Breaking News

မသီတာ (စမ်းချောင်း) - ‘သပွတ်အူဝင်္ကပါ’ ထဲမှာလား

မသီတာ (စမ်းချောင်း) - ‘သပွတ်အူဝင်္ကပါ’ ထဲမှာလား
(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၂၂

၂၀၀၈ ခုနှစ်က ဘရောင်းတက္ကသိုလ်မှာ မှတ်တမ်းဝတ္ထု (Documentary fiction) တစ်ပုဒ်ကို ‘လမ်းပြမြေပုံ (The Roadmap)’နာမည်နဲ့ ရေးခဲ့ပါတယ်။ စာအုပ်မှာ အခန်း ၇ ခန်းပါပြီး လမ်းစ၊ လမ်းခုလတ်၊ လမ်းလွှဲ၊ လမ်းပိတ်၊ လမ်းစ၊ လမ်းဆုံ၊ လမ်းခွဆိုပြီး နာမည်တပ်ခဲ့ပါတယ်။ နောက်ပိုင်း အရပ်သားတပိုင်းအစိုးရ ပေါ်ပေါက်လာတဲ့အခါ မြန်မာ့နိုင်ငံရေး ဘယ်နားရောက်သွားပြီလဲလို့မေးကြတော့လည်း ‘လမ်းခွ (Fork in the road)’ မှာ ရှိနေတုန်းပဲ၊ ရွေးကောက်ပွဲလုပ်တာနဲ့ တခြားဖြေလျော့မှုတွေလုပ်တာဟာ တပ်အနေနဲ့ တရားဝင်မှုအတွက် ရည်ရွယ်တာဖြစ်ပြီး ၂၀၀၈ ခြေ/ဥအရ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနေတာမို့ ဒီအနေအထားကို မတင်းတိမ်နိုင်တဲ့တနေ့ အချိန်မရွေး နောက်ကြောင်းပြန်နိုင်သေးသလို သူအားသာမယ့် တခြားပုံစံမျိုးကိုလည်း ရွေးနိုင်သေးတယ်။ ဒါကြောင့် လမ်းဆုံမှာလို ဘယ်လမ်းလိုက်မလား၊ ညာလမ်းလိုက်မလားဆိုတာလောက် ရွေးနိုင်တဲ့အနေအထား မဟုတ်ဘဲ လမ်းခွသဘော လမ်းမွှာပေါင်းစုံရဲ့ ထိပ်၊ အညှာပိုင်းမှာ ရှိနေတုန်းပဲ’’လို့ ဖြေခဲ့ပါတယ်။

တကယ်တော့ အဲဒီတုန်းကအတွေးဟာ လမ်းတလျှောက် အတက်အဆင်း အကြမ်းအပြေ အကွေ့အကောက်ဆိုတာမျိုးလောက်ရှိပေမဲ့ လမ်းဆုံးဟာ ရှေ့တစ်နေရာမှာ ရှိနေတယ်ဆိုတာမျိုးပေါ့။ ခုတော့ ဒီနေ့ မြန်မာ့နိုင်ငံရေးဟာ ‘လမ်းခွ’ မှာ မဟုတ်တော့တာတော့ သေချာပါတယ်။ နောက်ကြောင်းပြန် လမ်းမွှာထဲမှာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ဒါဖြင့် ကျမတို့ ဘယ်နားရောက်နေပြီလဲလို့မေးလာရင် ဘယ်လိုဖြေမလဲ။ ဖေဖေါ်ဝါရီ ၁ ရက် နောက်ပိုင်း အခြေအနေတွေကို မျက်ချည်မပြတ်စောင့်ကြည့်ရင်း ခံစားလာရတာကတော့ ကျမတို့ ရောက်နေတာ လမ်းတစ်ခုပေါ်မှာကို မဟုတ်တော့ဘူးဆိုတာပါပဲ။ ကျမတို့ဟာ ‘သပွတ်အူဝင်္ကပါ’ထဲမှာ ပိတ်မိနေကြပြီလို့ကို အခိုင်အမာ ယုံကြည်လာမိနေပါတယ်။ 

ဘာလို့ ဒီလိုယုံကြည်နေသလဲဆိုတာကို ရှင်းပြဖို့ လုံးချင်းတစ်အုပ်စာလောက်ကို လိုအပ်မှာပါ။ ဒါပေမဲ့ ခပ်တိုတိုလေး တွေးကြည့်ရအောင်ပါ။ လမ်းတွေမှာ လမ်းဆုံးပန်းတိုင် ရှိပေမဲ့ ဝင်္ကပါမှာတော့ ပန်းတိုင်ဟာ ရှုပ်ထွေး ပွေလီကွေ့ကောက်တဲ့ လမ်းမပီတဲ့လမ်းမျိုးတွေ ဝန်းရံပိတ်ကာထားတဲ့ အတားအကာမဲ့ နေရာလွတ်လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဝင်္ကပါထဲ ဝင်သွားသူတွေဟာ အဲဒီနေရာလွတ်လေးမှာ စခန်းချနားလိုက်ဖို့ဆိုတာမျိုးကို ပန်းတိုင်လို့ မမြင်တတ်ကြပါဘူး။ ဝင်္ကပါထဲ ဝင်သွားသူတိုင်းဟာ ဝင်္ကပါထဲကနေ ပြန်ထွက်လာနိုင်ပြီး ဝင်္ကပါမဲ့လမ်းမပေါ် ပြန်ခြေချနိုင်ဖို့ကိုသာ ပန်းတိုင်အဖြစ် မြင်ကြတာပါ။ ဒီသဘောတရားဟာ ဒီနေ့ မြန်မာ့အခြေအနေကို ထင်ဟပ်နေတယ်လို့ တွေးမိတာပါ။

အာဏာသိမ်းလိုက်ပြီးနောက်မှာ ကျမတို့အတွက် ဝင်္ကပါဟာ တကယ့်ကို သပွတ်အူထလာတော့တယ်လို့ ဆိုရမှာပါ။ ဝင်္ကပါဆိုတာ အတားအကာမဲ့ နေရာလွတ်လေးတစ်ခုကို လွယ်လွယ်နဲ့ ရောက်မသွားအောင် နံရံတွေ အကာအတားတွေကို သေသေချာချာ တည်ဆောက်ယူထားတာမျိုးပေါ့။ တချို့နေရာတွေမှာ အကာအတားကို ခပ်ကြဲကြဲ လုပ်ထားပေးတော့ အခန်းလေးတစ်ခုလို ဖြစ်နေပြီး ဒီနေရာကပဲ တကယ့်နေရာလွတ်လို့ ထင်ပြီး အဲဒါကို ထပ်မရှာဘဲ စိတ်အေးလက်အေး နားနားနေနေ နေချင်စရာလည်း ဖြစ်နေတတ်ပါတယ်။ နောက်မှ ဝင်္ကပါအပြင်ဘက် ထွက်ပြီး လမ်းမပေါ် ပြန်တက်မယ်လည်း လုပ်ရော ထွက်ရပ်လမ်း မပြောနဲ့ ဝင်္ကပါအလယ်က နေရာလွတ်လေးနားကိုတောင် မရောက်သေးတာ တွေ့ရပြီး ထွက်ရပ်လမ်းအတွက် လမ်းထပ်ရှာဖို့ ဇောကပ်ရတာမျိုး ဖြစ်တတ်ပါတယ်။ တချို့ကတော့ ကယောင်ကတမ်းနဲ့ နောက်ကြောင်းပြန်ရင်ပဲ ထွက်လမ်းကို မြန်မြန်ရောက်လေမလား တွေးပြီး နောက်ပြန်လျှောက်ကြည့်ပြန်တော့လည်း လမ်းကွေ့တွေ နံရံအချိုးအကွေ့တွေ များလွန်းတော့ ဘယ်လိုဆက်လျှောက်ရမှန်း မသိတော့ပြန်၊ အဲဒီလိုနဲ့ ဝင်္ကပါအလယ်က နေရာလွတ်လေးဆီလည်း မရောက်၊ ဝင်္ကပါအပြင်လည်း မထွက်နိုင်တော့ဘဲ စိတ်ပန်းလူနွမ်း ဖြစ်ကြရတာမျိုးပေါ့။အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ မဲခိုးတယ်လို့ ဝါဒဖြန့်ပြီး သူ့အာဏာနေရာလွတ်လေးကို ကာကွယ်ဖို့ နံရံတွေ အကာအတားတွေ အများကြီးကို တည်ဆောက်လာပါတယ်။ အဲဒီနံရံတွေထဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တချို့ကို သူ့ရဲ့ကောင်စီထဲမှာ နေရာပေးတာ ပါတာပေါ့။ ဒီနံရံက တော်တော်ထူတယ်လို့ ဆိုရပါမယ်။ မကြာသေးခင်ကအထိ အဲဒီလိုပါတီတွေက စုပြီး သူ့ဘက်ကနေ ရပ်တည်ထောက်ခံတဲ့ ကျေညာချက် အကာအတားတွေကို ဆက်လုပ်ပေးနေပါတယ်။ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်မှာ သူနဲ့အတူ နံရံ တည်ဆောက်တဲ့ ပါတီအရေအတွက်ဟာ သုံးပုံတစ်ပုံ ရှိတယ်ဆိုရင် ကျန်သုံးပုံနှစ်ပုံထဲမှာတော့ မဲခိုးသူ၊ ပိန်းသူလို့ သတ်မှတ်ခံရတဲ့ အန်အယ်လ်ဒီက စီအာရ်ပီအိပ်ချ်ဆိုပြီး အဲဒီနံရံကို ဖြိုဖို့ ကြံပါတယ်။ ကျန်ပါတီတွေကတော့ ရွေးကောက်ပွဲကော်မရှင်အသစ်နဲ့ ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားရင်း ပြည်သူလူထုက ပေးတဲ့ တရားဝင်မှုတွေ ယုတ်လျော့ပြီး နိုင်ငံရေးပါတီရယ်လို့ နာမည်သာ ကျန်တော့တဲ့အနေအထား ဖြစ်ရသလို တချို့ပါတီတွေလည်း အခြေအနေကို စောင့်ကြည့်မယ်၊ ကိုယ့်လူမျိုးစု လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ တိုင်ပင်မယ်လို့ အချိန်ယူရင်းယူရင်း သူတို့ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချ မလုပ်သေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အခန်းကျဉ်းလေးထဲမှာပဲ အသားကျနေပြန်တယ်။ သူတို့အတွက် နံရံအကာအတားကို သူတို့ကိုယ်တိုင်က ဖန်တီးလိုက်တဲ့သဘောပေါ့။ ဒီလိုနဲ့ ဝင်္ကပါထောင့်တစ်နေရာက နံရံတွေကြားမှာ နိုင်ငံရေးပါတီတော်တော်များများ ပိတ်မိကုန်ကြတာပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း အလားတူပါပဲ။ စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတဲ့ နံရံကို အကာအကွယ် လုပ်သလို သူတို့ EAO တချို့ ကိုယ်တိုင်ကလည်း ဒီဟာကိုပဲ လိုရင်လိုသလို သုံးပြီး စစ်ရေးခြေလှမ်းကို တွေတွေဝေဝေ လှမ်းကြပြန်ပါတယ်။ အဲဒီတော့ စစ်ကောင်စီက ဟိုဘက်က သုံးထပ်သားနဲ့ ထပ်ပိုးကာလိုက် ဒီဘက်က သူတို့ဖာသာလည်း မိုးကာဖျင်နဲ့ ကာလိုက်ဆိုပြီး ဒီနံရံကြီး ထူလာလိုက်တာ ဘယ် လိုဖြိုချရမှန်း မသိအောင် အားလုံးပိတ်မိလာကြပါတယ်။ နံရံရဲ့ တဖက်တချက်မှာ ရှိနေကြပြီး ထွက်လမ်းအတွက် နံရံကြီးကို ကျောခိုင်းပြီး ရှာနေကြသလိုများတောင် ဖြစ်သူတွေ ဖြစ်နေကြလေရဲ့။

တဖက်မှာလည်း စစ်ကောင်စီဟာ မူလဗီဇအတိုင်း အကြမ်းဖက်၊ အမုန်းပွါးဆိုတဲ့ နံရံနဲ့ သူ့အာဏာနယ်လေးကို အကာအကွယ် လုပ်ပါတယ်။ စစ်ကောင်စီဘက်က မတရား လွန်လွန်းမက လွန်လွန်းတော့ လူထုမှာလည်း အဲဒီနံရံကို ဆန့်ကျင်ဖက်ကနေ ခုခံတန်ပြန် အမုန်းကျောက်အုတ်တွေနဲ့ ပြန်ကျားကန်ပေးမိသလို ဖြစ်ကြရပြန်ပါတယ်။ ဒါကိုလည်း နိုင်ငံတကာ ဇာတ်ကောင်တွေကပါ ကူညီအားဖြည့်ကြပြန်ပါတယ်။ တရုတ်၊ ရုရှတို့က ‘အာဏာသိမ်း အကြမ်းဖက်မှု’ဆိုတာကို မျက်ကွယ်ပြုပြီး အစိုးရအပြောင်းအလဲအဖြစ် ရှုမြင်ကာ စစ်ကောင်စီရဲ့ အကြမ်းဖက်နံရံကို ကျောထောက်နောက်ခံအဖြစ် အင်အားဖြည့်ပါတယ်။ အာဆီယံကတော့ ‘ကြားခံသမား’အဖြစ် မျက်နှာဖုံးသာ တပ်ချင်ပြီး အကြမ်းဖက်နံရံရဲ့ တစ်ဖက်ခြမ်းကို မြင်အောင် ကြည့်နိုင်ဖို့ မကြိုးစားပါဘူး။ ဒီလိုနဲ့ ဒီဘက်နံရံက လူထုနဲ့ တော်လှန်ရေးအင်အားစုတွေမှာလည်း ကုလသမဂ္ဂအပါအဝင် တစ်ကမ္ဘာလုံးလိုလိုကို ကျောခိုင်းချင်သလိုလို ပတ်ဆဲချင်သလိုလိုတွေနဲ့ အဲဒီနံရံကို အမုန်းရည် သွန်းလောင်းလာခဲ့ကြရပါတယ်။ 

ပြောရရင် မကုန်နိုင်ပါဘူး။ သေချာတာကတော့ ကျမတို့တွေ ထွက်လမ်းကို ဦးတည်နေတဲ့ကြားက ဝင်္ကပါထဲမှာ နံရံပေါင်းများစွာကို ဘတပြန် ကျားတပြန် တည်ဆောက်နေမိကြပါပြီ။ ဒါကြောင့်လည်း ထွက်လမ်းထက် နံရံအကာအပိတ်တွေ အလယ်က အကာအတားမဲ့ နေရာလွတ် တနည်း ထွက်လမ်းဆီ ဦးတည်တဲ့ ခပ်ကျယ်ကျယ်လွင့်လွင့် ကွက်လပ်နေရာအခြေအနေလေးဆီ ရောက်ဖို့တောင် အတော်ကြီး ခက်ခဲနေတဲ့ အနေအထားကို ရောက်နေကြပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘယ်လမ်းကို ရွေးပြီး ဝင်္ကပါထဲက ထွက်ကြမလဲဆိုတဲ့ မေးခွန်းဟာ လုံးဝအသုံးဝင်တော့မှာ မဟုတ်ပါဘူး။ ဝင်္ကပါကို အားဖြည့်ပေးနေတဲ့ နံရံမှန်သမျှကို ဖြိုချနိုင်ဖို့ ကြိုးစားကြရမှာပါ။ ပြည်သူ့စစ်သားတွေကို ကြိုဆိုတယ်ဆိုတဲ့ ဗျူဟာဆိုတာ နံရံဖြိုတဲ့ဗျူဟာပါပဲ။ လတ်တလောမှာ အရပ်သားတွေ နည်းပေါင်းစုံနဲ့ သတ်ဖြတ်ခံရတာတွေကို ကြားမြင်ရတော့ နာကျည်းခံပြင်းစိတ်အခြေခံတဲ့ အမုန်းနံရံတွေ၊ လက်စားချေလိုစိတ်နံရံတွေ ထူလာမှာ စိတ်ပူရတာပေါ့။ အန်ယူဂျီက ပြည်သူ့ခုခံတပ်တွေအတွက် ကျင့်ဝတ်တွေ ပြဌာန်းပေးပြီး နံရံတချို့ ဖြိုဖို့ အားထုတ်နေတာ ရှိပေမဲ့ ရေရှည်မှာ အမျိုးမျိုး ဖြစ်နိုင်တာမို့ စိတ်ပူနေကြသူတွေ များနေတာလည်း သတိပြုမိလာပါတယ်။ ဒီကြားမှာ မြန်မာ့စီဒီအမ်ရဲများက ရွှေဝါရောင်တော်လှန်ရေးမှာ သွေးမြေကျခဲ့ရတဲ့သူတွေအတွက် ပုဂ္ဂိုလ်ရေးအရ မကျူးလွန်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိမှုကို တာဝန်ယူပြတဲ့အနေနဲ့ တောင်းပန်စာကို မြင်ရတော့ နံရံဖြိုနေတာတွေ ရှိနေတာကို အသိအမှတ်ပြု လေးစားရပြန်ပါတယ်။ 

အသေးစိတ် ပြောစရာတွေ ရှိနေသေးပေမဲ့ အားလုံးကို တိုက်တွန်းချင်တာက ‘သပွတ်အူဝင်္ကပါ’ထဲကနေ ထွက်ကြဖို့ ‘နံရံနိမ့်မြင့်ထူပါးအားလုံးကို ဖြိုကြရအောင်ပါ။ လမ်းပေါ် ပြန်တက်ကြရအောင်ပါ’လို့ပါပဲ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar