Breaking News

မင်းငြိမ်းအေး - ကေဇဝင်း

ကေဇဝင်း
မင်းငြိမ်းအေး
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၂

ကြေးနီထွက်တဲ့မြေမှာ
ကြေးနီရောင်အသားအရေရှိမှာပဲ
တွေးရိုးတွေးစဉ်အရ
မမြင်နိုင်တဲ့ဘိုးဘွားတွေကို
ဦးညွတ်လို့မရတော့ဘူး ။
ရေနဲ့တွင်းကြားက
အဆိပ်သင့်မြေတွေ
မင်းဒေသမှာ
မင်းဟာ
တခုထဲသောရေချိုတွင်း
မင်းက
တော်လှန်ပုန်ကန်သူ
မင်းဟာ
ကဗျာဆရာ
မင်းက
စံပယ်တောင်ကြောမှာ
အမဲလိုက်သူ
မင်းဟာ
လက်ယက်တူးထားတဲ့
ကြေးနီတွင်း
မင်းက
ခိုင်းနွားတွေကို
အစာရေစာပေါကြွယ်ချင်သူ ။
ကေဇ
မီးသင်္ကန်းလည်း
ငါတို့ကြုံခဲ့ပြီ ။
ရေသိမ်နဲ့
ကုန်းသိမ်ကို
နေရာလဲခဲ့ပြီ
စက်မှုခေတ်ရဲ့ခွေးသွားစိတ်တွေက
ငါတို့အရိုးတွေကို
ဖြတ်တောက်ကြပြီ
တောမီးနဲ့
တောကြောင်တွေကို
ငါတို့အတိုင်းသားတွေ့ခဲ့ပြီ
ကန်စွန်းနွယ်ပင်လေးလို
ကိုယ့်အပွင့်ကို
အရောင်မှန်အောင်
ပွင့်ခဲ့တာ
မင်းအရည်အချင်းပါပဲ ။
လေးထောင့်အခန်းထဲက
နံရံမှာ
အမြဲလွတ်လပ်နေတဲ့အရာ
မင်းသိတဲ့ကဗျာ
တော်လှန်အဘိဓမ္မာနဲ့
မစွန်းရင်းလည်းငြိပါစေ
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar