ညိုထွန်းလူ — တောအုပ်
ကွင်းပြင်တစ်ခုလုံး မြူနှင်းတွေ ဖုံးလွှမ်းထား၍ နံနက်ခင်းအလင်းရောင်သည် ဝိုးတဝါးမျှသာ။ တစ်ညလုံး ကြောက်အားလန့်အားဖြင့် ထွက်ပြေးလာခဲ့ရသည်။
ပင်ပန်းလွန်း၍ ပါးစပ်ဟပြီး လေကို အငမ်းမရ ရှူနေမိသည်။ တစ်ချိန်က သန်မာကြံ့ခိုင်ခဲ့သည့် ခြေထောက်တွေက သူ့အလိုအတိုင်း သယ်ဆောင်ပေးနိုင်ပါဦးမလား။ တနေ ဝင်၍ တနေ ထွက်လာခဲ့သော်လည်း အရုဏ်ဦးနေ့သစ်သည် သူ့အား လန်းဆန်းပြည့်ဝသည့် ခွန်အားတွေကို ဖြည့်ဆည်းပေးနိုင်စွမ်းမရှိတော့ပြီ။ ပုံမှန်အတိုင်း ကုန်ဆုံးသွားသည့် နေ့ရက်များသည် သူ့ခန္ဓာအိုကလေးကို တအိအိ ဖဲ့စားနေပြီး အသက်ဓာတ်ကို တနေ့ထက်တနေ့ လျော့ပါးသွားစေခဲ့ပါပကော။
ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းလည်း မသိပါဘူးကွာ။ အခုချိန်အထိ အသက်နဲ့ ကိုယ်နဲ့ မြဲနေသေးလို့ ကံကောင်းနေသေးတယ်။ ကဲပါကွာ မတ်တတ်ထပြီး နည်းနည်းလောက် အားတင်းပြီးလျှောက်လိုက်ကြရအောင်ပါ ငါ့လူရာ။ဟောဟိုက သစ်ပင်တွေနဲ့ တောအုပ် ရောက်သွားရင် ငါတို့ လုံခြုံသွားပြီ။ အေးအေးဆေးဆေး အနားယူကြမယ်။ကံကောင်းရင် စားစရာ အသီးလေး ဘာလေးတော့ တွေ့လောက်ကောင်းပါရဲ့။
တခဏအကြာ အဘိုးအိုသည် ချည့်နဲ့နေသည့် ခြေလှမ်းတွေဖြင့် တောအုပ်ဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းနေသည်။တောအုပ်ထဲ ရောက်သည်နှင့် စိတ်အေးလက်အေး အနားယူလိုက်မည်ဟု တွေးလိုက်၏။
သစ်ပင်တွေလည်း မရှိ။ မကောင်းသည့် အငွေ့အသက်တွေနှင့်အတူ သေခြင်း၏ ပုံရိပ်တွေက နောက်ဆုံးမှတ်တိုင်ကိုရောက်လာတော့မည့် သူ့ကို စောင့်ကြိုနေလျက် ရှိသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar