Breaking News

ညိုထွန်းလူ - ငါသာလျှင်

ရှေးက မြန်မာ့မြင်းခင်းသဘင်, Image- Crd
ငါသာလျှင်
ညိုထွန်းလူ
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၂

ပုဂံကိုရောက်၍ တူရွင်းတောင်တန်းကိုမြင်တွေ့လိုက်ရသည်နှင့် ဦးကုလားမဟာရာဇဝင်ကြီးထဲကဦးပေါင်းကျားနှင့်မြင်းကျားရှင်ကို အမှတ်မထင်သတိရလိုက်မိသည်။ မျက်လုံးထဲမှာအိုသော်လည်း စွမ်းနေသောအလောင်းစည်သူမင်းကြီးကိုမြင်ယောင်သွားခဲ့၏။ ထို့ပြင် ဦးပေါင်းကျားနှင့်မြင်းကျားရှင်သည်စစ်သူကြီးလေးယောက်ကို တူရွင်းတောင်ခြေက မည်သည့်နေရာမှာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပါလိမ့်ဟု ကြံကြံဖန်ဖန်တွေးမိလိုက်ပြန်သည်။
ဇာတ်လမ်းသဘောအနေဖြင့်ဆိုလျှင် အလောင်းစည်သူမင်းကြီးသည် အဓိကဇာတ်ဆောင်ဇာတ်လိုက်မင်းသားဟုဆိုရမည်။ သို့သော်လည်းသူသည်ငယ်ရွယ်နုပျိုသည့်ဇာတ်လိုက်မင်းသားမဟုတ်တော့။ အိုကြီးအိုမအရွယ်သို့ ရောက်နေချေပြီ။

တရံရောအခါ ဗိုလ်ရှုသဘင်ခံတော်မူခိုက်တွင် လက်ရုံးတော်ကိုဆန့်၍ကြုံးဝါးတော်မူ၏။ သက်တော်ကြီးပြီဖြစ်၍လက်ပျဥ်းတော်ကျသည်ကိုအမှူးအမတ်တို့မြင်လေသော် ရယ်ခိုးကြလေသည်။ မင်းကြီးလည်း အမတ်တို့သည် ငါ့ကိုမစွမ်းနိုင်ပြီဟုရယ်ခိုးကြလေသည်အမှတ်ထားတော်မူ၍ တနေ့သ၌အမတ်တို့ကိုခေါပြီးသော် ဟယ်လက်ဝဲလက်ယာအမတ်တို့- -ယောက်ျားတယောက်သည် ဦးဗောင်းကျားထုပ်နှင့်မြင်းကျားစီး၍ တူရွင်းတောင်ခြေ၌ နေဝင်လျှင် အနိုင်အထက်လုစားသည်ဆိုသည်ကို နင်တို့မကြားကုန်ကြလော။ နင်တို့လေးယောက်ရအောင် ဖမ်းချေ။
မရသော် နင်တို့ကိုမျက်အံ့ဟု မိန့်တော်မူ၏။

ဦးပေါင်းကျားနှင့်မြင်းကျားရှင်ဆိုတာကလည်းတခြားသူမဟုတ် အလောင်းစည်သူမင်းကြီးသာဖြစ်သည်။ လိုရင်းပြောရလျှင် စစ်သူကြီးလေးယောက်သည် ဦးပေါင်းကျားနှင့်မြင်းကျားရှင်အယောင်ဆောင်ထားသည့်အလောင်းစည်သူမင်းကြီးကိုလက်ရမဖမ်းနိုင်ခဲ့ကြ။ နောက်တနေ့ညီလာခံတွင် စစ်သူကြီးလေးယောက်ကအလောင်းစည်သူမင်းကြီးအား မြင်းကျားစီးသောသူကားလူဖြစ်ဆန်းမဟုတ်။ နတ်ဘီလူးဖြစ်ရာသည်။ လူဖြစ်သော်လည်းလူမည်ကာမဟုတ် ရင့်ပြီးသော ကြီးမြတ်သော ဘုန်းတန်ခိုးရှင်ဖြစ်ရာသည်။ ကျွန်တော်တို့မြင်းလေးစီးကိုထားဘိ၍ နိုင်ငံတော်ဝယ်ရှိ​သောမြင်းသည်အပေါင်းတို့ဝန်းရံဆီးဆို့၍ဖမ်းငြားသော် လည်းမရနိုင်ရာဟူ၍ နားတော်လျှောက်ကြကုန်၏။ မင်းကြီးလည်း ဟယ်အမတ်တို့ နင်တို့ငါ့ကိုအိုပြီဟူ၍ မှတ်ကြသည်။ ငါမအိုသေးဟုမိန့်တော်မူ၏။ ထိုအကြောင်းကိုကြားသော် မှူးမတ်,ဗိုလ်ပါအပေါင်းတို့သည်အလွန်ကြောက်ရွံ့ခြင်းပြင်းစွာဖြစ်ကုန်၏။

ဦးကုလားက အလောင်းစည်သူမင်းကြီးသည်အိုမင်းသော်လည်း ဘုန်းလက်ရုံးအစွမ်းသတ္တိတွေရှိနေသည်ကိုရည်ရွယ်၍ ရေးသားခဲ့ခြင်းဖြစ်သည်။ ကျွန်တော်ကတော့ ငယ်ကတည်းကလူစွမ်းကောင်းတွေသူရဲကောင်းတွေကို အလိုလိုကြည်ညိုစိတ်ပွားနေမိတာကြောင့်လားမသိ အလောင်းစည်သူမင်းကြီးကိုသဘောကျသည်။ မင်းကြီးက သူ့အားအသက်ကြီးပြီဟုအတွေးဖြင့်မခိုးမခန့်လုပ်ချင်ကြသောမှူးမတ်တွေကိုလည်း ကြောက်ရွံ့တုန် လှုပ်သွားစေအောင်အစွမ်းပြလိုက်၍ ကျေနပ်မိသည်။ အလောင်းစည်သူမင်းကြီး၏အင်အား အစွမ်းသတ္တိ ဘုန်း တန်ခိုးတို့သည် အိုမင်းလာသည့်တိုင် ထက်မြက်နေဆဲမို့အားရစရာကောင်းလှ၏။

သို့ရာတွင် အသက်တွေကြီးလာတော့ အလောင်းစည်သူမင်းကြီးအပေါ်ရှိခဲ့သည့်အတွေးအမြင်တွေနှင့်ခံစားမှုတွေ ပြောင်းလဲသွားခဲ့ပြီ။ သေချာစွာစဥ်းစားကြည့်လိုက်သောအခါ ဦးပေါင်းကျားနှင့်မြင်းကျားရှင်ထဲကအလောင်းစည်သူမင်းကြီး၏ အတ္တမာန်ကို ကျွန်တော်တွေ့လိုက်ရသည်။ သူ၏အပြုအမူ အလှုပ်အရှားတို့သည် သူ့ဘုန်းတန်ခိုး အရှိန်အဝါ သြဇာအာဏာတို့ကို ပို၍ခိုင်မြဲအောင်ဆောင်ရွက်လိုက်သည့် ဘုရင်တပါး၏ ရာဇ မာန်မျှသာဖြစ်သည်။အပြစ်တင်စရာတော့မရှိပါ။ အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် ကိုယ့်အစွမ်း သတ္တိတွေထုတ်မပြနိုင်ခဲ့လျှင်မှူးမတ်တွေကမထေမဲ့မြင်ပြုပြီးရာဇ ပလ္လင်ကိုဆွဲကိုင်လှုပ်လိုက်လျှင်မခက်ပါလား။

အလောင်းစည်သူမင်းကြီးသည်ဘုန်းတန်ခိုးကြီးခဲ့သော်လည်း တိုင်းပြည်အုပ်ချုပ်ရေးတွင် ဘိုးတော်ကျန်စစ် သားမင်းကြီး၏စိတ်ဓာတ်နှင့်ဆောင်ရွက်ချက်တွေကိုမမီ။ ကျန်စစ်သားမင်းကြီးသည်ပုဂံထီးနန်းကိုသိမ်းပိုက်ပြီးနောက်စစ်ပွဲကြောင့် အသက်အိုးအိမ်စည်းစိမ်တွေပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူပြည်သားများအတွက်အလေး ထား၍ တိုင်းပြည်ကိုပြန်လည်ထူထောင်ရသည်။ ရွှေစည်းခုံကျောက်စာတွင်များစွာသောသူခပ်သိမ်းတို့သည် သားတကွဲ မယားတကွဲ မိတကွဲ ဖတကွဲဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကိုငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကိုငါသုတ်ပါအံ့။ ငါ၏ယာဘက်လက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့။ ငါ၏ဝဲဘက်လက်ဖြင့် ဝတ်စား တန်ဆာပေးအံ့။ အမိသည်သားငယ်ရင်ခွင်၌ နှစ်သိမ့်စေအံ့သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကိုနှစ်သိမ့်စေအံ့ဟု ရေးထိုးထားသည်ကိုတွေ့ခဲ့ရသည်။

မြန်မာ့ပဒေသရာဇ်စံနစ်နှင့်သက်ဦးဆံပိုင်ဘုရင်တို့အုပ်စိုးခဲ့သည့်သမိုင်းကြောင်းတွင် ပြည်သူလူထု၏အရေးထက် မိမိတို့ထိုင်ခဲ့သည့်ရာဇပလ္လင်မှာဖင်မြဲနေဖို့ကိုပဲအာရုံစိုက်ခဲ့ကြသည့်ဘုရင်တွေ မည်မျှရှိနေကြမည်မသိ။ ကျွန်တော်လည်းသမိုင်းပညာရှင်မဟုတ်၍ အကဲမဖြတ်တတ်။

ဦးပေါင်းကျားနှင့်မြင်းကျားရှင်ကိုဖတ်ရင်း အတ္တနှင့်အနတ္တတို့၏ဖြစ်ပျက်သဘောကိုဆင်ခြင်ကြည့်မိလိုက်သည်။ အတ္တသည် မာန်တွေဖြင့် ကိုယ်ဖြစ်ချင်တာတွေကိုတည်ဆောက်နေကြခြင်းသာ။ သည်မှာပင် အားတွေမာန်တွေအကြောင်းကိုတွေးမိလိုက်ပြန်သည်။ အမှန်တော့ လူတိုင်းမှာမာန်တွေရှိကြသည်ချည်း။ မာန်အားတွေမြင့်ကြွလာသည်နှင့်အမျှ မာန်တက်ကြလေ့ရှိသည်။ ပစ္စည်းဥစ္စာရှိသူကလည်း ဥစ္စာမာန်တက်သည်။ ပညာတတ်သူကလည်းပညာ တတ်မာန်ရှိသည်။ ရာထူးသြဇာရှိသူကလည်း မာန်မာနတွေတထောင်ထောင်။ မရှိဆင်းရဲသူတွေကလည်း ပစ္စည်းမဲ့မာန်တော့ရှိပါသည်။ ဆင်လည်းဆင့်အထွာမို့ ကြွက်လည်းကြွက်အထွာမို့ မာန်ကလေးတွေကိုယ်စီနှင့်။ ထို့အတူ ကျွန်တော်လည်းဘာမို့နည်း။ ကိုဗစ်ရောဂါအန္တရာယ်ဘေးမှကင်းလွတ်ပြီးနောက် ငါကျန်းမာသန်စွမ်းလာပြီဟု ကျန်းမာရေးမာန်တွေတက်ပြီးအိမ်ထဲမှအိမ်အပြင်သို့ထွက်၍လမ်းသလားချင်သည့်စိတ်တွေဖြစ်ပေါ်နေလျက်။ အသက်ကိုဉာဏ်စောင့်ဆိုသည့်အသိဖြင့် မိမိ၏မှန်ကန်မှုမရှိသောမာန်တွေကို မနည်းချိုးနှိမ်ထားရသည်။

သို့ဆိုလျှင် မာန်ရှိတာမကောင်းတဲ့သဘောလားဟုမေးစရာဖြစ်လာ၏။ သည်လိုလည်းမဟုတ်။ အများအကျိုးအတွက်ဆောင်ရွက်ချင်သည့်အားမာန်တွေ။ ငါ့ရပ်ရွာကောင်းကျိုးအတွက် ငါ့နိုင်ငံအကျိုးအတွက် ဘယ်လိုဆောင်ရွက်လိုက်မဟဲ့ဆိုသည့် အားမာန်ကိုယ်စီဖြင့် လောကအကျိုးကိုသယ်ပိုးနေကြသူများကိုကျွန်တော်လေးစားရသည်။ အတ္တကိုဗဟိုပြု၍မာန်ချီနေသူအတ္တမာန်သမားတွေကတော့ သူ့အရေးသူ့ကိစ္စလောက်ပဲတွေးပါလိမ့်မည်။

အလောင်းစည်သူမင်းကြီးသည်အိုသော်လည်း အစွမ်းသတ္တိတွေရှိနေဆဲဟုထင်မှတ်နေရှာသည်။ ထိုအစွမ်း သတ္တိများသည် တခဏတာခံမည့်သူ၏အတ္တမာန်များသာဖြစ်သည်။ ခက်တာက သူ့မှာအာဏာမာန် ရာဇမာန်တွေဖုံးလွှမ်းနေ၍ တကယ့်အရှိတရားကိုမြင်အောင်မကြည့်နိုင်တော့။ အိုမင်းလာခဲ့ပြီးအနတ္တသဘောတွေက သူ့ဆီသို့သိသာထင်ရှားစွာပူးကပ်လာခဲ့သော်လည်း လောက၏မမြဲသောအကြောင်းတရားတွေကို မရှုမှတ်နိုင်။
သူမအိုချင်သော်လည်းအိုမင်းခဲ့ရပြီ။ မနာချင် မသေချင်သော်လည်း အချိန်တန်သည်နှင့်နာရသေရပေဦးမည်။ အိုခြင်းနာခြင်းကို အိုမင်းမလာအောင်အမြဲတန်း ကျန်းမာသန်စွမ်းနေအောင်ပြုလုပ်၍မရ။ သည်အရာတွေက အနတ္တသဘောကိုဖော်ပြနေလျက်။ အနတ္တကိုအတ္တမဟုတ်သော အတ္တမရှိသောတရားစု အစိုးမရ အနှစ်သာရမရှိသောတရားစုဟု မြန်မာအဘိဓာန်မှာဖွင့်ဆိုထားသည်။ နားလည်သလိုပြောရလျှင် အနတ္တသည်သူ့သဘောသူဆောင်နေပြီး အချိန် တန်သည်နှင့် အတ္တသည်အနတ္တအောက်မှ ာကျဆုံးလွင့်ပျောက်သွားရစမြဲ။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့လောကဝန်းကျင်ထဲမှာတော့ အတ္တမာန်သမားတွေကတော့ ဟိတ်ဟန်တွေတစ်ခွဲသားဖြင့် ဝင့်ကြွားဖို့အားထုတ်နေဆဲ။ဝိုင်းဝန်းမြှောက်ပင့်ပေးကြသူတွေကြောင့် ကိုယ့်ကိုယ့်ကိုအဟုတ်ထင်ကာ ငါသာလျှင်ဟု စိတ်ကြီးဝင်နေသူလည်းရှိနေဆဲ။ မရှိကိုအရှိဟုထင်ပြီးအောင်ပွဲခံနေချင်စမြဲ။ ပညာဉာဏ်နည်းပါးတော့လည်း ဆင်ခြင်နှိုင်းဆနိုင်စွမ်းနည်းပါးနေကြရှာသည်။

ဘုန်း,လက်ရုံး,အာဏာနှင့်ပြည့်စုံတော်မူသော သီရိတြိဘ၀နာဒိတျာ ပဝရပဏ္ဍိတ သုဓမ္မရာဇာ မဟာဓိပတိ နရပတိစည်သူ အမည်တော်ရှိသောအလောင်းစည်သူမင်းကြီးသည် ရွှေဂူဘုရားတွင်သားတော်နရသူက အဝတ် ပုဆိုးတို့ဖြင့်ဖိ၍သတ်လိုက်၍ သက်တော် ၈၅ တွင် အနိစ္စရောက်သည်ဟုမဟာရာဇဝင်စာ အုပ်ထဲမှာကျွန်တော်ဖတ်လိုက်ရသည်။

ညိုထွန်းလူ

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar