Breaking News

သားဦး - အမေကမြွေဝင်စား


အမေကမြွေဝင်စား
သားဦး
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၂၂

သေချာတယ် အမေကမြွေဝင်စား
ဒုက္ခကို ပါးပါးလှီးပြီးမြည်းနေတာမြင်ရတော့
ပိုသေချာသွားတယ်
အမေဟာ တကယ့်မြွေဝင်စား
ငါ လူလိုပြောနေတာနော်လို့
အမေကြိမ်းတုန်းက မယုံခဲ့ဘူး
အမေဟာ လူစကားအပြင်
တခြားဘာသာစကားတွေ ဘုံအဆင့်ဆင့်တတ်တယ်ဆိုတာကို
မသိတတ်ခဲ့ဘူး
တကယ်ပဲ
အမေဟာ မြွေဝင်စားပါ
ဟိုတုန်းကတော့ အမေလို့ ခေါ်ရင် ဆင်ဆာညိတာပဲ
အမေရေလို့ အကျယ်ကြီးအော်ခေါ်ရင်
အထူးဖြုတ်ပေါ့
မင်နီပေါ့
ကြက်ခြေပေါ့
ဒါ့ကြောင့်အမေဟာ မြွေဝင်စားဖြစ်ခဲ့တာနေမှာ
အဲဒီအခါတုန်းက အံကြိတ်လို့မရ
တိမ်တွေစုဖွဲ့လို့မရ
သွားတွေတကျိကျိလုပ်လို့မရ
အကုန်ဆင်ဆာပဲတဲ့
တကယ်တော့ အမေဟာမြွေဝင်စား
ကျနော်တို့ လက်ရှောင်တဲ့အက္ခရာ ။ ။ 
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar