Breaking News

ဆာသော်ဒိုး - မခက်သောဆရာ (သို့မဟုတ်) အဝကျွန်းချစ်မောင်

Photo - Crd

ခက်သောဆရာ (သို့မဟုတ်) အဝကျွန်းချစ်မောင်
ဆာသော်ဒိုး
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၂၂

( က )

ကျနော့်မိုဘိုင်းလ်ဖုန်း ထမြည်လာ၏။
"ဟုတ်ကဲ့ . . . အမိန့်ရှိပါ ခင်ဗျာ"
"အေး . . . ငါ " ချစ်မောင် " ပါကွ"
"ဟုတ်ကဲ့ဆရာ . . . "
"အေး . . . ငါ မင်းကို ဆောင်းပါးသရုပ်ဖော်ပုံ အပ်မလို့ကွ"
"ဟုတ်ကဲ့ပါဆရာ။ ကျနော်ရေးပေးပါမယ်"

( ခ )

ဟိုတချိန် ငယ်နုစဉ်က ကျနော်တို့ သရေခေတ္တရာ ပြည်မြို့မှာ ကြီးပြင်းခဲ့ပြီး "စာစိတ်ဝင်" ချိန်မှာ လစဉ်ထုတ်မဂ္ဂဇင်းတွေကို မက်မက်စက်စက်စောင့်မျှော်ဖတ်ရှုခဲ့ကြပါလေ၏။
ထိုအထဲမှာ "ရုပ်ရှင်တေးကဗျာ" လည်း ထိပ်ဆုံးမှ ပါပါလေ၏။

"စာအုပ်အငှားဆိုင်ယဉ်ကျေးမှု" အထွန်းကားဆုံးကာလကို ကြုံ ကြိုက်စီးမျောဖြတ်သန်းခဲ့ကြရစဉ် လကုန်လို့ လဆန်းရက်ရောက်ပြီဆိုတာနှင့် သူ့ထက်ငါ ဦးအောင် အငှားဆိုင်မှာ ကိုယ်ဖတ်ချင်သည့်မဂ္ဂဇင်းကို "မှာထား" ကြရပါလေ၏။ ကျနော်မှာထားလေ့ရှိသည့်မဂ္ဂဇင်းအချို့ထဲ မှာ "ရုပ်ရှင်တေးကဗျာ" လည်း ပါပါလေ၏။

"ရုပ်ရှင်" ရယ် "ဂီတ" ရယ် "စာပေ" ရယ်ကို သမမျှတအောင် စီမံပေါင်းစပ်ကာ " ရုပ်ရှင်တေးကဗျာ" ကိုဦးဆောင်ပြီး ဖန်တီးနေလေသည့် ဂိုဏ်းချုပ်၏အမည်ကို "အဝကျွန်းချစ်မောင်" ဟု မြင်ရပါလေ၏။

မြန်မာနိုင်ငံမှာ "ချစ်မောင်တွေ" အတော်များများ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့လေရာ သူ့နေရာနှင့်သူ သူဌာနနှင့်သူ သူ့နယ်ပယ်နှင့် သူ သူ့ပညာနှင့်သူဆိုသလို ထွန်းလင်းတောက်ပခဲ့ကြတာ တွေ့ရပါလေ၏။

"ဂျာနယ်ကျော်ဦးချစ်မောင်၊ ၀ိဒူရသခင်ချစ်မောင်၊ ရုပ်ရှင်နယ်က ကျနော်ချစ်မောင် မှ သည် ရုပ်ရှင်တေးကဗျာ ပဲ့ကိုင်ရှင် "အဝကျွန်းချစ်မောင်" အထိ နိုင်ငံကျော်ပုဂ္ဂိုလ်များအဖြစ် ကျနော်တို့ မြင်ခဲ့ကြရပါ၏။

သူပဲ့ကိုင်သည့် "ရုပ်ရှင်တေးကဗျာ" ကိုကျနော်တို့ နှစ်သက်စွာဖတ်ရှုခဲ့ကြပါ၏။ သူ့မှာ ကဗျာတွေ မိုက်၏။ သံဘရပ်ရှ်နှင့် တိုက်သည့် အပြင်းစား စာပေဝေဖန်ရေးဆောင်းပါးတွေကို ခိုက်၏။ ဝတ္ထုတိုတွေကြိုက်၏။ ပေါ့ပ်ကဏ္ဍပါ ဂီတ ရုပ်ရှင်အနုပညာရှင်တွေ၏ လတ်တလော ဂယက်တွေကို လူစိတ်ဝင်စားအောင် "ဆွ" ပေးတတ်တာကို လူတွေ စိတ်ဝင်စားကြ၏။

နယ်မှာကြီးပြင်းခဲ့ကြသည့် စာရူးပေရူးကျနော်တို့ " ရုပ်ရှင်တေးကဗျာ " ကို လစဉ်ရင်ခုန်စွာ စောင့်၍ မျှော်၍ အားပေးခဲ့ပါ၏။
ကဗျာတွေ ပို့ခဲ့ကြ၏။ ဝတ္ထုတိုတွေ ပို့ခဲ့ကြ၏။ ခပ်စပ်စပ်ဆောင်းပါးတွေ ပို့ခဲ့ကြပါ၏။

"ဆရာအဝကျွန်းချစ်မောင်" ကား "အဖော်အစပ်" ကောင်းလှပါပေ၏။ တပတ်တခါထုတ် ဂျာနယ်များကိုယှဉ်ပြိုင်ကာ သတင်းထူး သတင်းဦးများကို သူ၏ လစဉ်ထုတ်မဂ္ဂဇင်းမှာ သူများတွေထက်စောစွာ ဖော်ပြနိုင်သူ ဖြစ်ပါလေ၏။ မကြာမကြာလည်း " စာပေကင်ပေတိုင်ရုံး" မှာ "ဖြေရှင်းချက်" တွေပေးရနေကျ လက်မှတ်တွေ သွားသွားထိုးရနေကျ ဖြစ်ပါလေ၏။

"ရုပ်ရှင်တေးကဗျာ" ကို ၀ိုင်းကြ ဝန်းကြသူကဗျာဆရာ၊ ဝတ္ထုဆရာ၊ အက်ဆေးဆရာတွေကလည်း စာပေနယ်မှာ သြဇာကြီးမားသူတွေဖြစ်ပေရာ "ရုပ်ရှင်တေးကဗျာကလပ်" အသင်းကား စာပေကွင်းထဲမှာ ရာသီမရွေးအမြဲတမ်း ခြေစွမ်းပြနိုင်နေတာပေါ့ ခင်ဗျာ။ 

( ဂ )

၁၉၉၅ မှာ ကျနော်တို့ Living Color မဂ္ဂဇင်းကိုဖန်တီးခဲ့ကြပြီး ၃ နှစ်ခန့်အကြာမှာ ဆရာလင်းဝေမြို င် ရောက်ရှိလာပါ၏။ ဆရာလင်းကား "ရုပ်ရှင်တေးကဗျာကလပ်" အသင်းမှ အနားယူ၍ ခေတ္တအပမ်းဖြေနေစဉ် Living Color စီစဉ်သူများက ဆွဲခေါ်ခဲ့တာဖြစ်ပါ၏။

ဆရာလင်းက တာဝန်ခံအယ်ဒီတာ၊ ကျနော်က Art Director ဖြစ်ရာ လစဉ် ဖောင်ပိတ်ရက်ညတွေမှာ အယ်ဒီတာနှင့် အတ်ဒါရိုက်တာတို့ မဂ္ဂဇင်းကို အပူတပြင်း အတူတကွဖန်တီးကြရတာပေါ့။ ထိုစဉ်က ဆရာလင်းနှင့် ကျနော် စာပေလောကအကြောင်းတွေအများကြီးကို ပြောဖြစ်ခဲ့ကြပါလေ၏။

ဆရာလင်းထံမှနေ၍ ရုပ်ရှင်တေးကဗျာဆရာအဝကျွန်းချစ်မောင်နှင့်ပတ်သက်ပြီး ရင်ထိတ်ဖွယ်ရာ၊ အံ့သြဖွယ်ရာ၊ နည်းယူဖွယ်ရာ၊ ရယ်ရွှင်ဖွယ်ရာ များစွာ များစွာ များစွာကို ကြားနာခဲ့ရပါပေ၏ ခင်ဗျာ။ ဆရာလင်းက ပြောတတ်ပါလေ၏။

" " အဝကျွန်း " ဆိုတာ မြန်မာပြည်ရဲ့ ဘယ်အနားမှာ ရှိတာလဲ သိလား . . . . . . . . . "

" "ရိုဟင်ဂျာ" ဆိုတာ ဆာသော်ဒိုး သိလား "

"  -  -  -  -  -  -  -  -  -  -  -  -  -  -  -  "

( ဃ )

ဆရာအဝကျွန်းချစ်မောင်နှင့် တရင်းတနှီးဖြစ်ခဲ့တာကတော့ ၂၀၀၄ ခုနှစ်မှာ ဖြစ်သည်။ မနက်တိုင်း နေ့စဉ်မပြတ် ရန်ကုန်တက္ကသိုလ် သထုံလမ်းက တက္ကသိုလ်ဘောလုံးကွင်းမှာ ဖြစ်၏။

ထိုနှစ်က ဘောလုံး လုံးဝမကန်တတ်သည့်အစ်ကိုမြတ်ခိုင်၏ ဦးဆောင်လမ်းကြောင်းမှုအောက်မှာ အညောင်းမိနေကြသည့် ကျနော်တို့ စာနယ်ဇင်းသမားတွေ ဘောလုံးပြန်ကန်ဖြစ်ကြပါ၏။ နဂို ငယ်နုစဉ်ဘဝက ဘောလုံးကစားခဲ့ကြသည့် စာပေလောကသားတို့မှာ အရွယ်လွန်မှ ဘောလုံးကွင်းထဲသို့ တဖန်ပြန်လည်၍ ရောက်ရှိခဲ့ကြပါလေတော့၏။

" စာနယ်ဇင်းလက်ရွေးစဉ်ဘောလုံးအသင်း " ပေါ်ထွန်းလာကာ နေ့စဉ် မနက်တိုင်း သထုံလမ်း တက္ကသိုလ်အရန်တပ်ရင်းရှေ့ရှိ တက္ကသိုလ်ဘောလုံးကွင်းမှာ ထရိန်နင် ဆင်းခဲ့ကြရပါလေ၏။ ထိုနှစ်က ဆာသော်ဒိုးမှာ အသက် ၄၀ ပြည့်၍ သာသနာ့ဘောင်သို့ဝင်ကာ ပြန်ထွက်လာကာစ ဖြစ်၏။

စာနယ်ဇင်းလက်ရွေးစဉ်အသင်းမှာ စာနယ်ဇင်းလောကမှ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေ၊ ဒီဇိုင်းဆရာတွေ၊ အယ်ဒီတာတွေ . . . . စသည်ဖြင့် ပါဝင်လေရာ လူစုံတက်စုံ ဖြစ်ပါ၏။ ကျနော်တို့အသင်းမှာ လူစုံသလို အရွယ်ကလည်း စုံလှပါပေ၏။

ကျနော်နှင့် ပဥ္စမံဒီရိုင်းက ဂိုးကီပါများ ဖြစ်ပါ၏။ တိုက်စစ်မှူးများမှာ နွယ်ဦးလှိုင်၊ ကျော်ဦး၊ ဥတ္တရာအောင်၊ သစ္စာပိုင်စိုး၊ မြင့်သူရ၊ အောင်စိုးသူ၊ သျှီသူအောင်၊ မျိုးမြင့်ဝင်း၊ အောင်မျိုးသန့်၊ ဝင်းအောင်၊ အောင်ကျော်ဦး၊ မာဂျေ ၊ ဉာဏ်လင်းအောင်၊ ညိုသစ်ငယ်၊  မောင်နွယ်အောင်(ဒဂုံဆောင်) ဇေယျာမြတ်ခိုင်၊ ဦးသန့်၊ လွမ်းဝေနိုင်၊ မျိုးကိုမျိုး၊ သော်မိုးခန့် . . . . . . . . . . စသူတို့ ဖြစ်ကြပါ၏။ အရန်လူများမှာ ပိန်ပိန်၊ အောင်ကျည်စိုးမြင့် . . . . . . . . . . . . . . တို့ ဖြစ်ပါ၏။

အသက်အရွယ်အားဖြင့် အကြီးဆုံးပုဂ္ဂိုလ်ကား "ဆရာအဝကျွန်းချစ်မောင်" ပါ ခင်ဗျ။ အဲသည် အချိန်က ဆရာ့အသက် " ၆၅ " နှစ်လောက်ရှိပြီ ဖြစ်ပါ၏

မနက်တိုင်း ထရိန်နင်ဆင်းချိန်တွင် ဆရာအဝကျွန်းချစ်မောင်၏ "ကစ်များ" အား အသည်းအသံကို ကာကွယ်ရပါလေ၏။ ဒီအရွယ်အထိ ဆရာကား ကောင်း ကောင်း ကန်နိုင်ဆဲဖြစ်ပါ၏။

ကျနော်တို့အသင်းကို လုပ်ငန်းရှင်များက အင်္ကျ ီဘောင်းဘီ ခြေအိတ် ဘိနပ် လက်အိတ်ကအစစပွန်စာပေးခဲ့ကြပါ၏။ ချိန်းပွဲများစွာလည်း ကန်ဖြစ်ခဲ့ပါ၏။ တက္ကသိုလ်ကွင်းမှာ ရာဇာနေဝင်းတို့၏ ရုပ်ရှင်အသင်းနှင့်၊ ပဒုမ္မာကွင်းမှာ ဂီတလက်ရွေးစဉ်အသင်းနှင့်၊ M3 ကွင်းမှာ Eleven လက်ရွေးစဉ်အသင်းနှင့်၊ အောင်ဆန်းကွင်းမှာ မြန်မာ့လက်ရွေးစဉ်ဟောင်းများအသင်းတို့နှင့် ဖြစ်ပါလေ၏။

ကျနော်တို့ စာနယ်ဇင်းလက်ရွေးစဉ်အသင်း၏နည်းပြချု ပ်ကား မြန်မာ့လက်ရွေးစဉ်ကစားသမား အောင်ထွန်းထွန်း ဖြစ်ပါ၏။ ဆရာအဝကျွန်းချစ်မောင်ကား အမြဲတမ်း တပိုင်းအပြည့်တော့ အားနှင့်မာန်နှင့် ကစားပေးနိုင်ပါလေ၏။ ဆရာ့ကိုကြည့်ကာ ကျနော်တို့ အားကျခဲ့ကြရပါ၏။

( င )

နောက်ပိုင်းနှစ်တွေမှာ ဆရာ ဘန်ကောက်သို့မကြာမကြာ ဆေးသွားသွားကုရတာ ကြားရပါလေ၏။ တခါတခါ ဆရာနှင့်ဆုံလျှင် ရောဂါဖိစီးမှုကြောင့် ဝေဒနာ အတော်ခံစားနေရပုံပေါ်နေသော်လည်း အနော်ရထာလမ်းပေါ်မှာ ပုံမှန်အတိုင်း သွက်သွက်သွားလာကာ အလုပ်တွေကို မနားတမ်းလုပ်နေတာ မြင်ရပါလေ၏။

တခါတခါ ဖြတ်သွားဖြတ်လာ ကြုံတာနှင့် တွေ့တာနှင့် အလုပ်များပြီး အချိန်ရှားသူတို့၏ထုံးစံအတိုင်း ကမန်းကတန်း မြန်မြန် မြန်မြန်သုတ်သုတ် သွက်သွက် ပုံစံဖြင့် ပြောတတ်ပါလေ၏။

"လာကွာ . . . လက်ဖက်ရည်သောက်မယ်။ ဘာစားမလဲ၊ ကြိုက်တာတခုခုစားကွာ။ မင်းကို သရုပ်ဖော်ပုံ အပ်ချင်တယ်ကွာ "

"ဆရာ့ဂျာနယ်မှာ အပတ်စဉ် "ပင်တိုင်" ရေးပေးနေတဲ့ ကာတွန်းဆရာ ရှိနေတာပဲဟာကို"

"ငါ့ဂျာနယ်မှာ ဆောင်းပါး များတယ်ကွ။ ဆယ်ပုဒ်အထက်မှာ ရှိတယ်။ သရုပ်ဖော်ပုံသုံးတာ၇ ပုဒ်လောက် ရှိတယ် "

" ပင်တိုင်သမားကိုပဲ ဆွဲခိုင်းပါ ဆရာရယ် "

"မင်းသရုပ်ဖော်လက်ရာနဲ့ တပုဒ်လောက်တော့ ပါရင်ကောင်းမယ်လို့ အကြံပေးကြလို့ ဟ။ မင်း တပတ်ကို တပုံတော့ ဆွဲပေး"

"ကောင်းပါပြီ ဆရာ"

ကြားထဲမှာ နှစ်လကျော် သုံးလခန့် ဆရာနှင့် မဆုံ။ အဆက်အသွယ် ပြတ်သွား၏။

( စ )

တရက် နေ့လယ် ၂ နာရီထိုးပြီးကာစအချိန်။
ကျနော့်မိုဘိုင်းလ်ဖုန်းက ထ၍ မြည်လာ၏။

"ဟုတ်ကဲ့ . . . အမိန့်ရှိပါ ခင်ဗျာ"

"အေး . . . ငါ ချစ်မောင်ပါကွ၊ မင်း မှတ်မထားဘူးလားကွာ "

" မှတ်ထားပါတယ် ဆရာရဲ့ . . . "

" အေးကွာ . . . " အမိန့်ရှိပါ " ဆိုလို့ "

"အကျင့်ပါနေလို့ပါဆရာ၊ ဘယ်သူ့ဆီက လာလာ . . . ဒီလိုပဲ ပြောနေကျမို့ပါ "

"အေး . . . ငါ မင်းကို ဆောင်းပါးသရုပ်ဖော်ပုံ အပ်မလို့ကွ "

"ဟုတ်ကဲ့ပါဆရာ။ ကျနော်ရေးပေးပါမယ်"

" " သရဝဏ် ( ပြည် ) ဆောင်းပါး " ကွ "

"ဆရာ ကျနော့်ဆီ အီးမေးလ်ပို့လိုက်လေ"

"အဲ . . . ငါ့တိုက်က အယ်ဒီတာလေး သူပို့ပေးလိမ့်မယ်။ မင်း ဖတ်ပြီးတာနဲ့ ချက်ချင်းဖျက်လိုက်ဟေ့ "

" ဘာဖြစ်လို့လဲ ဆရာရဲ့ ? "

" ဂျာနယ်မထွက်ခင် အခြားသူတွေ မသိစေ မမြင်စေချင်လို့ကွ "

ဆရာကား နောက်ပိုင်း စာမူဖတ်ဖို့ လှမ်းလှမ်းပို့တိုင်း အဲသည်လိုပဲ ပြောမြဲပါ ခင်ဗျ။  " ပေါက် " မည့်ဆောင်းပါး လူပြောများမည့် ဆောင်းပါးတွေတိုင်းကို မထွက်ခင် ဘယ်သူ့ကိုမှ မသိ မမြင် မတွေ့စေချင်သူပါ။

"ဆောင်းပါး အီးမေးလ်ရောက်ပါပြီ ဆရာ။ ပုံကို ဘယ်နေ့ ပေးရမလဲ ? "

"ဟာကွာ . . . လုပ်ပြီ၊ ညနေ ၃ နာရီခွဲ ပို့ပေးပါကွ။ ဒီမှာ ဒီဇိုင်းထိုင်နေကြတာ"

"ဟာ . . . ဆရာကလည်း ကျနော်က မနက်ဖြန်လောက်မှ ပေးရမယ် ထင်တာ"

"အေး . . . အခုချက်ချင်း သရဝဏ့်စာမူကိုဖတ်၊ ပြီးတာနဲ့ အီးမေးလ်ကို ဖျက်၊ ပြီးတာ နဲ့ သရုပ်ဖော်ပုံ ရေး၊ ပြီးတာနဲ့ ငါ့အယ်ဒီတာရဲ့ အီးမေးလ်ဆီ လှမ်းပို့ပေးလိုက်ဟေ့ "

နောက်အပတ်တွေ အပတ်တွေတိုင်းလည်း အဲသည်လိုပါပဲ၊ ၂ နာရီမှာ ပုံလှမ်းအပ်၊ ၄ နာရီနောက်ဆုံးထားပြီး ပုံပြန်ပို့ပေးရပါ၏။
ကျနော်က ဒီဘက်မှာ 7 Day News Daily  သတင်းစာအတွက် သရုပ်ဖော်ပုံတွေ တနေ့ ၂ ပုံလောက် နေ့စဉ် ရေးပေးနေရတာဆရာလည်း သိပါတယ်။

မိခင်တပ်ရင်း 7 Day Daily က သရုပ်ဖော်ပုံရေးဖို့စာမူတွေကို နေ့စဉ်နေ့တိုင်း ညနေ ၅ နာရီလောက်မှာ ကျနော့်ဆီ အီးမေးလ်ပို့ပို့ပေးပြီး သရုပ်ဖော်ပုံတွေကို ည ၇ နာရီလောက် နောက်ဆုံးထားပြီး ပြန်ပြန်ပို့ပေးရပါတယ် ခင်ဗျ။ အခုတော့ ဆရာအဝကျွန်းရဲ့ News Watch ဂျာနယ်အတွက်လည်း ဒီလိုပါပဲ။ သရုပ်ဖော်ပုံတပုံ တွေးဖို့ ရေးဖို့ အချိန် ၁ နာရီလောက်ပဲ ရပါတယ်ခင်ဗျ။
ဆရာတို့ကျေးဇူးကြောင့် ကန့်သတ်မှုရှိတဲ့အချိန်တိုတိုအတွင်း ကိုယ့်ရဲ့ အတွေးစွမ်းအား အရေးစွမ်းအားကို အကောင်းဆုံးညှစ်ထုတ်ဖန်တီးနိုင်တဲ့ အကျင့် ကောင်းကို ရရှိခဲ့ကြောင်းပါ ခင်ဗျ။

( ဆ )

" အေး . . . သရုပ်ဖော်ပုံ ရောက်ပြီဟေ့။ ကြိုက်တယ်ကွ။ အဲ . . . . မင်းကို စာမူခဘယ်လောက်ပေးရမှာလဲ ? "

"7 Day ကလိုပဲ ပေးပါဆရာ။ ပိုမပေးပါနဲ့"

" 7 Day က ဘယ်လိုပေးတာလဲ "

" "  -  -  - -  -  " ပါ ဆရာ။ ဒါကလည်း ကျနော်ယူတဲ့ လက်ရှိ နှုန်းထားပါ ဆရာ "

" ဟာကွာ . . . များတယ်။ သူများကိုအပ်ရင်၅ ပုံတောင် ရတာကွ "

" ဒါက ကျနော့်ကိုယ်ကျနော် သတ်မှတ်ထားတဲ့ နှုန်းပါဆရာ "

" များ တ ယ် ကွာ "

ဆရာ့ကို ကျနော် ခပ်တည်တည်ဖြင့် အမြဲတမ်း စချင်၏။ နောက်ချင်၏။ သူ၏ မရယ်မပြုံး မှုန်တေတေမျက်နှာကြီးကို စိတ်ကူးထဲမှ လှမ်းမြင်နေပြီး ရယ်မောချင်လာ၏။

" ဒါဆိုလည်း ဆရာ့ကို ကျနော် မေတ္တာလက်ဆောင်အဖြစ် ရေးပေးပါ့မယ် ဆရာ"

" ဟာကွာ . . ဒီလိုတော့ ဘယ်ဟုတ်မလဲ"

သည်လိုနှင့် ဆရာအဝကျွန်းချစ်မောင် ဦးစီးဖန်တီးသည့် "စောင့်ကြည့်" ဂျာနယ်မှာ အပတ်စဉ် လအတော်ကြာကြာ သရုပ်ဖော်ပုံများစွာကို ရေးပေးခဲ့ရပါလေ၏။ တလလောက်မှာမှ တခါဆိုသလို ပန်းဆိုးတန်းဘက်ရောက်တဲ့အခါ ဆရာတို့၏ ဘူမိနက်သန် ဗြိတိသျှခေတ်ရှေးဟောင်းအဆောက်အအုံကြီး၏ ပထမထပ်ကိုတက်ကာ ဉာဏ်ပူဇော်ခတွေ ထုတ်ဖြစ်ပါလေ၏။

"မင်းကွာ စာမူခတွေလာမထုတ်ဘူး။ ငါ့မှာ ထိန်းသိမ်းထားရတာ မလွယ်ဘူးကွ။ အေး. . . ဒါနဲ့ ဘယ်နှစ်ပုံတောင်ရှိသွားပြီလဲဟ"

" ၄ ပုံပါ ဆရာ "

" စာမူခတွေ ဘယ်လောက်တောင် ပေးရမှာလဲကွာ "

" တစ်သိန်း ပေါ့ ဆရာ . . ဟဲ ဟဲ ဟဲ ဟဲ "

"ဟာကွာ . . . လုပ်ပြန်ပြီ ဟေ့ကောင်၊ ငါဘယ်လောက်ပေးရမှာလဲ ဟ "

" ဆရာ ကြိုက်သလောက်သာပေး၊ နည်းတော့မနည်းစေနဲ့ဆရာ . . . . ဟားဟား ဟားဟား ဟားဟား . . . . . . "

ပေးပါ၏။ မနည်းစေရပါဘူး။ ဆရာအဝကျွန်းချစ်မောင်က အဲသလို။ နောက်ပိုင်းကျတော့ ဆောင်းပါးသရုပ်ဖော်ပုံသာမက "ဆာသော်ဒိုး " ၏ သရော်စာပါ မကြာမကြာရေးပေးပါလို့ တောင်းပါ၏။ ကျနော့်စာမူကို ကျနော့်ကိုပဲ သရုပ်ဖော်ပုံရေးခိုင်းပါ၏။ နှစ်မျိုးပေါင်းစာမူခကိုလည်း တူတူတန်တန် ပေးပါ၏။

ဆရာကား နှုတ်ကသာ အမြဲတမ်း "ဆစ်" တတ်ပြီး လက်တွေ့တွင်တော့ "လက်မခက်" ဘဲ ထိုက်ထိုက်တန်တန် ပေးတတ်လေသူ ချီးမြှင့်တတ်လေသူ ဖြစ်ပါလေ၏။ 

( ဇ )

ဆရာအစ်ကိုမင်းလူ ပြောသလို စာပေသမားတွေ ကွယ်လွန်အနိစ္စရောက်လျှင် အခြား ဘယ်ဘုံသို့မှမရောက်ဘဲ နတ်ပြည်သို့လားကာ " နတ်သားတွေ " တန်းဖြစ်ကြပါသတဲ့ ခင်ဗျ။

စာကောင်းပေမွန်တွေနဲ့ ပြည်သူလူထုအကျိုး နိုင်ငံရဲ့အကျိုးကို ရှေ့ရှု လမ်းပြနေကြသူတွေဖြစ်လို့ နတ်သားတွေဖြစ်ကာ " ဒေဝတာမြို့တော်" မှာ အစဉ်ထာ
ဝရ စံစားနေထိုင်ကြရပါသတဲ့။

ကျနော်ချစ်သောဆရာ၊ ကျနော်အမြဲတမ်းခပ်တည်တည်ဖြင့်နောက်တိုင်း စိတ်ဆိုးလေ့မရှိသောဆရာ၊ အောင် မြင်သောမဂ္ဂဇင်းနှင့် အောင်မြင်သောဂျာနယ်ကို ဦးစီးပဲ့ကိုင်ခဲ့သောဆရာ၊ နှုတ်ကခက်ပြီး လက်ကလွယ်သောဆရာ . . အခုအချိန်ဆိုရင် "ဒေဝတာမြို့တော်" မှာ အေးချမ်းစွာဖြင့် အရင်ရောက်နှင့်နေသော စာပေလောကဖွား နတ်သားများနှင့်အတူ ငြိမ်းချမ်းစွာ ရှိနေမှာပါ ခင်ဗျာ ။            ။

                လေးစားချစ်ခင်မှုဖြင့်

                 ဆာသော်ဒိုး
      6 - 1 - 2022 ( Thurs )
                      6 : 45 PM
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar