Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၆ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၆ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၁

ဇန်နဝါရီ ၆ ရက် - ပွဲဆူစေတဲ့ ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဥ်


မြန်မာနိုင်ငံကို ဇန်နဝါရီ ၇ ရက်နေ့မှာ လာရောက်မယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဖြစ်သူ ဟွန်ဆန်ရဲ့ ခရီးစဥ်ကမြန်မာ့နိုင်ငံရေးနယ်ပယ်ကို ပွဲဆူစေခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဌဖြစ်တဲ့ အချိန်မှာဟွန်ဆန်က သူ့ကို နိုင်ငံရေးအာရုံစိုက်မှုလည်းရအောင် မြန်မာအာဏာသိမ်းစစ်တပ်ကို အာဆီယံအစည်းအဝေးထဲလည်း ပြန်ဖိတ်ခေါ်နိုင်အောင် တစုံတရာ အပြသဘောပဲဖြစ်ဖြစ် ရလဒ်တခုပြနိုင်ခဲ့ရင် သူ့ပုဂ္ဂိုလ်ရေး အကျိုးအမြတ်တော့ ထွက်မယ့်သဘောမျိုး မျှော်မှန်းထားပုံရပါတယ်။

အခုခါမှာတော့ သူ့ရဲ့ခရီးစဥ်မလာခင် မြန်မာနိုင်ငံထဲက နိုင်ငံရေးအင်အားစုတွေ အတော်များများက ခရီးစဥ်ကို ဆန့်ကျင်ကြောင်းထုတ်ဖေါ်ပြောနေကြပြီး နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တချို့ကလည်း ကန့်ကွက်ကြတာတွေ ရှိနေပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲကတော့ ကန့်ကွက်တဲ့ ပြောဆိုမှုမျိုးမတွေ့ရပါဘူး။ သူ့ရဲ့ ခရီးစဥ်မှာ အာဆီယံသဘောတူညီမှု မူငါးချက်ကို စစ်ကောင်စီက တကယ်အကောင်အထည်ဖေါ်ဖို့ စည်းရုံးနိုင်ပါ့မလားဆိုတဲ့ သံသယက နိုင်ငံတကာအစိုးရတွေမှာ ရှိနေကြပြီး NUG တို့ ပြည်တွင်းက တက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံမှာ အစည်းအဝေး လုံးဝမတက်နိုင်အောင် ဆက်လက်ပိတ်ဆို့ထားတဲ့ ရပ်တည်ချက်မျိုးကို သဘောကျကြတာ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ စစ်ကောင်စီတပ်တွေက ပီဒီအက်ဖ်တွေကို နှိမ်နှင်းတယ်လို့ဆိုရာမှာ အရပ်သားနဲ့ ပီဒီအက်ဖ်ခွဲခြားခြင်းမပြုပဲ သတ်ဖြတ်တာ၊ ကျေးရွာအနီးအနားမှာစစ်ကောင်စီတပ်တွေကို ချုံခိုတိုက်ခိုက်တာနဲ့ အဲဒီကျေးရွာကို မီးရှို့တာ အမျိုးသားတွေမှန်သမျှကို ပီဒီအက်ဖ်တွေ ထောက်ခံအားပေးသူတွေလို့ စွပ်စွဲပြီး သတ်ဖြတ်တာ ညှင်းဆဲတာတွေဟာ မြန်မာ့နိုင်ငံရဲ့ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ခရီးစဥ်ကိစ္စအပြင် ဒီနေ့သတင်းတွေထဲက အခြားထူးခြားတဲ့ အဖြစ်အပျက်တွေကတော့ စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်ထဲက ကျေးရွာတရွာမှာ စစ်ကောင်စီ ရဟတ်ယာဥ်နဲ့ တိုက်ခိုက်မှုမှာ အရပ်သား ၅ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်း၊ စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ သတင်သမားတဦးကို ပြီးခဲ့လအနည်းငယ်က ဖမ်းဆီးပြီးနောက် ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်ချခံရတဲ့ သတင်း၊ ထားဝယ်မြို့မှာလည်း သပိတ်ခေါင်းဆောင်တဦးကို ထောင်ဒဏ် ၁၉နှစ်ချမှတ်ခဲ့တဲ့ သတင်း၊ ရန်ကုန်မြို့ ရွှေပေါက္ကံမြို့သစ်က အားကစားကွင်းထဲ နေရာယူစခန်းချထားတဲ့ စစ်ကောင်စီတပ်တွေကို မြို့ပြပျောက်ကျားအဖွဲ့တဖွဲ့က ဗုံးသီးနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ်ထဲက အိမ်ခြေ ၇၀ လောက်သာရှိတဲ့ ဂဲဟယ်ရွာကို ဇန်နဝါရီလ ၄ ရက်နေ့က စစ်ကောင်စီ ရဟတ်ယာဥ်တွေက လက်နက်နဲ့ ပစ်ခတ်သလို ဗုံးကြဲချတာကြောင့် နေအိမ်အချို့ ထိမှန်တဲ့အထဲ မောင်နှမဖြစ်သူ ၄ ဦးသေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေက RFA သတင်းဌာနကိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အခုလိုလူနေကျေးရွာတွေကို PDF လို့သံသယနဲ့ အရပ်သားနဲ့ လက်နက်ကိုင် ခွဲခြားခြင်းမရှိပဲ ပစ်ခတ်တိုက်ခိုက်နေတဲ့ ဖြစ်ရပ်တွေက သီတင်းပတ်တိုင်း တခါတရံ နေ့ရက်တိုင်းလို ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

နောက်သတင်းတပုဒ်မှာတော့ ပြီးခဲ့တဲ့လတွေက ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲက တဦးဖြစ်သူ ရွှေဘိုထောင်မှာ ထိန်းသိမ်းစွဲဆိုခံနေရသူ ဇေယျာတိုင်းမ် သတင်းဌာနရဲ့ အက်ဒမင်ဟောင်း ကိုပြည့်ဖြိုးအောင်ကို ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်ချခဲ့တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ အဖမ်းခံရစဥ်အချိန်မှာ ကိုပြည့်ဖြိုးအောင်ဟာ ဇေယျာတိုင်းမ်မှာ မလုပ်တော့ပဲ VOM သတင်းဌာနမှာ သတင်းထောက်အဖြစ် လုပ်ကိုင်နေပြီဖြစ်ပေမယ့်လည်း စစ်ကောင်စီက ဖမ်းဆီးပြီး ဇေယျာတိုင်းမ် သတင်းဌာနက သတင်းသမားအနေနဲ့ ပြစ်ဒဏ်ချခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာ အမိန့်ချမှတ်ခံရတဲ့ တက်ကြွလှုပ်ရှားသူတဦးကတော့ ထားဝယ်မြို့က သပိတ်ခေါင်းဆောင် ကိုထွန်းဦးဖြစ်ပါတယ်၊ လူသတ်မှု၊ ၅၀၅ (ဂ) နဲ့အခြားပုဒ်မ ၂ ခုစုစုပေါင်းပုဒ်မ ၄ ခုကို ထောင်ဒဏ် ၁၉ နှစ်ချခဲ့တာ ဖြစ်တယ်လို့သတင်းဖေါ်ပြမှုတွေ အရသိရပါတယ်။ ဒီနေ့အဖို့ နောက်ဆုံးသတင်းကတော့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်က္ကံမြို့သစ်က အားကစားရုံထဲ စခန်းချထားတဲ့ စစ်ကောင်စီတပ်တွေကို မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်တချို့က ခွင်းဗုံးလို့ခေါ်တဲ့ လက်နက်နဲ့ ပြစ်ခတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ဝန်းကျင်မှာ ရန်ကုန်ပျောက်ကျားအဖွဲ့တွေနဲ့ လက်နက်တွေ အများအပြားဖမ်းဆီးခံခဲ့ရပြီးနောက် ရန်ကုန်မြို့မှာ ပစ်ခတ်မှုတွေလျော့ကျလာတာတွေ့ရပါတယ်။ သို့ပေမယ့် လုံးဝငြိမ်သက်သွားတဲ့အနေအထားတော့မဟုတ်ပဲ နှစ်သစ်ကူး ၃၁ ရက်နေ့ညမှာ မြောက်ဥက္ကလာရဲစခန်း၊ ဘုရင့်နောင်စစ်ကြောရးစခန်းတို့ကို ပစ်ခတ်တာတွေ ရှိခဲ့သလို အခုရွှေပေါက်က္ကံမြို့သစ်မှာ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဗုံးကွဲမှုတွေကတော့ နေ့စဥ်နီးပါးလောက် ရန်ကုန်မြို့ရဲ့ တနေရာမဟုတ် တနေရာမှာ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar