှန်ကို မသိပါဘူး။ ဘာကြောင့်လာသလဲ သူပဲသိမှာပါ။ မင်းအောင်လှိုင်က ဝမ်းသာအားရ ကော်ဇောနီခင်းကြိုပြီး မီးရှူးမီးပန်း ဖောက်ပြလိုက်တာပါ။ အမှိုက်ပုံးထဲရောက်သွားတဲ့ NCA ကို ဖုတ်ဖက်ခါပြီး တနှစ်အပစ်အခတ်ရပ်ရေးဆိုတာကို ဟွန်ဆင်ကို လက်ဆောင်ပေးလိုက်တာပါ။ 

ဒီအတောအတွင်း ကရင် ကရင်နီ ချင်း ကိုးကန့် ကချင် တနင်္သာရီ စစ်ကိုင်း မန်း မကွေးတို့မှာ စစ်ရှိန်မြှင့်နေတာ သေနတ်သံဗုံးသံ တခြိမ်းခြိမ်းပါ။ သာမန်အရပ်သား ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးလောက်တိုက်သွင်းနေတာ အနှံ့အပြားပါ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် မစ္စတာဟွန်ဆင် အိမ်ပြန် မျက်နှာကောင်းမရပါ။ အဖွဲ့ဝင်နိုင်ငံတချို့က ဘုံသဘောတူညီချက်ငါးရပ်ကို မဖော်ဆောင်နိုင်ဘဲ အာဆီယံကို ကိုယ်စားမပြုသင့်ကြောင်း၊ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုတာဟာ စစ်ကောင်စီကို ရည်ညွှန်းတာဖြစ်ကြောင်း၊ အာဏာသိမ်းတာကို အသိအမှတ်မပြုကြောင်း၊ အသိအမှတ်ပြုရာရောက်တဲ့ လုပ်ရပ်များ မလုပ်ဖို့လိုကြောင်း စသဖြင့်ထောက်ပြကြပါတယ်။ ဒီလိုနဲ့ (ဝဏ္ဏမောင်လွင် တက်ဖို့မျှော်လင့်နေတဲ့) အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးလည်း ပျက်သွားပါတယ်။

ယနေ့လို ရှုပ်ထွေးတဲ့ ကမ္ဘာ့အခြေအနေမှာ ဗမာပြည်ပြည်တွင်းစစ်ကို Sponsor လုပ်ချင်သူတွေလည်း များမှာပါ။ 
ဗမာပြည် ပြည်သူများအနေနဲ့ ကိုယ့်ခွန်ကိုယ့်အားနဲ့ တစည်းတလုံးတည်း စစ်အုပ်စုကို အမြစ်ပြုတ်အောင်တိုက်မှ အားလုံးလွတ်မြောက်ငြိမ်းချမ်းမှာပါ။

ဗိုလ်မအလတို့ဟာ ကမ္ဘာ့ဗိုလ်ပုံအလယ်မှာ ခွေးရူးမောင်းထုတ်သလို အကြဉ်ခံနေရတဲ့ဘဝမှာ ကံကောင်းထောက်မစွာရလာတဲ့ မိတ်ဆွေကိုမျက်နှာလုပ်ချင်လို့ မီးရှူးမီးပန်းတွေဖောက်ပြပေမယ့် သူတို့အားနည်းချက်၊ မရိုးသားမှုကိုသာဖော်ပြသလို ဖြစ်နေတယ်ဆိုတာကို ကမ္ဘာ့အသိုင်းအဝိုင်းကရော၊ ဗမာပြည်သားတွေကပါ အထင်းသားသိမြင့်ကြပါတယ်။ 

ရဲဘော်ဖိုးသံချောင်း

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar