သီအိုဇော် — ချစ်ခန်း ကြိုက်ခန်း မပါတဲ့ ယူကရိန်းအချစ်ဇာတ်လမ်း သန့်သန့်လေးတစ်ပုဒ်
သီအိုဇော် — ချစ်ခန်း ကြိုက်ခန်း မပါတဲ့ ယူကရိန်းအချစ်ဇာတ်လမ်း သန့်သန့်လေးတစ်ပုဒ်
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂။
ကိုယ့်ပြည်တွင်းမှာရော ကမ္ဘာရဲ့တစ်ဘက်ခြမ်းမှာပါ စစ်မီးတောက်လောင်နေတဲ့ကာလမှာ ‘အချစ်ဇာတ်လမ်း တစ်ပုဒ်’ရဲ့အကြောင်း ရေးခဲ့မိတာ၊ ခိုင်လုံတဲ့အကြောင်းတရား ရှိပါတယ်။ ‘Sviatoslav Fursin’ ဆိုတဲ့ ယူကရိန်း ကောင်လေးနဲ့ ‘Yaryna Arieva’ ဆိုတဲ့ယူကရိန်း ကောင်မလေးတို့ ချစ်သူနှစ်ဦးဟာ ၂၀၂၂ ခုနှစ် မေလမှာ လက်ထပ်ကြဖို့ ပြင်ဆင်ထားကြသူတွေပါ။ စစ်ရိပ်သန်းလာတဲ့အချိန်၊ အနာဂတ် မသေချာတော့တဲ့ ကာလကိုရောက်လာတဲ့အခါမှာတော့ စီစဥ်ထားတဲ့အချိန်အထိ စောင့်မနေတော့ပဲ ‘ဆဗီယာတိုဆလဗ်’နဲ့’ယရီနာ’တို့လက်ထပ်လိုက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
‘ဆဗီယာတိုဆလဗ်’က (၂၄) နှစ်နဲ့ ယရီနာက (၂၁) နှစ်အရွယ်ပါ။ သူတို့မူလရည်ရွယ်ထားတာကတော့ ယူကရိန်းမြို့တော် Kyiv (‘ကိယက်ဗ်’)ကို ဖြတ်ပြီးစီးဆင်းသွားတဲ့ နာမည်ကျော် Dnieper river (နီပါမြစ်) မြစ်ကမ်းပါးပေါ် က ရှုခင်းကောင်းတဲ့ စားသောက်ဆိုင်တစ်ခုမှာ မင်္ဂလာဆောင်အခမ်းအနားလုပ်ကြမယ်လို့ စိတ်ကူးထားကြပါ တယ်။ နီပါမြစ်ဟာ ဥရောပတိုက်ရဲ့ စတုတ္ထအရှည်ဆုံးမြစ်ဖြစ်ပြီး ၂၂၀၀ ကီလိုမီတာဝန်းကျင်လောက် ရှည် လျားတဲ့အတွက်၊ ဧရာဝတီမြစ်ရဲ့ အရှည်နဲ့နီးစပ်တယ်လို့ ပြောနိုင်ပါတယ်။
ခြားနားတာက ရုရှားမှာ မြစ်ဖျားခံ၊ ဘယ်လာရုပ်စ်နဲ့ ယူကရိန်းနိုင်ငံကို ဖြတ်ပြီး ပင်လယ်နက်ထဲ စီးဝင်သွားတာပါ။ ယူကရိန်းရဲ့ အရှည်ဆုံးမြစ်၊ ယူကရိန်းရဲ့ ဧရာဝတီလို့လည်း ဆိုနိုင်ပါတယ်။ သိပ်ကို လှပတဲ့အတွက် အပျော်စီးသင်္ဘောခရီးစဥ်တွေ ပြေးဆွဲကြတဲ့ မြစ်လည်းဖြစ်ပါတယ်။
တကယ်တမ်း မင်္ဂလာဆောင်ဖြစ်တော့ ရုရှားမှာ မြစ်ဖျားခံတဲ့ နီပါမြစ်ရဲ့ ရှုခင်းအလှအပကို ခံစားဖို့မဖြစ်နိုင် တော့တဲ့ အချိန်ပါ၊ ရုရှားက မြစ်ဖျားခံတဲ့ ပြဿနာနဲ့တိုက်ဆိုင်တဲ့ အချိန်လို့တော့လည်း ပြောနိုင်ပါတယ်။ ရုရှား တပ်တွေ ကျူးကျော်ဝင်ရောက်လာပြီး နာရီပိုင်းအကြာမှာပဲ ‘ဆဗီယာတိုဆလဗ်’နဲ့’ယရီနာ’တို့ St. Michael’s Golden-Domed Monastery မှာ လက်ထပ်လိုက်ကြပါတယ်။ နိုင်ငံတွင်းဒေသအနှံ့မှာ ကျူးကျော်တပ်တွေရဲ့ အန္တရယ်က လွတ်အောင် ထွက်ပြေးတိမ်းရှောင်နေကြရချိန်၊ မင်္ဂလာဆောင်ကျင်းပတဲ့ ဘုရားကျောင်းပတ်ဝန်း ကျင်မှာလည်း လေကြောင်းအန္တရာယ် အချက်ပေးဥဩသံတွေက ဆူညံလို့နေပါတယ်။
ကိယက်ဗ်မြို့တော်အကြောင်း ရုပ်မြင်သံကြား ရိုက်ကူးတင်ဆက်တဲ့အခါ သတိထားကြည့်ရင် ရွှေရောင် အမိုး ခုံးနဲ့ ဘုရားကျောင်းကို တွေ့မြင်နိုင်ပါတယ်။ ဒါဟာ ‘ဆဗီယာတိုဆလဗ်’နဲ့ ’ယရီနာ’တို့ လက်ထပ်ခဲ့ကြတဲ့ စိန့် မိုက်ကယ်ဘုရားကျောင်းပါ။ သူတို့နှစ်ယောက်ရဲ့ သတင်းဓာတ်ပုံတွေကို CNNလို ချန်နယ်မျိုးကအစ သတင်း ဌာန အတော်များများမှာ ထည့်သွင်းဖော်ပြနေကြပါပြီ။
မေးစရာဖြစ်လာနိုင်တာက ဘာ့ကြောင့် မင်္ဂလာပွဲ ရှေ့ကို ရက်ရွှေ့လိုက်ရုံလေးနဲ့ သူတို့နှစ်ယောက်အကြောင်း နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ရေးကြီးခွင်ကျယ်လုပ်နေကြရသလဲ ဆိုတာကိုပါ။ ပုံမှန်ဆိုရင် လက် ထပ်ပွဲပြီးတော့ ဟန်းနီးမွန်းအပျော်ခရီးထွက်သွားနိုင်တဲ့ ‘ဆဗီယာတိုဆလဗ်’နဲ့ ’ယရီနာ’ ဆိုတဲ့ ‘ယူကရိန်းဂျန်ဇီ’ နှစ်ယောက်ဟာ ဒေသဆိုင်ရာကာကွယ်ရေးဌာနကို သွားပြီး သူတို့နိုင်ငံကိုကာကွယ်ဖို့ လက်နက်သွားထုတ်ကြ ပါတော့တယ်။ အခုပဲ လက်ထပ်ကြခဲ့တဲ့ သူတို့နှစ်ဦး၊ ကမ္ဘာ့ထိပ်တန်းစစ်တပ်နဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုရလဒ် မျိုးကြုံနိုင်တယ်ဆိုတာ သူတို့ သိကြပါတယ်။ ‘ယရီနာ’က ဖြေထားပါတယ် ‘‘ကျမတို့နှစ်ယောက်လုံး သေဆုံး သွားနိုင်တယ်ဆိုတာ သိပါတယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ နှစ်ယောက် အတူရှိနေချင်လို့ပါ” တဲ့။
လက်ထပ်ပြီးခါစ ချစ်သူနှစ်ဦးရဲ့ ခံစားချက်၊ တယောက်ပေါ် တယောက် ထားကြတဲ့ ချစ်ခြင်းတရားကို ကြားရ သူအားလုံး နားလည်နိုင်ကြမှာပါ၊ ဒီလိုဆိုရင် နိုင်ငံအပေါ်ဒီဂျန်ဇီနှစ်ယောက် ထားရှိတဲ့ ချစ်ခြင်းကိုရော ဘယ်လိုနားလည်ပေးကြမှာလဲ၊ ပခုံးပေါ် ရောက်လာတဲ့တာဝန်လို့ ပြောရမလား၊ ပခုံးပေါ်ဆွဲတင်လိုက်တဲ့တာဝန် လို့ ပြောရလေမလား၊ ‘ဆဗီယာတိုဆလဗ်’နဲ့ ’ယရီနာ’ တို့နှစ်ဦးကတော့ ဘဝလက်တွဲဖော် တရားဝင်စဖြစ်ကြတဲ့နေ့မှာပဲ သေနတ် တယောက် တလက်စီ ကိုင်ဆွဲလို့ အတူထွက်သွားကြပါပြီ။
အခု ဒီဆောင်းပါးကို ဖတ်နေကြရတဲ့ အချိန်မှာ သူတို့နှစ်ယောက်ကရော...။
ဆက်မတွေးချင်တော့ပေမယ့် ဆက်ရေးရပါဦးမယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ မွေးဖွားခဲ့တဲ့ ဂျန်ဇီ များဟာ မျိုးဆက်တစ်ခုလုံးအလိုက် ဉာဏ်ပညာ၊ ချစ်ခြင်းမေတ္တာနဲ့ ရဲရင့်ခြင်းတွေ ပိုမိုများပြားနေလေသလား၊ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ရှေ့တန်းတင်ပြီး ကြောက်ရွံ့ခြင်းက ကင်းဝေးကြတဲ့မျိုးဆက်များလား ဆိုတာ စဥ်းစားချင်စရာပါ။ လူ့သက်တမ်းနှစ်ပေါင်းများစွာ သူတို့အတွက် ကျန်ရှိနေသေးပေမယ့် သူတို့တတွေက ရဲရဲဝံ့ဝံ့။
အတ္တကြီး၊ ကိုယ်ကျိုးဖက်၊ လူသားချင်းစာနာမှုမရှိ၊ ဉာဏ်နီဉာဏ်နက်များပေမယ့် ဉာဏ်ပညာခေါင်းပါး၊ သဘောထားကျဥ်းမြောင်းတဲ့ သက်တမ်းလွန် မျိုးဆက်ဟောင်းများ နေရာကို၊ အခုလို မျိုးဆက်သစ်များ ဝင်ရောက်နေရာယူကြမယ့် အချိန်က သိပ်မဝေးတော့ဘူး ဆိုတာ တွေးကြည့်ရုံနဲ့တင်၊ ပြည်တွင်း ပြည်ပ အရေး စိတ် အစာမကြေမှုတွေကလည်း အတော်အတန် လျော့ပါးသွားသလိုပါပဲ။ အားလုံးဟုတော့ မပြော၊ ဒါပေမဲ့ ဘယ်နိုင်ငံ ဘယ်ဒေသမှာမဆို ထစ်ခနဲ ဖြစ်လိုက်ပြီဆိုတာနဲ့၊ ပြဿနာကြီးငယ် ဖြေရှင်းမရ၊ ညှိမရအောင် ဖြစ်ကြပြီ ဆိုတာနဲ့ ဘယ်မျိုးဆက်တွေလဲလို့ မေးစရာမလိုလို့တောင် ဆိုရမလောက်ပင်။
အချစ်ကြီးသူနှစ်ဦးလို့ ဆိုလိုက်ရင် ‘ရိုမီယို ဂျူးလိယက်’ဆိုပြီး အရင်လို ရှိတ်စပီးယားရဲ့ ဂန္ထဝင်ပြဇာတ် ခေါင်း ထဲ ပြေးဝင်မလာဖို့၊ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားရပါဦးမယ်။ မဟုတ်လို့ကတော့ ‘ဆဗီယာတိုဆလဗ်’နဲ့ ’ယရီနာ’ တို့ နှစ်ယောက်ကို ရှက်ရွံ့အားနာစရာ။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar