မောင်ငြိမ်းသက် — မြန်မာ့နွေဦးတော်လှန်ရေး
မောင်ငြိမ်းသက် — မြန်မာ့နွေဦးတော်လှန်ရေး
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂
စကစဟာ သူ့အလုပ် သူလုပ်ပါတယ်။ အခုအချိန်ကာလဟာ မြန်မာနိုင်ငံရေးကို ချဥ်းကပ်စဥ်းစားမယ်ဆိုရင် (Normative approach) "မြန်မာ့ နွေဦး တော်လှန်ရေး" နှုန်းစံအခြေပြု ချဥ်းကပ်နည်းရော လက်တွေ့ အခြေပြု ချဥ်းကပ်နည်း (Pragmatic approach) ဆိုတဲ့ ချဥ်းကပ်နည်း ၂ ခုလုံးကို ကိုင်စဥ်းစားရမယ် ထင်ပါတယ်။အကြောင်းက ရှင်းပါတယ်။
လူထုခေါင်းဆောင်ဟာ ၂၀၀၈ ခြေဥဟာ ဒီမိုကရေစီနှုန်းစံတွေ နဲ့ မကိုက်ညီတဲ့ ခြေဥ ဆိုတာကို သူမ သိပါတယ်။ ဒါပေမဲ့ (Pragmatic approach) လက်တွေ့ကျတဲ့ အခြေခံနဲ့ ချဥ်းကပ်မှုလို့ လူထုခေါင်းဆောင်က ပြောခဲ့ပါတယ်။ နှုန်းစံစဥ်းစားမှု Normative approach ကို မဆုပ်ကိုင်ခဲ့ပါဘူး။ ၂၀၀၈ ကို ယာယီလက်ခံပြီး Political opening တခု နိုင်ငံရေး အရွေ့တခုကို သူမ စတင်ခဲ့ပါတယ်။
တကယ်တော့ စစ်အုပ်စု စစ်အာဏာရှင်တွေဟာ၂၀၀၈ အထိုင်ပေါ်က တစစ စွန့်ခွာရေးအယူအဆ မရှိခဲ့ပါဘူး။ အခုလည်း မရှိဘူး။ နောက်နောင်လည်း မရှိပါဘူး။ စစ်အုပ်စုဟာ စစ်တပ်ဆိုတဲ့ Institution ဒီမိုကရေစီ နိုင်ငံတခုရဲ့ စစ်တပ်နှုန်းစံတွေ လက်မခံပါဘူးဆိုတာကို ဒီကနေ့ ကြယ်စင် တို့၊ ညီညီ တို့ စတဲ့ GZ အသက်ပေါင်းများစွာနဲ့ သက်သေပြနေပါတယ်။
စစ်အုပ်စုဟာ လူနေအိမ်တွေ၊ ရွာတွေကို မီးရှို့၊ ကုန်ကုန်ပြောရရင် ရွာရဲ့ရေတွင်းတောင် မီးရှို့ပါတယ်။ နောင်နှစ် တွေမှာ ထွန်ယက်စိုက်ပျိုစားလို့မရအောင် ထွန်တုံးနဲ့ နွားပါမကျန်အောင် မီးရှို့ပါတယ်။
စစ်တပ်ဟာ စစ်အုပ်စု တလက်ကိုင်တပ်ပါ စစ်တပ်အတွင်းက ဒီမိုကရေစီ အင်အားစု ရာမို့စ်လို ဗိုလ်ချုပ်မျိုး ထွက်လာဖို့ နည်းပါတယ်။ အကြောင်းက ရှင်းပါတယ်။ မြန်မာ စစ် တပ် ဗိုလ်ချုပ် တွေဟာလစ်ဘယ်ရယ်ဒီမိုကရေစီ နိုင်ငံတွေမှာ ပညာသင်ခဲ့သူတွေ မဟုတ်ပါဘူး။ Liberal Art ကို နားမလည်ပါဘူး။
NLD အစိုးရလက်ထက် အနောက်အုပ်စုမှာ ပညာသင်ခဲ့တဲ့ လစ်ဘယ်ရယ်ဒီမိုကရေစီကို လိုလားတဲ့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ၈၈ မျိုးဆက် ဘိုဘိုငယ်လို လူငယ်တွေကို အာဃာတထားပါတယ်။ ကျနော် တကြောင်းတည်းပြောချင်တာက မြန်မာစစ်တပ်ဟာ အစိုးရ နေရာကို လိုချင်တဲ့ စစ်အာဏာရှင်တွေပါ။ လူထုရွေးကောက်တင်မြှောက်တဲ့ နည်းကို ပစ်ပယ်သူတွေပါ။
စစ်တပ်ဟာ ဘယ်အချိန် ဘယ်အခြေအနေမျိုးမှာ လူထုရွေးကောက်တင်မြှောက်တဲ့ ပါလီမန် ဒီမိုကရေစီစနစ်ကို အယောင်ပြထူထောင်မလဲဆိုရင် အခြေခံဥပဒေခုံရုံးတွေ အခြေခံဥပဒေအရ သူတို့ နိုင်ငံရေးအရ အနိုင်အထက်ပြုကျင့်လို့ရမှ နိုင်ငံရေး အသာစီးရမှ စဥ်းစားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ ဒါကို သိရက်နဲ့ စစ်အုပ်စု လုပ်ပေးမယ့် တစ်နှစ်အတွင်း ရွေးကောက်ပွဲကို လက်ခံရင် ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းဖြစ်ဖြစ် ဆန့်ကျင်ရမှာပါ။ ပြည်သူပါတီနဲ့ တချို့သောအစုအဖွဲ့တွေ က အရိပ် ကောင်းတဲ့ ခြေခင်းလက်ခင်းသာတဲ့ အရပ်မှာ နေပြီး မြန်မာ့နွေဦးတော်ရေးဟာ တစ်ဦးကို တစ်ဦး အပြုတ်မတိုက်နိုင်ရင် နိုင်ငံရေး စကားပြောကြလိမ့်မယ်လို့ ဟောကိန်းထုတ်နေခြင်းဟာ ခေတ်စကားနဲ့ ခပ်ရိုင်းရိုင်း ပြောရရင် "ဖောက်သယ်က ဘယ်ဆီ နေမှန်းမသိဘူး။ ဖာသယ်မက သနပ်ခါးသွေးနှင့်နေပြီ" လို့ ဆိုရမလိုပါဘဲ။
စစ်အာဏာရှင်စနစ်က လုပ်ပေးတဲ့ ရွေးကောက်ပွဲဟာ ကျနော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံ ရွေးကောက်ပွဲလို ဖြစ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ ဒါကြောင့်။ "ထိုင်းဒီမိုကရေစီ အကျပ်အတည်းကို ဥပမာထား ပြောပြချင်တယ်။
"ထိုင်းနိုင်ငံက ပီအေဒီ (People 's Alliance ForDemocracy)" ထိုင်းနိုင်ငံက ဒီမိုကရေစီ ပြည်သူမဟာမိတ်အဖွဲ့ ပီအေဒီ ဆိုတာ နာမည်ပေးတော့ လှတယ်။ ဒါပေမဲ့ တို့ပြည်က ကြံ့ခိုင်ရေး တို့၊ မဘသ တို့လို အဖွဲ့တွေပဲ ထိုင်းဘဏ္ဍာရေးဒုဝန်ကြီး၊ တရားရေးဝန်ကြီး ရာထူးကို တာဝန်ယူခဲ့ဖူးတဲ့ ချာတူးရွမ်ချိူင်ဆမ်း (CHATURONCHAISANG) က ပြောခဲ့ဖူးတယ်။
ပီအေဒီတို့၊ စစ်တပ်တို့က မထောက်ခံရင် လူထုက ဘယ်လောက်ထောက်ခံပြီ ရွေးကောက်တင်မြောက်တဲ့ အစိုးရဖြစ်ဖြစ် ဥပဒေခုံရုံးတို့အောက်မှာ ဖြုတ်ချခံရမှာပဲလို့ Thai Democracy in Crisis စာအုပ်မှာ ရေးခဲ့ဖူးတယ်။
ပီအေဒီရဲ့ New Politics ဟာလည်း တကယ်တော့ တို့တိုင်းပြည်က ကြံဖွံ့ မဘသ အစွန်းရောက် အမျိုးသားရေးတွေနဲ့ အတူတူပါပဲ။ ထိုင်းနိုင်ငံရဲ့ ကမ္ဘာပြုမှုဖြစ်စဥ်တွေကို ဝင်ရောက်ခြင်းဟာ မလျော်ကန်ဘူး၊ အန္တရာယ် ရှိတယ်လို့ သူတို့က စဥ်းစားတယ်။ တခြားတိုင်းပြည်တွေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူစာချုပ်တွေ ချုပ်ဆိုတာကိုလည်း အပြင်းအထန် ကန့်ကွက်ကြတယ်။
ပီအေဒီဟာ ရူးသွပ်တဲ့အစွန်းရောက် အမျိုးသားရေးဝါဒတရပ်ကို ကိုင်ပြီး preah vihear ဟိန္ဒူဘုရားကျောင်းပြန်ရဖို့ တောင်းဆိုမှုတွေ ကမ္ဘောဒီယား အနောက်ဘက်က Baltanbarg. Siem Reap and Sisophon စတဲ့ ပြည်နယ်သုံးခုကို ပြန်လည်ထိန်းသိမ်းဖို့ တောင်းဆိုမှုတွေလည်း လုပ်ခဲ့တယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကိုလည်း မယုံကြဘူး၊ လူထုရဲ့မဲဆိုတာ ငွေနဲ့ဝယ်လို့ရတယ်လို့ စဥ်းစားကြသူတွေ ဖြစ်တယ်။
ပီအေဒီဟာ သက်ဆင်အစိုးရရဲ့ အောက်ခြေလူတန်းစားတွေကို အကျိုးပြုတဲ့ ပေါ် ပြူလစ်ဇင် လူထုအကျိုးမျှော်ဝါဒကိုလည်း ဆန့်ကျင်တယ်။ သက်ဆင်အစိုးရကို လာဘ်ပေးမှု လာဘ်စားမှု မခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ ဖြုတ်ချတယ်။
စစ်တပ် အာဏာသိမ်းဖို့အတွက်ကိုလည်း တောင်းဆိုခဲ့ဖူးတယ်။ ၂၀၀၆ စက်တင်ဘာ ၁၉ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့တယ်၊ အာဏာသိမ်းခြင်းဟာ တရားဝင်ဖြစ်တယ်ဆိုပြီး ပီအေဒီ ခေါင်းဆောင်တွေဟာ မရှက်မကြောက် ထွက်ပြောကြတယ်။ နောက်ပိုင်းမှာ ပီအေဒီက ဒီမီုကရေစီ နည်းမကျတဲ့၂၀၀၇ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရာမှာ ပါဝင်ထောက်ခံခဲ့ကြတယ်၊ ဒီမိုကရေစီနည်းကျ အစိုးရကို ဖြုတ်ချပြီး စည်းမျည်းခံ ဒီမိုကရေစီ Aristocracy စနစ်ကို ထူထောင်ကြတယ်၊ လူထုက ပီအေဒီ ဆန့်ကျင်ဘက် People Power Party ကို မဲအများစုပေးခဲ့လို့ Pသုံးလုံးပါတီ အစီုးရ ဖွဲ့နိုင်ခဲ့တယ်။
ပီအေဒီ လှုပ်ရှားမှုတွေက ခဏပဲ ရပ်သွားတယ်။ သူတို့ ကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့တဲ့ ၂၀၀၇ အခြေခံဥပဒေကို အကာအကွယ်ပြုပြီး ရွေးကောက် ခံအစိုးရကို ဖြုတ်ချဖို့ လှုံ့ဆော်မှုတွေ လုပ်ပြန်တယ်။ စစ်တပ်ကို အာဏာသိမ်းဖို့ လှုံ့ဆော်တယ်။ ပီအေဒီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေဟာ ငြိမ်းချမ်း စွာဆန္ဒထုတ်ဖော်တာ မဟုတ်ဘူး။ သူတို့ နဲ့ ဆန့်ကျင်ဖက်အင်အားစုတွေကို လက်နက်နဲ့ တိုက်ခိုက်တယ်။ ပြောင်ပြောင်တင်းတင်း ဥပဒေကို ချိုးဖောက်တယ်။ တို့ဆီမှာ လည်း မဘသ ဘုန်းကြီးတွေ ပြီးခဲ့တဲ့နှစ်က မီးနီရပ်ထားတဲ့ ကားတွေရဲ့ လေကာမှန်တွေကို ရိုက်ခွဲသလို လုပ်ခဲ့ကြသလို ထိုင်း ပီအေဒီတွေလည်း လုပ်ကြတယ်။ အဓိကကျတဲ့ အစိုးရ ပြည်သူ့ဆက်ဆံရေးဌာန စီမံကွပ်ကဲတဲ့ဌာနရုပ်မြင်သံကြား ထုတ်လွှင့်တဲ့ဌာနတွေကို သိမ်းပိုက်ဖို့ ကြိုးစားတယ်။ ဒွန်းမောင်းနဲ့ သုဝဏ္ဏ ဘူမိလေဆိပ်တွေကို ပိတ်ပစ်ကြတယ်။ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်။ပီအဒေီရဲ့ New Politics ဟာ ၇၀:၃၀ ပုံသေနည်းကို တောင်းဆိုတယ်။ နောက်ပိုင်း ဆန့်ကျင်မှုတွေ များလာတော့ အတတ်ပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းအစုအဖွဲ့က ၅၀:၅၀ ပုံသေနည်းကို ပြောင်းခဲ့ကြတယ်။
ဆိုလိုတာက အထက်လွှတ်တော်အမတ်အစုအဖွဲ့က အတက်ပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအစုအဖွဲ့ကရောက်လာတာ ဖြစ်တယ်။ ပါလီမန် အဖွဲ့ဝင်တစ်ဝက်က ရွေးကောက် တင်မြှောက်ထားတာ ဖြစ်တယ်။ ကျန်တဝက်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းအစုအဖွဲ့ပဲ။
၅၀:၅၀ ဟာ ရွေးကောက်ထားတဲ့ အစုအဖွဲ့ ကို လျှော့ချတာ။ တနည်းပြောရရင် ပြည်သူတွေရဲ့ ရွေးချယ်ပိုင်ခွင့်အာဏာကို လျှော့ချတာ ဖြစ်တယ်။
ထိုင်း ရွေးကောက်ပွဲ ဆိုတာ လုပ်ရိုးလုပ်စဥ်ပုံသဏ္ဌာန်တခုပဲ ဖြစ်တယ်။ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ရွေးကောက်ခံ ကိုယ်စားလှယ်ဟာ နိုင်ငံရေး ပါတီဝင်ဖြစ်ဖို့ မလိုဘူးဆိုတဲ့ အဆိုကို ပီအေဒီက တောင်းဆိုတယ်။
ဒါဟာ ထိုင်းပါတီတွေရဲ့ power ကိုလျှော့ချတာ ဖြစ်တယ်။ နောက်ဆုံး ပြောချင်တာက ထိုင်း လူထုရွေးကောက်ခံ အစိုးရတွေဟာ ပီအေဒီနဲ့ စစ်တပ် မထောက်ခံရင် အမျိုးမျိုးသော ဥပဒေခုံရုံးတို့အောက်မှာ ပျက်သုဉ်းရမှာပဲ။
ဒီလိုပဲ ကျနော်တို့မြန်မာပြည်လည်း ကြံ့ခိုင်ရေး မဘသ စစ်အာဏာရှင်စနစ်အောက်မှာ နောက်ရွေးကောက်ပွဲ ထောင်သောင်းမကလုပ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကလို့ သိကြားမင်း ဆင်းထောင်တဲ့ပါတီလည်း မရှင်သန်နိုင်ပါဘူး။ စစ်တပ်က institutions နေရာ အခြေခံဥပဒေ အယောင်ပြအောက်မှာ မနေနိုင်ပါဘူး၊ အစိုးရ နေရာမှာပဲ နေချင်သူတွေပါ။
အနာဂတ်မှာ ဖဒရယ်ပြည်ထောင်စုကို ဖော်ဆောင်တဲ့ အခြေခံဥပဒေတရပ်အောက်မှာ ကာကွယ်ရေးဝန်ကြီးအောက်မှာ အစိုးရရဲ့ ပါလီမန်အောက်မှာ ဥပဒေအရ ထိန်းးချုပ်ထားရပါမယ်။ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းမှ မြန်မာပြည်ရဲ့ အနာဂတ်ပန်းတိုင်းပွင့်ပြီး ပွင့်တဲ့ပန်းတိုင်း လန်းမှာပါ။
Let me recommend you.
မောင်ငြိမ်းသက်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar