Breaking News

ဦးကျော်သက်လင်း - ထိုမသိလိုက်ရသော ခရီးရှည်

ဦးကျော်သက်လင်း - ထိုမသိလိုက်ရသော ခရီးရှည် 
(မိုးမခ) ဖေဖော်၀ါရီ ၁၇၊ ၂၀၂၂

အပိုင်း (၁) 
၂၀၂၁ ဖော်ဖော်ဝါရီလ ၁၁ ရက်။
ညနေ (၃) နာရီမှာ BBC နဲ့ အင်တာဗျူးဖြေပြီး ရုံးထဲက ဝန်ထမ်းဆိုင်လေးမှာ ညီလေးတွေနဲ့ လဘ္ဘက်ရည်ဆိုင်အတူထိုင်ဖြစ်တယ်။ ပဲကြမ်းသုတ်စား ကော်ဖီမစ်လေးသောက်နေတုန်းမှာပဲ Double Cub အဖြူတစ်စီးဘေးကဖြတ်သွားတယ်။

လမ်းမီးရောင်မှာ နောက်ခန်းထဲလှမ်းကြည့်မိတော့ သေနတ်ပြောင်းလိုလို၊ စစ်ခမောက်လိုလိုတွေ့တာနဲ့ မသင်္ကာဖြစ်ပြီး အဲဒီဆိုင်နောက်ထဲ ၀◌င်ရှောင်နေလိုက်တယ်။ ဖုန်းမက်ဆေ့တခု၀◌င်လာတယ်။ 

အကိုပြေးတော့တဲ့ ...
အစ်ကို့ကိုမေးနေကြတယ်တဲ့....

ဒါနဲ့ သူများအိမ်နောက်ဖေးတွေကနေတဆင့် တောထဲတွေဝင်ပြေးရတော့တာပေါ့။ ကူညီခဲ့တဲ့သူတွေကိုလည်း ကျေးဇူးမမေ့ပါဘူး။ အချိန်က ည (၁) နာရီ။ လမ်းဘေးမြောင်းတွေကနေ တောထဲ။ အဲဒီကနေတဆင့် ပြေးရင်း လျှောက်ရင်းပြုတ်ကျရင်း လဲရင်းနဲ့ပဲ သကြားစက်နားက ခြုံထဲဝင်တိုးရင်း ဆူးတွေနဲ့ငြိပြီး ပြန်ထွက်မရ ဓာတ်မီးရောင်ကတည့်တည့်လာ ခွေးကဟောင် အဓိဌာန်နဲ့ ရွတ်တဲ့ပဌာန်းက မရွတ်ရသေး။ ညက ၁၁ နာရီကျော်လာတော့ ကိုယ့်ရင်ခုန်သံ ကိုယ်ပီပီသသကြားရအောင် ထိတ်လန့်နေတဲ့ကြားက ခြုံထဲမှာပဲ ပဌာန်းကို ဟိုရောက်ဒီရောက်နဲ့ရွတ်ရင်း အမောဆို့အိပ်ပျော်။

လန့်နိုးတော့ ည (၁) နာရီ။ 
ခြုံထဲက ဆူးအခြစ်ခံပြီးတိုးထွက်ကာ လမ်းပေါ်တက်တော့ ခွေးကထိုးဟောင်၊ ရေကငတ်။ ပထမဆုံးအကြိမ် သူများအိမ်ရှေ့ရေစည်ထဲက ရေကိုအငမ်းမရသောက်ပြီး လမ်းဆက်လျှောက်။ ကားမီးရောင်မြင်လိုက် လမ်းဘေးဆင်းလိုက်၊ မီးရောင်ကျော်သွားလိုက် လမ်းပေါ်ပြန်တက်လိုက်နဲ့ ကွေ့ကြီးရွာနားရောက်လာတယ်။

မနက် (၃) နာရီထိုးပြီ။ ပေါင်တွေကနာ၊ ခြေသလုံးတွေတောင့်၊ ဗိုက်ကဆာ၊  ရေကပြန်ငတ်၊ အေးတာကလည်း ခိုက်ခိုက်တုန် ဒီကြားထဲမိုးကရွာသေး။ ဒီလိုနဲ့ အတွင်းမှာမီးလင်းနေတဲ့ အိမ်ဆိုင်တဆိုင်ရှေ့ရောက်တော့ ဆိုင်ရှင်တွေကိုနှိုးပြီး ကျွဲရိုင်းတဗူးအငမ်းမရသောက်၊ ပေပွနေတဲ့ကိုယ့်ကိုကြည့်ပြီး အစ်ကို့ကိုသိတယ်၊ မြင်ဘူးတယ်၊ ဘယ်သွားမလို့တုန်းဆိုတော့ ကားပျက်နေလို့ အမြန်လမ်းမှာ ကားလာခေါ်တာဆိုတော့ သူတို့မှာ လိုက်ထရပ်ကားလေးရှိတယ် ဆွဲပေးရမလားတဲ့။ အဲဒါနဲ့ မုသားသုံးကာပြောပြီး ပါတဲ့ပိုက်ဆံသုံးသောင်းကို ကားခပေးခေါ်လာရတယ်။ အမြန်လမ်းမရောက်ခင် မိုင်ဝက်လောက်ကျတော့ မလိမ်ချင်တော့တာနဲ့ ဒီမှာပဲရပ်တော့၊ ကိုယ်ပြေးလာရတာ၊ ဂိတ်မှာအစစ်အဆေးခံရရင် မင်းပါ ပါလိမ့်မယ်ဆိုပြီး ပြန်လှည့်ခိုင်းလိုက်တယ်။

ကိုယ်ကတော့ တစ်ခါမှမရောက်ဘူးတဲ့ တောင်တွေပေါ်တက်ပြီး ဂိတ်ကိုရှောင်ခဲ့လိုက်တယ်။ ပင်ပန်းလိုက်တာဆိုတာ၊ နာလိုက်တဲ့ခြေထောက်၊ အိပ်ကငိုက်လာ၊ အချိန်က မနက် ၆ နာရီ မနက် ၇ နာရီခွဲတော့ အမြန်လမ်းပေါ်က ကားသံကြားရပြီ။ ဒါပေမယ့် တောင်ပေါ်သရက်ခြံက ခြံစောင့်ကတွေ့ပြီး လေးခွနဲ့ချိန်ပါလေရော။

ကိုဗစ်ကြောင့် ဂိတ်ကိုရှောင်လာတာပါပြောပြီး မိသားစုအခြေအနေအရ ရန်ကုန်ပြန်ချင်လို့ပါပြောပြတော့မှ အမြန်လမ်းဘက်ဆင်းတဲ့လမ်းကိုပြပါတယ်။ နောက်ထပ် တောင်ကုန်းနှစ်လုံးကျော်မှ အမြန်လမ်းပေါ်ရောက်ပါတယ်။

မနက် ၉ နာရီထိုးပြီ။ အအေးဓာတ်ကမလျော့သေး။ ကိုယ်ဆင်းမယ့်နေရာမှာ ဆိုင်ကယ်ဈေးသည်နှစ်ယောက် မီးလှုံနေတာနဲ့ သူတို့ထွက်မှ လမ်းပေါ်ဆင်းခဲ့ရပါတယ်။ ကံကောင်းတာက လမ်းပေါ်ဆင်းတာနဲ့ ပရိုဘောက်ကားလေးတန်းရ။ ကံဆိုးတာက ၆ မိုင်လောက်ပဲစီးလိုက်ရပါတယ်။ ကျနော်မှန်းလည်းသိတယ်။ အင်တာဗျူးတွေလည်းကြည့်တယ်။ ပြေးလာရတာမှန်းလည်းခန့်မှန်းမိတော့ ကြောက်လို့ပါဆိုပြီး တောင်းပန်ကာ လမ်းပေါ်မှာပြန်ချထားခဲ့ကြတယ်။

တကယ့်ကို နာကျင်ရပါတယ်။ ခြေထောက်တွေက တအားနာနေပြီ။ အိပ်ကလည်း တအားအိပ်ချင်နေပြီ။ ဗိုက်ကလည်း အရမ်းဆာလောင်နေပြီ။ နေရောင်ပြင်းပြင်းပူလာတဲ့အချိန်မှ အရိပ်မဲ့လမ်းမကြီးဘေးကနေ ဖုန်တလုံးလုံးနဲ့ လျှောက်ရဦးမယ်။ နောက်ထပ်လည်း ကားမတားရဲတော့...

လျှောက်ရင်း နားရင်းနဲ့ပဲ ရမည်းသင်းကျော်တော့ စပျစ်သီးဆိုင်လေးတွေ့။ 
++++

ဒီနေ့ ၂၀၂၂ ဖော်ဖော်ဝါရီလ ၁၁ ရက်။
တနှစ်ပြည့်တဲ့အချိန်မှာပဲ ကျနော်နောက်စခန်းတစ်ခုဆီ မိုးထဲလေထဲပဲ ရွှေ့ခဲ့ရပြန်ပါပြီ။ ကြောက်ရွှံ့မှုနည်းလာပေမယ့် စိုးရိမ်စရာအခြေအနေတွေကတော့ရှိနေဆဲပါပဲ...။
++++

အပိုင်း (၂)
၂၀၂၁ ဖေဖော်ဝါရီ ၁၁ ရက်။ 
ဟိုတနေ့ညကရေးတဲ့စာက မဖြတ်ချင်ပဲဖြတ်ချလိုက်ရတာပါ။ စခန်းရွှေ့ရပြောင်းရတဲ့အခါ သွားလာရဝေးတာ လမ်းလျှောက်ရ ဆိုင်ကယ်စီးရ လှေစီးရနဲ့ မိုးတွေရွာလေတွေတိုက် လမ်းကချော်နဲ့ ညမှောင်ကာနီးမှ နေရာသစ်ကိုရောက်ပါတယ်။ ဒီမနက်မှာလည်း နောက်ထပ်နေရာသစ်ကို ခြေလျင်တတန် လှေတတန်နဲ့သွားရပြန်ပါတယ်။

ဒီလိုတနေ့ပြီးတနေ့ရေးရတဲ့အခါမှာ comments တွေဖတ်ပြီးတော့ရေးဖို့ကျန်နေတာလေးတွေလည်းပြန်မြင်လာပါတယ်။ ကျနော်တာဝန်ထမ်းဆောင်ခဲ့တဲ့ MRTV ဆိုတာ နေပြည်တော်ကနေ ၃၅ မိုင်ကျော်ဝေးပါတယ်။ တပ်ကုန်းမြို့ကနေ ၅ မိုင်လောက်ဝေးတဲ့ကုန်းပြင်ပေါ်မှာပါ။၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ အုတ်မြစ်ချခဲ့တာပါ။ ကျနော်ကိုယ်တိုင် မစခင်ကတည်းကနေ တည်ဆောက်ဆဲ တည်ဆောက်ပြီး အကြိမ်ကြိမ်ရောက်ခဲ့ပါတယ်။ မလုပ်ကုန်းလို့ ဒေသခံတွေကခေါ်ကြပါတယ်။

အုတ်မြစ်ချတဲ့နေ့မှာ ကန်တော့ပွဲပေါင်းများစွာပေးထားတဲ့ကြားက အုတ်မြစ်ချမယ့် အုတ်ခဲတွေမဝင်တော့လို့ အဲ့ဒီအချိန်ကဝန်ကြီးက ဒေါသတွေထွက်ပြီး ကျနော်နဲ့ အခုကွယ်လွန်သွားပြီဖြစ်တဲ့ ကိုထွန်းထွန်၏း (တရုတ်ကြီး) တို့ကို ပြန်စီပြီး မှတ်တမ်းတင်ပြီးမှ လိုက်ခဲ့ဖို့ထိ ဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းကပါဝင်ခဲ့ကြတဲ့ ဝန်ကြီးနဲ့တကွ တာဝန်ရှိသူတွေ အကုန်သက်ရှိထင်ရှားရှိလျက်ပါ။ နာမည်တွေတော့ မှတ်မိပေမယ့် မဖော်ပြလိုတော့ပါ။

မနက် ၅ နာရီခွဲမှာ အစမ်းလေ့ကျင့်၊ ၆ နာရီခွဲမှာ တကြိမ်ထပ်လေ့ကျင့်ပေမယ့်  အံ့သြစရာက တကယ်အုတ်မြစ် ချတော့ မဝင်တော့တာပါ။ ကျင်းက ဆယ်လက်မ ခြောက်လက္မပတ်လည်ဆို အုတ်က ရှစ်လက္မ လေးလက္မပတ်လည်မို့ မဝင်စရာကိုမရှိပေမယ့် မနက် ၇ နာရီ ၂၀ မှာ ကျွင်းတွေကျဉ်းကုန်တာက စဉ်းစားစရာပါပဲ။

ရုံးဖွင့်ပွဲမတိုင်မီကနေ ဖွင့်ပြီး နှစ်တွေကြာသည်အထိ ကားတိုက် ဆိုင်ကယ်မှောက် ဦးဏှောက်သွေးကြောပြတ် ဆိုင်ကယ်ကပြုတ်ကျ ရောဂါ အရက်စွဲ စတဲ့နည်းပေါင်းစုံနဲ့သေတဲ့ဝန်ထမ်းတွေ မနည်းလှပါဘူး။ ရုံးကြီးကလည်း ရေတွေယို ချတွေစား၊ သတင်းကြေညာတဲ့အချိန် မှာတောင်မှ တံခါးအချပ်လိုက်ကြီးပြုတ်ကျတဲ့အထိ ကြံ့ခိုင်မှုက ညံ့ဖျင်းစွာ ဆိုးဝါးလှပြီး မနည်းကျားကန်ထားရကာ စားရိတ်ထောင်းလွန်းလှတဲ့ရုံးကြီးပါ။ တည်နေရာကတော့ google မှာ တချက်ရိုက်ကြည့်လိုက်ပါ။ တကယ့်သုဿန်တစပြင်လိုနေရာကြီးမှာ လူမနီးသူမနီးတည်ထားတာပါ။ 

ပြောချင်တာက ရုံးကိုအပြစ်ပြောချင်တာထက် အဲဒီမှာတာဝန်ထမ်းဆောင်နေခဲ့ကြရတဲ့သူတွေရဲ့ အခက်အခဲတွေကိုပါ။ အခုလိုပြေးရပြီဟေ့ဆိုတာနဲ့ လယ်ကွင်းတွေ ကုန်းတွေ တောင်ကြားတွေ ဆူးတွေ ဗွက်တွေက ကိုယ့်အဖော်ပါပဲ။ ကူမယ့်လူမရှိပါဘူးဆိုတာပါဗျာ။

ကျနော်တာဝန်မှူးကျလို့ မီးလှုံခဲ့တဲ့ဂိတ်မှာ ကျနော့်ကိုတွေ့တာနဲ့ ဖမ်းပြီးသတင်းပို့ဖို့မှာနေတဲ့ ညီလိုအစ်ကိုလိုနေတဲ့သူအသံကိုကြားလိုက်ရတာ တကယ့်ကိုပြန်မလာဖို့ သေချာစေခဲ့တာပါပဲ။ 

အရာရှိကြီးတစ်ဦးကတော့ ပြန်လာခဲ့ပါညီလေးတဲ့ ကျနော်ချစ်ခင်လေးစားခဲ့ရတဲ့ အစ်ကိုကြီးတစ်ဦးပေါ့။ မမုန်းပါဘူးဗျာ။ ဘက်မတူတာ ခံယူချက်မတူတာ ကိုယ့်ဘဝပျက်စေရုံလောက်နဲ့ တဘက်သားကိုမမုန်းတတ်တာ ကျနော့်အားနည်းချက်။  အစ်ကိုကြီးက မဖမ်းပါဘူးလို့လေအေးလေးနဲ့ပြောနေပေမယ့် ကျနော်နေတဲ့ဝန်းထဲက ညီတွေ ညီမတွေက အစ်ကိုရေ စစ်ကားတွေ ရဲတွေအိမ်ရှေ့မှာရောက်နေပြီ၊ ကားတွေဆက်တိုက်ပတ်နေတယ်၊ အဆောင်တွေကိုဝင်ရှာနေပြီ၊ တတိုက်ဝင်တတိုက်ထွက်မေးမြန်းနေကြတာတွေကို ဗီဒီယိုတွေရိုက် ဓာတ်ပုံတွေရိုက်ပြီးပို့နေကြတော့ ဇဝေဇဝါဖြစ်မိတယ်။ ပိုသေချာသွားတာကတော့ ရေဆင်းမှာပါ လိုက်ရှာနေကြတယ်ဆိုတဲ့သတင်းပါပဲ။ အားလုံးပေါင်း အင်အား ၈၀ လောက်နဲ့ရှာတာက တွေ့ပြီး ဆွေးနွေးရုံ မေးမြန်းရုံပါပဲတဲ့လားဗျာ။

အချိန်ရတုန်းလေး ဆက်ကြဦးစို့။ 
စပျစ်သီးသည်လေးက အမြန်လမ်း မိုင်တိုင်၂၆၄မှာတွေ့တာပါ။ ကျနော် နားရင်း လျှောက်ရင်းနဲ့ရောက်သွားတော့ ဘာအရိပ်မှမနီးတဲ့ခြောက် သွေ့နေတဲ့ကွင်းပြင်ကြီးမှာ ထီးတချောင်းထောင်ပြီး ခနော်နီ ခနော်နဲ့စားပွဲလေးပေါ်မှာ စပျစ်သီးခြင်းတွေ စပျစ်ဝိုင်ပုလင်းတွေတင်ထားပြီး ပလပ်စတစ်ခုံလေးပေါ်ထိုင်ပြီး ဖုန်းသုံးရင်း ကျနော်လာတာမြင်တော့ ဦးလေး နေမကောင်းတာလား ကားပျက်လာတာလား စပျစ်သီးလေးစားပါဦးတဲ့ ခေါ်ရှာတယ်။

ဗိုက်ဆာဆာနဲ့ စပျစ်သီးတွေ အငမ်းမရစားရင်း အကဲခတ်တော့ အသက်က ၁၅ နှစ်လောက်ပဲရှိပါတယ်။ အနားမှာလည်း ဘယ်သူမှမရှိတော့ ရမည်းသင်းသွားတယ်တဲ့။ ဒါနဲ့ သမီးဖုန်းလေးခဏငှားသုံးလို့ရလားဆိုတော့ ဘေလ်မရှိဘူးတဲ့။ ဒါနဲ့ ဖုန်းဘေလ်တစ်သောင်းဖြည့်ခိုင်းပြီး သူ့ဖုန်းနဲ့ယုံကြည်ရမယ့် သူငယ်ချင်းတွေဆီ ဆက်ပါတယ်။

ကျနော့် ဖုန်း list ထဲက လူသုံးထောင်ကျော်လောက်ထဲက ယုံကြည်ရမယ့်သူက ဘယ်သူဆိုတာ ဝေခွဲရတော်တော်ခက်ပါတယ်။ ကျနော့်တည်နေရာပြောပြီး ပင်ပမ်းလွန်းလှတဲ့ခန္ဓာကို လမ်းဘေးချိုင့်ထဲက ကုက္ကိုပင်အရိပ်မှာ အနားပေးလိုက်ပါတယ်။ မအိပ်ခင် စဉ်းစားမိတာက လမ်းဘေးဆိုင်ရှေ့မှာကျန်ခဲ့တဲ့ ကျနော့်ကား အိမ်ထဲကပိုင်ဆိုင်မှုတွေ မိသားစုဝင်တွေ မအောင်မခြင်း ပြန်မဆုံရတော့မယ့် ခရီး....။

ဦးလေး ဦးလေး ထတော့ ပြေးတော့ ... ဆိုလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရဲကားတွေ ရဲဆိုင်ကယ်တွေကဖြတ်သွားနေပါပြီ။ မျက်လုံးကကြိမ်းစပ်နေ၊ မတ်တပ်ရပ်မယ့်ပေါင်တွေ ခြေသလုံးတွေက တဆတ်ဆတ်တုန်ပြီး ထမရတော့ပဲ ပြန်ခွေကျ...။ နောက်တော့မှ စကျင်ကျောက်တုံးကြီး ဘုရားထုဖို့သယ်လာတဲ့လမ်းကြောင်းတဲ့...။

မျက်လုံးတွေကကျိမ်းစပ်နေပေမယ့် ပြန်အိပ်မပျော်တော့။ လာကြိုတဲ့သူငယ်ချင်းတွေရောက်တော့ ညနေ ၃ နာရီကျော်ပြီ။ မင်းအသံ သေချာမကြားရတော့ တပ်ကုန်းကိုလာကြိုရမယ်ထင်ပြီး ထမင်းစား ရေချိုးပြီးမှလာတာတဲ့လေ။ ကားပေါ်ရောက်ပေမယ့် မဆုံတာကြာတဲ့သူငယ် ချင်းတွေတွေ့တော့ စကားပြောရင်းအိပ်မပျော်တော့။ သူတို့အိမ်ရောက်တော့ ညမှောင်နေပါပြီ...။လမ်းလျှောက်လို့မရလောက်အောင် တုန်နေတဲ့ခန္ဓာကိုယ်အောက်ပိုင်းက ၃ ရက်လောက် အနားယူမှ ပုံမှန်ပြန်ဖြစ်ပါတယ်။

နာကျင်ကိုက်ခဲမှုသက်သာပေမယ့် ရင်ထဲကတော့ ကားသံ ဆိုင်ကယ်သံတွေ ခွေးအူသံတွေကြားတိုင်း တဖက်ခြံထဲ ဘယ်လိုခုန်ချပြေးရမယ်၊ အရေးကြီးတဲ့လွယ်အိတ်လေးတပြင်ပြင်နဲ့ ရင်တွေတဒိတ်ဒိတ်ခုန်ပြီး ထထထိုင်နေရတာ ကြာတော့အဆင်မပြေတော့ဘူး။ ဒါနဲ့ပဲ အဲဒီမြို့လေးက စွန့်ခွာဖို့အကြောင်းဖန်လာခဲ့ပြန်ပါရော။

သူငယ်ချင်းတွေက ဘယ်လောက်ကောင်းကောင်း ကိုယ့်ကြောင့် သူတို့ဒုက္ခမရောက်စေချင်တာ စိတ်ရင်းအမှန်ပါ။ ဒါနဲ့ပဲ ဆယ်ရက်နေပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ သူငယ်ချင်းတို့ဆီက အကျီလေးပုဆိုးအဟောင်းလေး သုံးလေးထည်နဲ့ ခေတ္တနေခဲ့တဲ့မြို့လေးကိုစွန့်ခွာရပြန်ပါတယ်။ (အဟောင်းလေးတွေဆိုတာက သူတို့အသစ်ပေးပေမယ့် မထင်ပေါ်စေဖို့ ကျနော်ကတမင်တောင်းယူတာပါ)

ကားပေါ်မှာကိုယ်ခံစားချက်နဲ့ထပ်တူကျနေတဲ့ ဘိုဖြူရဲ့ အလွမ်းမိုင်တိုင် ၁၅ဝဝ သီချင်းလေးဖွင့်ပြီး သူငယ်ချင်းရဲ့ကားကို ကိုယ်တိုင်ပဲမောင်းလာခဲ့ပါတယ်။  မြို့လေးကစထွက်တော့ မနက် ၃ နာရီကျော်ကျော်ပါ။ မိသားစုနဲ့ တဖြေးဖြေးဝေးလာလေ အလွမ်းက ပိုကြီးပြီး ဝမ်းနည်းလာလေ အတူဆုံဖို့ကဘယ်ဆီ...

(ယုံစားခြင်းရဲ့နောက်ကွယ်မှာ ထင်မထားရဲတဲ့ အဖြစ်တွေဟာ 
ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့မဆိုကွာ ဖြစ်မှာစိုးရိမ်တာ...
အိမ်ကိုပြန်ခဲ့ဖို့ကြိုးစားရင်းနဲ့သာ
မရေရာနိုင်သေးတဲ့နေ့ရက်တွေမှာ
အတူတူဆုံဖို့မင်းဆုတောင်းထားပေါ့ကွာ... ဒီအချိန်မှာ
ပြန်အိပ်မရတဲ့ညတွေမှာ
သက်ပြင်းများနဲ့လေးလံကာ
ဒီမြို့ပြညလမ်းပေါ်မှာ
တိတ်ဆိတ်ကွဲကြေကာ
မိုင်များနဲ့ခြားနားပါစေကွာ
မျှော်လင့်လို့မင်းစောင့်နေပါ
ကိုယ်တစ်နေ့နေ့တော့ရောက်လာမှာ စိတ်ချလို့နေပါ...)

ကားထဲကသီချင်းသံကတိုးတိုးလျလျ သူငယ်ချင်းတွေက အိပ်မောကျ မျက်လုံးထဲကပြည့်လျှံနေတဲ့အရည်တွေက ဝေဝါးလို့ ကားကိုဂရုတစိုက်မောင်းရင်း...။

Mask တပ် ကွမ်းတွေပေကြံနေအောင်စားပြီး ပုဂံအကျီ ပုဆိုးအနွမ်း လွယ်အိတ်လေးနဲ့ အဖိုးကြီးတယောက်ကို ဘယ်ဂိတ်မှ သိပ်စိတ်မဝင်စားပါဘူး။ အေးအေးဆေးဆေးပဲ မြို့ပေါင်းများစွာကိုဖြတ်ကျော်လာနိုင်ခဲ့ပေမယ့် ဂိတ်ကြီးတစ်ခုကိုရောက်တဲ့အခါမှာတော့ ကားပေါ်က ပစ္စည်းအားလုံးကို အကုန်ချခိုင်း နောက်ဖုံးကအစဖွင့်ခိုင်းပြီး စစ်ပါတယ်။ ကျနော်တို့က မတ်တပ်ရပ်ပြီး သူတို့မေးတာဖြေရပါတယ်။ ကျနော်က ဒရိုင်ဘာနေရာဆိုတော့ အဆင်သင့်ဆောင်လာတဲ့ ကွမ်းနဲ့ဆေးလိပ်ကို ဘေးကစစ်သားနဲ့ ရဲတွေကိုလိုက်တိုက်ပါတယ်။ ဦးထုပ်ဆောင်း Mask တပ်ထားတဲ့ ဒရိုင်ဘာကြီးပေးတာကို သူတို့ပျော်ပျော်ကြီးသောက်ပြီး ကားပေါ်ပါလာတဲ့ စားစရာတချို့ကိုတောင်းပါတယ်။ ပေးခဲ့ရင် ရပေမယ့် သွားမယ့်မြို့ကလူတွေကို လူကြီးပေးခိုင်းလိုက်တဲ့လက်ဆောင်မို့ပါဆိုတော့ ထပ်မတောင်းပဲ ထွက်ခွာခွင့်ရပါတယ်။

ဒါပေမယ့် နောက်တဂိတ်မှာတော့ မရတော့ပါဘူး။ ကျန်တဲ့သူတွေကို ကားပေါ်ကမဆင်းစေပေမယ့် ကျနော့်ကိုတော့ ဂိတ်တဲထဲအထိခေါ်သွားပါတယ်။ ရင်ကတော့ ပွင့်ထွက်မတတ်ခုန်နေပါပြီ။

(ဆက်ပါဦးမည်)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar