မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၃ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၃ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၂
တပြည်ထောင်စုနေ့အလွန် ဗိုလ်ချုပ်အောင်ဆန်းအလွန် ဖယ်ဒရယ်ဒီမိုကရေစီသို့ လမ်းခွဲ
ဇန်နဝါရီလကုန်မှာ NUCC က ပြည်သူ့ညီလာခံကို ကျင်းပပါတယ်။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်နိုင်မယ့် ဖယ်ဒရယ်ချာတာကို ပြည်သူ့ညီလာခံကနေ အတည်ပြုနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ အဲသည် ပြည်သူ့ညီလာခံကနေ ဘာကို မြင်ရသလဲဆိုတော့ နွေဦးတော်လှန်ရေးမှာ NUCC ဆိုတဲ့ အတိုင်ပင်ခံကောင်စီ၏ အခမ်းကဏ္ဍ ဘယ်လိုဘယ်ပုံ တည်ရှိနေတာကို တွေ့ကြရပါတယ်။ ပြည်သူ့ညီလာခံကနေ NUCC က ဖယ်ဒရယ်ချာတာကို အတည်ပြုလိုက်နိုင်တာနဲ့အတူတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီက နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားမှုတွေ ပွင့်ပွင့်လင်းလင်း ရှိလာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၏ ကူညီဆောင်ရွက်နေမှုတွေကို တိုင်းရင်းသားခေါင်းဆောင်ပိုင်းက ထုတ်ဖော်ပြောဆိုမှုတွေ တရားဝင်ကျကျ သိလာရပါတယ်။
သက်သေကတော့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့မှာ စစ်ကောင်စီပြည်ထောင်စုနေ့ကို တက်ရောက်တဲ့ EAO (Ethnic Armed Oroganization) တွေ အစုအဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုနဲ့ NUG တို့ ဆင်နွှဲတဲ့ ၇၅ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့ မှာ ရပ်တည်ကြတဲ့ ERO (Ethnic Revolutionary Organization) တွေ၊ အစုအဖွဲ့တွေ ကွဲကွဲပြားပြားတွေ့မြင်ကြရတာ ဖြစ်ပါတယ်။
၂၀၂၂ ဟာ ဖယ်ဒရယ်ဒီမိုကရေစီနှစ် ဖြစ်တယ်လို့ နှစ်ဆန်းမတိုင်ခင်ကတည်းက NUCC NUG CRPH တို့ဆီက သဘောထားထုတ်ပြန်တာ ကြားခဲ့ပြီးပါပြီ။ ၂၀၀၈ အခြေခံဥပဒေကို ၂၀၂၁ မတ်ဧပြီကတည်းက ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ၊ လူနည်းစုတွေ ၊ မူဆလင် ခရစ်ယာန် စတဲ့ ဘာသာအယူ မတူကွဲပြားသူတွေ၊ လူတန်းစား လိင်တူလိင်ကွဲ အစုအဖွဲ့ မတူသူတွေအားလုံးနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ နွေဦးတော်လှန်ရေး အင်အားစုတွေ လက်တွဲနိင်ခဲ့ကြတယ် ဆိုရပါမယ်။ ဘာသာရေးဂျင်း ၊ လူမျိုးရေးဂျင်း၊ မရှိမဖြစ်တပ်မတော်ဂျင်း ဆိုတာတွေကို ပြည်သူတွေက ကျောခိုင်းလိုက်နိုင်ခဲ့ပါတယ်။ အခု ၂၀၂၂ က ဖယ်ဒရယ်ဒီမိုကရေစီနှစ် ဖြစ်တယ်လို့ ထုတ်ပြန်ကြတယ်။ ဘာများလုပ်မလဲ စောင့်ကြည့်နေတုန်း ဇန်နဝါရီလကုန်မှာ ပြည်သူ့ညီလာခံခေါ်ပြီး ချာတာကို အတည်ပြုနိုင်ပါတယ်။ မူဘောင်များ ချမှတ်နိုင်ပြီ ဖြစ်တာကြောင့် အခြေခံဥပဒေ ရေးဆွဲနိုင်ဖို့ လမ်းပွင့်ပြီလို့ ဆိုနိုင်ပြီလို့ ပြောကြပါတယ်။ အဲသည်နောက်မှာ တိုင်းရင်းသားတွေ လူနည်းစုတွေ အင်အားစုတွေဆီက တိုင်းရင်းသားအရေး ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ ပိုမိုရရှိလာပုံရပါတယ်။
ပြည်ထောင်စုနေ့ကနေ ဖယ်ဒရယ်ပြည်ထောင်စုနေ့အဖြစ် အခမ်းအနား ကျင်းပဖို့ မင်းအောင်လှိုင် စစ်ကောင်စီက အကြီးအကျယ် ပြင်ဆင်လာချိန်မှာ NUG ဦးဆောင်မှုနဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ် ပြည့် အခမ်းအနားအဖြစ် နွေဦးတော်လှန်ရေးအင်အားစုများက အသွင်သဏ္ဍန်နဲ့ အနှစ်သာရကို ပါ ပြောင်းလဲလိုက်ခြင်း ဖြစ်ပါတယ်။ ဗမာလူမျိုးကြီးတွေ စစ်ဝါဒီတွေ၏ ပြည်ထောင်စုနေ့ အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဗမာလူမျိုးကြီးတွေအလိုကျ တပြည်ထောင်စုအဖြစ်ကနေ မပြိုကွဲရေးဆိုတဲ့ ဂျင်းသွင်းထားမှုတွေကို ဖယ်ရှားလိုက်တယ်လို့ ဆိုရပါမယ်။
ပင်လုံစာချုပ် ၇၅နှစ်ပြည့် အခမ်းအနားကနေ လူမျိုးပေါင်းစုံ ဒေသပေါင်းစုံကနေ တိုင်းရင်းသားတွေ လူမျိုးပေါင်းစုံ သာတူညီမျှဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ အဓိပ္ပါယ်အနှစ်သာရ အသစ်ကို ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြည်သူတွေနဲ့အတူ တခဲနက် ဖော်ဆောင်နိုင်ခဲ့တယ် ဆိုရပါမယ်။ စစ်ကောင်စီနဲ့ သူ့မဟာမိတ်တွေအတွက် နိုင်ငံရေးမျက်နှာစာမှာ ၂၀၂၂ နှစ်ဦး ကြီးမားတဲ့ အရှုံးတခုလို့ ဆိုရပါမယ်။
တပြည်ထောင်စုတည်ထောင်ရေး ဆိုတာကို နွေဦးတော်လှန်ရေးက ဖယ်ရှားလိုက်ပြီလို့ ဆိုရမှာပါ။ တပြည်ထောင်စုကနေ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။
"တိုင်းရင်းသားပြည်သူများ လိုလားသော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ် အတိုင်း အကောင်အထည်ဖော်ဆောင်သွားရန် လိုအပ်ပါသည်။ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင် စနစ် မှန်သမျှချုပ်ငြိမ်းမှသာလျှင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်သည် … “ လို့ NUCC ရဲ့ ပင်လုံစာချုပ် ၇၅နှစ်ပြည့် ထုတ်ပြန်ချက်က ပြည်ထောင်စုအသစ် ဖွင့်ဆိုချက်ကို တွေ့ရှိနိုင်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ပြီးနောက် ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ကနေ တိုင်းရင်းသားတွေကို စုစည်းနိုင်တဲ့ အမျိုးသားခေါင်းဆောင်တဦးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို ဆက်လက်ပြီး အသိအမှတ်ပြု ထောက်ခံကြတာက လျော့ပါးသွားခြင်း မရှိပါ။ သို့သော် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့အရေး တိုင်ရင်းသားပေါင်းစု လူမျိုးပေါင်းစုံ၏ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ လူမျိုးစုံခေါင်းဆောင်တွေရဲ့ အခမ်းကဏ္ဍနဲ့ အရေးပါမှုတွေကို ဗိုလ်ချုပ်မွေးနေ့မှာ ပြည်သူတွေက နွေဦးတော်လှန်ရေးအင်အားစုတွေက အသိအမှတ်ပြုတာ ထုတ်ဖော်ပြောဆိုကြတာတွေ တွေ့ရတော့ ဝမ်းသာဂုဏ်ယူရမှာ ဖြစ်ပါတယ်။ တဗိုလ်တည်း တဦးတည်း ဦးဆောင်မှုထက် စုပေါင်းဦးဆောင်မှု အများပြည်သူ ပါဝင်ပတ်သက်မှုတွေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်မယ်ဆိုတဲ့ အသွင်လက္ခဏာကို မြင်ရကြတယ်လို့ ဆိုရမှာပါ။
နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ အားလုံးစုပေါင်းပါဝင်တဲ့ NUCC အခမ်းကဏ္ဍကလည်း အခုလို ဖယ်ဒရယ်ပြည်ထောင်စုအတွက် ရည်ရွယ်တဲ့ ၂၀၂၂ မှာ သိသာလာတာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ NUCC က စတင်ချိန်မှာ ထောက်တိုင် ၃ တိုင်အဖြစ် စတင်ခဲ့ပါတယ်။ အန်ယူစီစိမှာ (၁) စီအာပီအိချ် ၊ (၂) အီးအေအို (EAO) များ ၊ (၃) နွေဦးတော်််််််လှန်ရေး ဆိုတဲ့ ထောက်ကြီး ၃ ထောက်ပေါ် မှာ အခြေပြု ပြီး စုပေါင်းခေါင်းဆောင်မှု နဲ့ သွားကြတာ ဖြစ်ပါတယ်။
အခုအချိန်မှာ - အလုပ်တာဝန်တွေ ရည်မှန်းချက်တွေ ဖော်ဆောင်မှုတွေ အပေါ်မူတည်ပြီးတော့ (၁) ရွေးကောက်ခံ လွတ်တော် ကိုယ်စားလှယ်များ (၂) နိုင်ငံရေးပါတီများ (၃) သမဂ္ဂများ ၊ အမျိုးသမီးများ ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ ၊ အာဏာရှင်ဆန့်ကျင်ရေး စီဒီအမ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ (၄) တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ ( Ethnic Resistance Organizations ) နဲ့ (၅) ကြားကာလ ပြည်နယ် / ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့ / ကော်မတီများ (ICNCC (ချင်း), KPICT (ကချင်), PNFC (ပအိုဝ်း), MISCC (မွန်), KSCC (ကရင်နီ) စတဲ့ ပြည်နယ် ဖယ်ဒရယ်ယူနစ် ဆိုင်ရာ အဖွဲ့များ ..) တွေနဲ့ စုဖွဲ့မှု ၅ ရပ်နဲ့ လုပ်ဆောင်မှု ဆွေးနွေး ညှိနှိုင်း ချဲ့ထွင်မှုတွေ ပေါ်ထွက်နေပြီလို့ ဆိုရပါမယ်။
မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ကတေ့ာ တပြည်ထောင်စုစနစ်ထဲမှာ နေရစ်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ကျင်းပတဲ့ ပြည်ထောင်စုနေ့ဆိုတာ သူတို့တွေ နောက်ဆုံးကျင်းပတဲ့ တပြည်ထောင်စုနေ့ပဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေကတော့ ပင်လုံစာချုပ် ၇၅နှစ်ပြည့်ကနေ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ ချီတက်ဖို့ ဆက်လက်ချီတက်သွားပါပြီ။ ၂၀၂၂ ဟာ လမ်းခုလတ် မဟုတ်ပါ။ ၂၀၂၂ ဟာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီကို သွားတဲ့ လမ်းခွဲ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar