Breaking News

အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၄)

အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၄)
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၂

သမ္မတ ကနေဒီလက်ထက်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ရောဘတ် မက္ကနာရားမားကို ခန့်တယ်။ အတော့်ကို အားကိုး အားထားရတဲ့ အကြံပေးပဲ။ ကနေဒီ လုပ်ကြံခံရပြီးနောက်ပိုင်း လင်ဒန် ဘီ၊ ဂျွန်ဆင် သမ္မတဖြစ်လာတော့လည်း ရောဘတ် မက္ကနာရားမားပဲ ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်တာဝန်ယူရတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန် ကိုယ်တိုင်ကိုယ်ကျပါလာတဲ့ ကိစ္စတွေအတွက် ရောဘတ် မက္ကနာရားမားက အခရာကျတယ်လို့ ဆိုနိုင်တယ်။ 

သူက လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူအဖြစ်ကနေ ဝန်ကြီးဖြစ်လာတာ။ ဗီယက်နမ်အနေနဲ့ “လွတ်လပ်တဲ့ ကမ္ဘာရဲ့ မိသားစုဝင်တဦးအနေနဲ့ ပထမဦးဆုံးနဲ့ အရေးအကြီးဆုံးအချက်က ကွန်မြူနစ်တွေတိုက်ခိုက်မှုရန်ကနေ ကာကွယ်ပေးပြီး၊ လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုတယ်” လို့ သူက ပြောခဲ့တယ်။ ဗီယက်နမ်က အကူအညီတောင်းလာတာကို ပေးရမယ်လို့ မြင်တယ်။ သမ္မတကနေဒီရဲ့ ယုံကြည်အားထားရတဲ့ အတိုင်ပင်ခံဖြစ်သလို၊ စစ်ရေးအတွက် ဗီယက်နမ်မှာ ငွေနဲ့အင်အား ပိုသုံးဖို့လည်း တိုက်တွန်းခဲ့တယ်။
 
အဲဒီအချိန် ခေတ်ပြိုင်မှာ၊ တောင်ဗီယက်နမ်မှာ သမ္မတအဖြစ် ရွေးချယ်ခံရသူက ငိုဒင်ဇင်း (Ngô Đình Diệm) ဖြစ်လာတယ်။ [(Diem) လို့ စာလုံးပေါင်းပေမယ့် အသံထွက်က ‘ဇင်း’ နဲ့ ပိုတူတယ်။] သူက တောင်ဗီယက်နမ်မှာ အင်ပိုင်ယာပြည့်ရှင် ဘောင်ဒိုင်းလက်ထက်မှာ ဝန်ကြီးချုပ်ဖြစ်လာ၊ ပြီးတော့ နောက်ပိုင်း ၁၉၅၅ မှာ သမ္မတအဖြစ် ရွေးကောက် တင်မြှောက် ခံရတယ်။ ကက်သလစ် ဘာသာဝင်၊ ထင်ရှားတဲ့ အစိုးရ အရာရှိမိသားစုက မွေးဖွားလာတာ။ နောက်ပိုင်း ပြင်သစ် ကိုလိုနီ ကာလမှာ ပြင်သစ်ကို အပြင်းအထန် ဝေဖန်ပြစ်တင်တာတွေ လုပ်ခဲ့တဲ့ ဗီယက်နမ် အမျိုးသားရေးဝါဒီ တဦးလည်း ဖြစ်ခဲ့တယ်။ ငိုဒင်ဇင်းလည်း ၇-နှစ်လောက် ပြည်ပြေးဖြစ် ပြည်ပမှာ ထွက်ပြေး နေခဲ့ရသေးတယ်။ သူက ဘုရင် ဘောင်ဒိုင်းကို မကြိုက် သလို၊ ကွန်မြူနစ်ဝါဒကိုလည်း ဆန့်ကျင်တယ်။ သူ့ကိုယ်သူ ‘တတိယ လမ်းစဉ်’ ဆိုပြီးတော့ “ကန်လောင်ပါတီ” (Can Lao party) ကိုလည်း ထူထောင်ခဲ့တယ်။ 

သမ္မတဖြစ်လာတဲ့ အချိန်မှာ အမေရိကန်က ဗီယက်နမ်သမ္မတ ငိုဒင်ဇင်းနောက်က ကျောထောက်နောက်ခံ ရပ်တည်တယ်။ အကူအညီတွေ ပေးတယ်။ စီးပွားရေး၊ ဖွံ့ဖြိုးရေး အကူအညီသာမက ဗီယက်နမ်တပ်မတော် (ARVN) ထူထောင်နိုင်ဖို့ စစ်သင်တန်း၊ စစ်လက်နက် ရဟတ်ယာဉ်၊ ကရိယာပါ အကူအညီပေးခဲ့တယ်။ ၁၉၅၅ ခုနှစ်မှာ ARVN တောင်ဗီယက်နမ် တပ် မတော် စတင် ထူထောင်ပြီး၊ သိပ်မကြာခင်မှာပဲ ဗီယက်ကောင်းတွေ သူပုန်ထမှုကို ချေမှုန်းရဖို့ အဓိကတာဝန် ဖြစ်လာတယ်။ အမေရိကန်က စီးပွားရေး၊ ဖွံ့ဖြိုးရေး အကူအညီတွေ လည်းပေးတယ်။ ၁၉၆၁ ခုနှစ်မှာ ကနေဒီ စတင်တည်ထောင် ဖွဲ့စည်းခဲ့တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ (Peace corps) က စေတနာ့ဝန်ထမ်းတွေလည်း ဗီယက်နမ်ကျေးလက်ကို ရောက်လာကြတယ်။ ဒါပေမယ့် ဗီယက်နမ်ပြည်သူတွေရဲ့ အသည်းနှလုံးကို မသိမ်းပိုက်နိုင်ခဲ့ဘူး။ 

ငိုဒင်ဇင်း အစိုးရက အကျင့်ပျက်ခြစားမှုတွေ တင်းကြမ်းပြည့်နေတယ်။ ဖိနှိပ်မှုကလည်း ရှိတယ်။ ဒါကြောင့်လည်း နောက်ပိုင်း မှာ သူ့ကို အဂတိလိုက်စားမှုများတဲ့ အာဏာရှင်အဖြစ် လူတွေအမှတ်ရနေကြတယ်။ သူ့အစိုးရမှာ တာဝန်ရယ်လို့ တိတိ လင်းလင်း မယူထားပေမယ့် ဩဇာထက်တဲ့သူက သမ္မတရဲ့ညီဖြစ်သူ ငိုဒင်နု (Ngô Đình Nhu) ပဲ။ သူက ကိုယ်ပိုင် စစ်တပ်လေးနဲ့ ထောက် လှမ်းရေးတပ်တွေလည်း ထူထောင်ထားတယ်။ ဒါကြောင့် လက်စောင်းထက်တယ်။ မိသားစုဝင်တွေရဲ့  လာဘ်စားမှုတွေကလည်း ကျော်စောတယ်။ ငိုဒင်နု အကူအညီနဲ့ ငိုဒင်ဇင်းက အာဏာကို ပိုလို့ခိုင်မာအောင် စုစည်းနိုင်ခဲ့တယ်။ ဗီယက်နမ် နိုင်ငံ ထူထောင်ရေးအတွက် စက်မှုနဲ့ ကျေးလက် ဖွံ့ဖြိုးရေး အစီအစဉ်တွေလည်း ချမှတ်သေးတယ်။ ဒါပေမယ့် ၁၉၅၇ ခုနှစ်ကစပြီး မြောက်ဗီယက်နမ်ရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ “ဗီယက်ကောင်း သူပုန်ထမှု” က အကျယ်အပြန့် ဖြစ်လာတယ်။ သမ္မတကနေဒီ လက်ထက်မှာပဲ၊ သူ့ရဲ့ စစ်ရေးအကြံပေးတွေ အစီအစဉ်အရ “မဟာဗျူဟာမြောက် စုစည်း ကျေးရွာ အစီအစဉ် (Strategic Hamlet Program) တွေကို ၁၉၆၂ ခုနှစ်မှာ စတင်လုပ်ဆောင် လာခဲ့တယ်။ Strategic hamlet program ဆိုတာကတော့ ကျနော်တို့ဆီမှာ နာမည်ဆိုးတဲ့ “ဖြတ် ၄ ဖြတ်” အစီအစဉ်နဲ့ တူနိုင်တယ်။ သဘောက တော့ ဗီယက်ကောင်းတွေ လူထုနား မကပ်နိုင်အောင် ရွာတွေကို ခြံခတ်၊ လူတွေကို စုစည်းနေရာချ၊ ထိန်းချုပ်ထားတဲ့ အစီအစဉ်ပါပဲ။ 

ဗုဒ္ဓဘာသာဝင်တွေနဲ့ ပဋိပက္ခ 
ငိုဒင်ဇင်းက ကက်သလစ်ဘာသာဝင်တွေကို ပိုမျက်နှာသာပေးတယ်၊ ဗုဒ္ဓဘာသာဝင်တွေကို ချိုးနှိမ်ထားတယ်လို့ လူတွေက မြင်ကြတယ်။ ဒီလိုနဲ့ တောင်ဗီယက်နမ်မှာ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ပဋိပက္ခ အကြီး အကျယ် ဖြစ်ရတယ်။ ၁၉၆၃ ခုနှစ်၊ ကဆုန်လပြည့် ဝိသာခါနေ့မှာ စပြီး ပြဿနာ ဖြစ်တယ်။ လူစုလူဝေးနဲ့ ချီတက်တာ၊ ဗုဒ္ဓဘာသာ ပွဲလမ်းကျင်းပတာကို သမ္မတ ငိုဒင်ဇင်းက ပိတ်ပင်ရာက စတာ၊ ရဲအင်အားနဲ့ ဖြိုခွဲမှုတွေ လုပ်တယ်။ သံဃာတွေ သေကြေဒဏ်ရာ ရတာပါ ဖြစ်ခဲ့ တယ်။ နောက်ပိုင်း ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေ နဲ့အတူ တက္ကသိုလ်ကျောင်းသားတွေပါ ဆန္ဒပြကြတယ်။ နယ်တခုမှာ တပ်တွေက ဝင်ပစ်ခတ်နှိမ်နင်းရာမှာ လူထု ၃၀ လောက် ပစ်သတ်ခံရပြီး၊ ၂၀၀ လောက် ထိခိုက်ဒဏ်ရာရတယ်။ သံဃာ၊ လူအများအပြား ဖမ်းဆီးခံရတယ်။ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတော့ အမေရိကန်အစိုးရကပါ ငိုဒင်ဇင်းအစိုးရကို ဖိအား ပေးလာရတယ်။ ဒါလည်း နားမထောင်ဘူး။ တောင်ဗီယက်နမ် တပ်မတော်ထဲက အင်အားစုတွေကပါ အစိုးရကို မကျေမလည် ဖြစ်လာရတယ်။  

ကျနော်တို့ မြင်ဖူးကြတဲ့ ကိုယ့်ကိုယ်ကို မီးတင်ရှို့ဆန္ဒပြတဲ့ သံဃာတပါး ဓာတ်ပုံ ရှိတယ်။ ၁၉၆၃ ဇွန်လ ၁၁ ရက်နေ့မှာ သစ် ကွမ်ဒတ် (Thích Quảng Đức) လို့ခေါ်တဲ့ သံဃာတပါးက အစိုးရရဲ့ ဖိနှိပ်တဲ့မူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြပြီး သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးတင်ရှို့ခဲ့တာ။ သူ တည်ငြိမ်စွာ မီးလောင်နေတဲ့ပုံက ကမ္ဘာတလွှားမှာ ပြန့်နှံ့ခဲ့တယ်။ ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်။  ဒီကိစ္စတွေကြားထဲ ဆိုးတဲ့သူက ရှိသေးတယ်။ 

သမ္မတ ညီတော်သူ ငိုဒင်နုရဲ့ ဇနီး Trần Lệ Xuân ပဲ။ “မဒမ်နု”လို့ သိကြတယ်။ ဩဇာကြီးတဲ့ သူ ငိုဒင်နုရဲ့ ဇနီးဖြစ်လို့ တရား ဝင် သမ္မတကတော်မဟုတ်တဲ့တိုင်အောင် ကတော်ချုပ် (Defacto first lady) လို့တောင် ဆိုကြတယ်။ သူက မီးရှို့ဆန္ဒပြခဲ့တဲ့ သံဃာကို “ဘာဘီကျူး” အသားကင်လို့ ခေါ်တယ်။ အကယ်၍ နောက်မီးတင်ရှို့ချင်သူတွေ ရှိပါစေ။ မီးခြစ်ပေးလိုက်ဦးမယ် ဆိုတဲ့ အပြောမျိုးလည်း ပြောသေးတယ်။ ကြားရတဲ့ ဗီယက်နမ်လူထုတွေအဖို့ မခံမရပ်နိုင်စရာပဲ။ ပြင်သစ်တော်လှန်ရေး ကာလက “ပေါင်မုန့်မရှိရင် ကိတ်မုန့်စား” လို့ ပြောခဲ့တဲ့ ပြင်သစ်မိဘုရား မေရီအင်တွိုင်းနက်ရဲ့ အပြောအဆိုမျိုးလိုပါပဲ။ 

ဒီလိုနဲ့ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းမှု ဖြစ်တယ်။ အမေရိကန် စီအိုင်အေက ကျောထောက်နောက် ခံ မြှောက်ပေးတယ်လို့ ဆိုကြတယ်။ အဲဒီ အာဏာသိမ်းမှုအပြီး ဖမ်းဆီးခံနေရစဉ်မှာပဲ သမ္မတနဲ့ သူ့ညီ အသတ်ခံလိုက်ရတယ်။ The Vietnam War ဗီဒီယိုမှတ်တမ်းခွေမှာလည်း ဒီကိစ္စကို အသေးစိတ် ဖော်ပြထားတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာန အရှေ့ဖျားဒေသရေးရာရုံး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Assistant Secretary of State ရော်ဂျာ ဟေးလ်မင်း (Roger Hilsman) ရဲ့ လက်ထောက်တဦးက ကြေးနန်းတစောင် ပြင်ဆင်တယ်။ သူက ဗီယက်နမ်မှာရှိတဲ့ အမေရိကန် သံအမတ်ကြီးဆီကို ပို့ရမှာ။ စာထဲမှာ သမ္မတ ငိုဒင်ဇင်းအနေနဲ့ သူ့ညီ ငိုဒင်နုကို ဖယ်ရှားစေဖို့ တောင်းဆိုထားတယ်။ ဒီ ကြေးနန်းကို ကျန်သူတွေကလည်း ထောက်ခံပြီး၊ သမ္မတကနေဒီလည်း အတည်ပြုတယ် ဆိုကြတယ်။ ဒါပေမယ့် အမေရိကန် ဖက်က စိုးရိမ်တာက ငိုဒင်ဇင်ကို အစားထိုးဖို့ နောက်ထပ် ခေါင်းဆောင်တယောက် မတွေ့တာပဲ။ 

ဒီလိုနဲ့ နောက်ဆုံး တောင်ဗီယက်နမ်တပ်မတော် ARVN က တပ်မှူးအချို့ကို မြှောက်ပေးပြီး၊ အာဏာသိမ်းဖြုတ်ချဖို့အထိ ဖြစ်စေခဲ့တယ်။ ဖမ်းဆီးထိန်းသိမ်းခံရစဉ်မှာပဲ ငိုဒင် ညီအကိုနှစ်ယောက် သတ်ခံလိုက်ရတယ်။ လက်လွန်သွားကြတယ်။ အဲဒီနောက်ပိုင်းမှာတော့ တောင်ဗီယက်နမ်ထဲ အာဏာလေဟာနယ်၊ အာဏာ အားပြိုင်မှုနဲ့ အာဏာသိမ်းမှုတွေ အကြိမ်ကြိမ် ထပ်ဖြစ်ကြတယ်။ 

တိုက်ဆိုင်တယ်ရယ်လို့တော့ မဟုတ်ဘူး။ ငိုဒင်ဇင်းက နိုဝင်ဘာ ၁ ရက်နေ့မှာ လုပ်ကြံခံရတယ်။ သိပ်မကြာခင်မှာပဲ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ မှာ အမေရိကန် သမ္မတကနေဒီ လုပ်ကြံခံရတယ်။ ဒုသမ္မတ လင်ဒန် ဘီ ဂျွန်ဆင်က သမ္မတနေရာ တက်ယူရတယ်။ 

မြောက်ဗီယက်နမ်ဖက်က “လေဇွမ်း”
မြောက်ဗီယက်နမ်ဖက်က ခေါင်းဆောင်တဦးကိုလည်း သိဖို့ကောင်းတယ်။ လေဇွမ်း (Lê Duẩn) လို့ ခေါ်တဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပဲ။ [(Duan) လို့ စာလုံးပေါင်းပေမယ့် ‘ဇွမ်း’ လို အသံထွက်နဲ့ ပိုတူတယ်။] ၁၉၅၀ ခုနှစ်များ နောက်ပိုင်းမှာ ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာခဲ့တယ်။ သူက ပထမကာလ အင်ဒိုချိုင်းနားစစ်ပွဲမှာ တောင်ဗီယက်နမ်ဖက်မှာ တော်လှန်ရေးခေါင်းဆောင်တဦးပဲ။ ၁၉၅၀ ခုနှစ်များမှာ ဗီယက်နမ် ကွန်မြူနစ်ပါတီမှာ တွဲဘက်အတွင်းရေးမှူး ဖြစ်လာပြီးတော့ သူက တောင်ပိုင်းကို ကိုယ်စားပြုပြီး၊ ဗီယက်နမ်နိုင်ငံ ပေါင်းစည်းရေးကို တက်တက်ကြွကြွ တောင်းဆိုခဲ့တဲ့သူလည်း ဖြစ်တယ်။ 

ပါတီထဲမှာ ဒုတိယဩဇာအကြီးဆုံး၊ အရေးပါတဲ့ မူဝါဒချမှတ်သူလည်း ဖြစ်လာတယ်။ ဥက္ကဋ္ဌ ဟိုချီမင်း ကွယ်လွန်ပြီးနောက်မှာ သူဆက်ခံတယ်လို့ ဆိုနိုင်တယ်။ မြောက်-တောင် ဗီယက်နမ်ပေါင်းစည်းပြီးတဲ့အခါ ၁၉၇၆ ခုနှစ်မှာ ပါတီဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်တယ်။ သူက ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာခဲ့တယ်။ ၁၉၈၆ ခုနှစ်ကျမှ ကွယ်လွန်တယ်။ 

ပါတီ တတိယ အမျိုးသားကွန်ဂရက်မှာ မြောက်ဗီယက်နမ်မှာ ဆိုရှယ်လစ်တော်လှန်ရေး ဆင်နွှဲဖို့ ဆုံးဖြတ်ချက်ချတယ်။ တောင်ဗီယက်နမ်မှာကျတော့ အမေရိကန် လက်ဝေခံ ငိုဒင်ဇင်းအစိုးရကို တော်လှန်ဖို့ တောင်ဗီယက်နမ် ပြည်သူ့တပ်ဦးကို ဖွဲ့စည်းပြီး တော်လှန်ရေးစတင်တာ အတည်ပြုခဲ့တယ်။ အဲဒီတပ်ဦးက ဦးဆောင်ပြီးတော့ ၃ လအကြာ၊ ၁၉၆၀ ခုနှစ် ဒီဇင်ဘာလမှာ “ဗီယက်ကောင်း” ပေါ်ပေါက် လာခဲ့တယ်။
အခုအထိ ကျနော်ဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေက ကျနော် မမွေးသေးခင်မှာ ဖြစ်ခဲ့တာ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar