Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၅ ရက်မြောက်နေ့မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၂

ဇန်နဝါရီ ၂၅ ရက်
လျှပ်စစ်မီတာခ ပြဿနာ၊ သဘာဝဓါတ်ငွေ့နဲ့ တနှစ်ပြည့်တော့မယ့် စစ်အာဏာသိမ်းမှု


မန္တလေးမြို့မှာ လျှပ်စစ်မီတာခဆောင်ဖို့ နံနက် ၄နာရီကတည်းက လျှပ်စစ်ရုံးတွေမှာ တန်းစီနေကြရတဲ့ သတင်းတွေ ဖေါ်ပြထားသလို မဆောင်ရသေးတဲ့ နေအိမ်တွေကို လျှပ်စစ်မီး လိုက်ဖြတ်တာ တချို့နေရာမှာ မီတာပုံးပါ ဖြုတ်သိမ်းသွားတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရှုနေရပါတယ်။
ရန်ကုန်မြို့မှာလည်း အလားတူ လျှပ်စစ်မီတာခ မဆောင်တဲ့ အိမ်တွေကို လျှပ်စစ်ဖြတ်တောက်တာတွေ လုပ်နေတာ ဖြစ်ပါတယ်။

မနေ့က လက်ဖက်ရည်ဆိုင်တဆိုင်မှာ အသက် ၆၀ ကျော် အမျိုးသမီးကြီးက လက်ဖက်ရည်သောက်ရင်း တစုံတယောက်ကို စောင့်ဆိုင်းနေပါတယ်။ ခဏအကြာမှာ ကျောပိုးအိတ်လွယ်ထားတဲ့ လူငယ်တဦးဝင်လာပြီး အဆိုပါ အမျိုးသမီးကြီးထိုင်နေတဲ့ ခုံမှာ ဝင်ထိုင်လိုက်ပြီး သူ့ကျောပိုးအိတ်ထဲက ၅ စောင် ၆ စောင်လောက်ရှိမယ့် စာရွက်တွေထုတ်ပြီး ပေးလိုက်ကာ ရှင်းပြနေပါတယ်။ လှမ်းအကဲခတ်ကြည့်လိုက်တဲ့အခါ လျှပ်စစ်မီတာတောင်းခံလွှာ တွေဖြစ်နေတာဖြစ်ပါတယ်။ လူငယ်ဖြစ်သူက လျှပ်စစ်မီတာပေးဆောင်တဲ့ ဝန်ဆောင်မှုကို လုပ်နေသူလား အသိမိတ်ဆွေထဲက ကူညီလုပ်ကိုင်ပေးသူလား တိတိကျကျ မပြောနိုင်ပေမယ့် လအတန်ကြာ လျှပ်စစ်မီတာခမဆောင်ထားရာက အခုတလော လျှပ်စစ်မီတာ ဖြတ်တောက်မှုတွေကြောင့် ပေးဆောင်ရတဲ့ အနေအထား လျှပ်စစ်ရုံးတွေကို သွားရောက်ပေးဆောင်ဖို့မှာလည်း လုံခြုံရေးအရ ပေါက်ကွဲမှုတွေ ဖြစ်တဲ့သတင်းတွေကြောင့် ကိုယ်တိုင် မသွားရဲရာကနေ ကြားက အခကြေးငွေနဲ့ ဖြစ်စေ၊ ရင်းနှီးသူ၊ ဝန်ဆောင်ပေးသူကို အကူအညီတောင်းပြီး ပေးဆောင်နေကြတာ ဖြစ်ပါတယ်။
လူထုအနေနဲ့ ၁၀လ ကျော် ၁၁ လနီးပါး လျှပ်စစ်မီတာခ မပေးဆောင်ရေးလှုံ့ဆော်မှုမှာ ပါဝင်ခဲ့ကြပေမယ့် အခုတလော အရင်ကထက် တင်းကြပ်တဲ့ ကျယ်ပြန့်တဲ့ လိုင်း ဖြတ်တောက်မှုတွေ လုပ်လာတဲ့အခါ လျှပ်စစ်မီးမရှိပဲ စားရေးသောက်ရေး ဆက်သွယ်ရေးတွေ လုပ်ဖို့ခက်ခဲလာတာကြောင့် မီတာခ ဆောင်လာကြတာလို့ ယူဆရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီအဖို့ နိုင်ငံခြားငွေ အများအပြားရစေတဲ့ သဘာဝဓါတ်ငွေ့ ရောင်းချတဲ့လုပ်ငန်းမှာတော့ ဝင်ငွေမရအောင် တားဆီးဖို့မစွမ်းဆောင်နိုင်သေးပါဘူး။ သဘာဝဓါတ်ငွေ့ လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ ထွက်ခွာအောင် လှုံ့ဆော်တိုက်တွန်းခဲ့ကြရာမှာ အမေရိကန်နဲ့ ပြင်သစ်ကုမ္ပဏီတွေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အသိပေးကြေညာခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဒီလိုထွက်ခွာတာဟာ နိုင်ငံရေး အရလိုချင်တဲ့ ရည်မှန်းချက် အပြည့်အဝအောင်မြင်တဲ့ အဓိပ္ပါယ်တော့ မဟုတ်သေးပဲ အဲဒီကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေကို အခြားနိုင်ငံတကာကုမ္ပဏီတွေကို လက်လွှဲရောင်းချနိုင်တာဖြစ်ပြီး ဝယ်ယူတဲ့ ကုမ္ပဏီတွေက ဆက်လက်လုပ်ကိုင်နိုင်သလို သူတို့ပေးတဲ့ အကျိုးအမြတ်ကို စစ်ကောင်စီက လက်ခံနိုင်သေးတာ ဖြစ်ပါတယ်။ သဘာဝဓါတ်ငွေ့က ရတဲ့ဝင်ငွေဟာ တနှစ်ကို ဒေါ်ာ ၂ ဘီလျံ အထက်ရှိပြီး မြန်မာနိုင်ငံအနေနဲ့တော့ ပြည်ပပို့ကုန်တွေက အများဆုံးရတဲ့နိုင်ငံခြားငွေ ဖြစ်ပါတယ်။

လျှပ်စစ်မီတာခ ရတဲ့ငွေက ပြည်တွင်း ကျပ်ငွေသာဖြစ်ပြီး ပြည်တွင်းမှာ ဘတ်ဂျက် ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေမှာ ပြန်လည်လှည့်ပတ်သုံးစွဲတာ ဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးဟာ နကိုကတည်းက အကျိုးအမြတ်ရနေတဲ့ ဌာနတခုမဟုတ်ပဲ အရှုံးခံလုပ်ဆောင်နေတဲ့ အများဝန်ဆောင်မှု ဌာနတခုဖြစ်လို့ သဘာဝဓါတ်ငွေ့ စျေးနှုန်းမြင့်တက်လာတာ၊ ဓါတ်အားခ အပြည့်အဝ ပြန်ကောက်ခံမရလို့ ဓါတ်အားထုတ်လုပ်မှု လျော့ချထားရတယ်လို့ စစ်ကောင်စီက မကြာခင်က ကြေညာခဲ့ပါတယ်။ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု အချိန်ပိုင်းအလိုက် လျော့ချမှုတွေ ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့နယ်တွေမှာပါ ဖြစ်ပွားနေနှင့်ပြီး လာမယ့် နွေရာသီ လျှပ်စစ်ဓါတ်ပိုမို အသုံးပြုကြချိန်မှာ အခြေအနေဆိုးရွားဖွယ်ရာ ရှိတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကို အာဏာဆက်လက်ကိုင်စွဲမထားနိုင်အောင် လက်နက်ကိုင် တိုက်ခိုက်တာအပြင် အခြားတဖက်တလမ်းက စီးပွားရေးအရ ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖြတ်တောက်နိုင်ဖို့ ကြိုးစားကြတဲ့ နည်းလမ်းတွေလည်း အရင် စစ်အစိုးရလက်ထက်ကတည်းက အသုံးပြုခဲ့ကြသလို အခုတကြိမ် စစ်အာဏာသိမ်းအပြီးမှာလည်း သဘာဝဓါတ်ငွေ့ ဝင်ငွေမဝင်အောင် နှိုးဆော်မှုတွေ ရှိနေပါတယ်။ သို့ပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံ ထိုင်းနိုင်ငံတို့က ရေနံနဲ့ သဘာဝဓါတ်ငွေ့ကုမ္ပဏီတွေ ကိုတော့ အနောက်နိုင်ငံကုမ္ပဏီတွေလို မြန်မာနိုင်ငံက ထွက်ခွာသွားအောင် လုပ်ဖို့ မလွယ်ကူတဲ့ ပြဿနာလည်း ရှိတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု တနှစ် ပြည့်ဖို့ တပတ်ခန့်သာလိုတော့တဲ့ အချိန်မှာ မြန်မာကျပ်ငွေတန်ဖိုးက အာဏာမသိမ်းမီကတန်ဖိုးရဲ့ ၆၀ရာနှုန်း ခန့်သာရှိတော့သလို ကိုဗစ်ကူးစက်မှုတွေ စတင်ကတည်းက ထိခိုက်နေခဲ့တဲ့ ခရီးသွားလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေ ပြန်ပေးပို့တဲ့ ဝင်ငွေ ကျဆင်းမှုတွေနဲ့ အလုပ်အကိုင် စီးပွားရေးကျဆင်းမှု ပြဿနာတွေက ဗူးလေးရာ ဖရုံဆင့်သလို ငွေဖောင်းပွမှု လောင်စာဆီ စျေးနှုန်းမြင့်တက်မှု ဒေသအတော်များများ မတည်ငြိမ်မှုကြောင့် စီးပွားရေး ကျဆင်းမှု ဆင်းရဲမွဲတေမှုတွေက နိုင်ငံရေးပြဿနာ ပဋိပက္ခနဲ့အတူ ၂၀၂၂ ခုနှစ်မှာ ခက်ခက်ခဲခဲ ကျော်ဖြတ်ကြရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar