ရခိုင်ပြည်နယ် အရေးက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အာရုံစိုက်တာခံရ
မြန်မာနွေဦး ခရိုနီကယ် - မေ ၂၀ မြင်ကွင်း
(မိုးမခ) မေ ၂၀၊ ၂၀၂၄
ရခိုင်ပြည်နယ် အရေးက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အာရုံစိုက်တာခံရ
မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ပြည်နယ်နဲ့တိုင်းဒေသတွေ အနက် ရခိုင်ပြည်နယ်က တခြားသော ဒေသတွေနဲ့ မတူညီတဲ့ သီးခြားကိစ္စရပ်တွေ ရှိနေတယ်လို့ဆိုရမယ့် အနေအထား ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ရိုဟင်ဂျာလူမျိုးစုတွေနဲ့ ရခိုင်လူမျိုးတွေအကြား ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုဝန်းကျင်မှာ လူမျိုးရေး ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေအထိ ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာဝင်နိုင်ငံများအဖွဲ့၊ အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့အစည်းတွေက တာဝန်ရှိတဲ့အဖွဲ့အစည်းနဲ့ ကျူးလွန်သူတွေကို နာမည်ပျက်စာရင်းထည့်သွင်းကာ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ NLD အစိုးရအဖြစ် တာဝန်ယူတဲ့ ကာလမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး ဆယ်စုနှစ်များစွာ အနောက်နိုင်ငံအစုတွေက ချီးမွမ်းမှုကို ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ရပ်တွေကို အကာအကွယ်ပေးတဲ့သူအဖြစ် ပုံဖော်ပြီး ပေးအပ်ထားတဲ့ ဆုတွေ အသိအမှတ်ပြုမှုတွေ အများအပြား ပြန်ရုပ်သိမ်းတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ရရှိထားတဲ့ ခရက်ဒစ် အမှတ်တွေကို လပိုင်းအတွင်း တိုက်စားခံလိုက်ရတဲ့သဘော ဖြစ်ပါတယ်။
အခုတော့ ရခိုင်ပြည်နယ်ရဲ့ လူမျိုးရေး၊ ဘာသာရေး ထိရှလွယ်မှုဟာ အခုလို အာဏာသိမ်းထားတဲ့ စစ်တပ်ကိုအနိုင်ယူတိုက်ခိုက်ကြတဲ့ စစ်မက်ကာလအတွင်း ယှက်နွယ်ပါဝင်လာနေတာလည်း ဖြစ်ပါတယ်။ လက်နက်နဲ့ အာဏာရှင်စနစ် အုပ်ချုပ်သူတွေက လူမျိုးရေး၊ ဘာသာရေး ထိရှလွယ်မှုတွေကိုအသုံးချလေ့ရှိကြတာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး အာဏာရလာတဲ့ တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၇ ခုနှစ်မှာဖြစ်ပွားတဲ့ တရုတ်-ဗမာ အရေးအခင်းက အထင်ရှားဆုံးသာဓကဖြစ်သလို အဲဒီနောက်ပိုင်း ၁၉၇၀ ကျော်ခုနှစ်တွေ၊ ၁၉၈၀ ကျော်ခုနှစ်တွေမှာလည်း မကြခဏ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗမာတွေအကြား လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ပြည်၊ တောင်ကြီးမြို့တွေမှာဖြစ်ပွားတဲ့လူမျိုးရေးအဓိကရုဏ်း၊ ၂၀၀၃ ခုနှစ် တောင်ငူမြို့မှာဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းတွေဟာ သူ့ဘာသာသူ အလိုအလျောက်ဖြစ်ပွားတဲ့လူမျိုးရေး အဓိကရုဏ်းတွေလို့ ဘယ်သူကမှမယူဆကြဘဲ အုပ်ချုပ်သူတွေက နိုင်ငံရေး၊ စီးပွားရေး အကျပ် အတည်းတွေမှာ အာရုံလွှဲပြောင်းဖို့ ဖန်တီးခဲ့ကြတာလို့ နားလည်ကြတာ ဖြစ်ပါတယ်။
အခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်တဲ့ ရခိုင်ပြည်နယ်က AA တပ်တွေရဲ့ စစ်ဆင်ရေးတွေကို စစ်ကောင်စီအနေနဲ့ ခုခံတိုက်ခိုက်ရာမှာ လူမျိုးရေး အမုန်းတရားတွေ၊ လူမျိုးရေးအပေါ် အခြေခံတဲ့ ပဋိပက္ခတွေပေါ်ထွက်လာအောင် ဖန်တီးလုပ်ဆောင်နေတာလည်း သိရှိတန်သလောက် သိရှိကြပြီးဖြစ်ပါတယ်။
သို့ပေမဲ့ စစ်ကောင်စီဖန်တီးတဲ့ ထောင်ချောက်လို့ပြောဆိုရုံမျှနဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ အကြမ်းဖက်မှုတွေကိုရှောင်လွှဲနိုင်မှာတော့မဟုတ်ပါဘူး။ ဒီအဖြစ်အပျက်တွေမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ မှန်ကန်တဲ့ မူဝါဒ၊ လက်တွေ့ကျင့်သုံးမှုတွေနဲ့ ထိန်းသိမ်းနိုင်ဖို့က အရေးကြီးတာဖြစ်ပါတယ်။ စစ်ကောင်စီ ဘက်ကတော့ လုပ်သင့်တာ မလုပ်သင့်တာရယ်လို့ ထိန်းချုပ်မယ့် အနေ အထားမရှိဘဲ ရှိသမျှနည်းလမ်းတွေကိုအသုံးချမယ်လို့ ယူဆရပါတယ်။ အနှိမ်ခံ၊ ခွဲခြားဆက်ဆံခံထားရတဲ့ ရိုဟင်ဂျာတွေကို စစ်ရေးအတွက် အသုံးချဖို့ စစ်အင်အားစုဆောင်းတာကို ကြည့်ရင် ၄င်းတို့ ကိုင်စွဲထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားမဖြစ်သေးတဲ့ ရိုဟင်ဂျာတွေကို ပြည်သူ့စစ်အဖြစ် သော်လည်းကောင်း လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ စစ်သားအဖြစ်စုဆောင်းတာသော်လည်းကောင်း ၂ ခုလုံးက ဥပဒေနဲ့မကိုက်ညီပါဘူး။ အမျိုးဘာသာ သာသနာလို့ ဆိုတဲ့ အစွန်း ရောက်တဲ့အမျိုးသားရေးအယူအဆရှိသူတွေကို စစ်တပ်က စည်းရုံးလာခဲ့တာတွေနဲ့ ဆန့်ကျင်ပြီး ရိုဟင်ဂျာတွေနဲ့ အရင်တလျှောက်လုံး အကြမ်းဖက်အဖွဲ့အစည်းလို့ ခေါ်ဆိုလာတဲ့ ARSA လိုအဖွဲ့တွေနဲ့ပါ တိတ်တဆိတ်လက်တွဲပြီး AA ကို ခုခံတိုက်ခိုက်ဖို့ ကြံစည်လာတာ ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီက ဒုက္ခသည်စခန်းတွေ၊ ခွဲခြားနေထိုင်စေတဲ့ စခန်းတွေက ရိုဟင်ဂျာတွေကို စည်းရုံးသိမ်းသွင်းပြီး တိုက်ခိုက်ရာမှာ AA အနေနဲ့ သတိထား လုပ်ဆောင်ရမယ့် အနေအထားကို ရောက်ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တချို့မှာ ရိုဟင်ဂျာ ကျေးရွာက ရွာသား ၅ ဦးကို ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဧပြီလ ၁၇ ရက်နေ့က မောင်တောမြို့နယ်ထဲက သရက်အုပ်ကျေးရွာအုပ်စုထဲက ကျေးရွာတရွာက ရိုဟင်ဂျာ အရပ်သား ၅ ဦးကို AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတချို့ရဲ့ ပြောဆိုမှုကို ကိုးကားပြီး သတင်းဌာနအချို့က ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်အပြင် ဘူးသီးတောင်မြို့မှာ စစ်ကောင်စီရဲ့ လှုံ့ဆော်စေခိုင်းမှုနဲ့ ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတယ်ဆိုတဲ့ ဖြစ်ရပ်တွေ၊ ခုရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့ တိုက်ပွဲတွေအတွင်း AA ရဲ့ ဒရော့ဗုံးတိုက်ခိုက်မှုတွေအတွင်း ရိုဟင်ဂျာလူမျိုးတွေ သေဆုံးပြီး ရာချီဒဏ်ရာရတယ်ဆိုတဲ့ သတင်းတပုဒ် ဖော်ပြခဲ့သလို ရက်အနည်းငယ်အကြာ မေလ ၂၀ ရက် နေ့စွဲနဲ့ AA က ထုတ်ပြန်ချက်ထုတ်ကာ ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် AA က နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို ရည်ညွှန်းပြီး ရခိုင်ပြည်နယ်ထဲမှာ သတင်းအချက်အလက် ရယူလိုရင် လက်ကမ်းကြိုဆိုတယ်လို့လည်း ပါရှိတာ တွေ့ရပါတယ်။
ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတချို့ကတော့ ရိုဟင်ဂျာလူမျိုးစုတွေ နောက်တကြိမ် လူမျိုးတုံး သတ်ဖြတ်မှုမျိုး ဖြစ်ပေါ်မလာအောင် အခုလို သရက်အုပ်ကျေးရွာက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုနေကြတာ ဖြစ်ပါတယ်။
AA အနေနဲ့ ရခိုင်ပြည်နယ်က နယ်မြေ အများအပြားကို မြန်မြန်ဆန်ဆန်နဲ့ သိမ်းယူနိုင်ခဲ့တဲ့ အောင် မြင်မှုတွေ ရရှိနေသလို တဖက်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ လိုက်နာရမယ့် စံနှုန်းတွေ၊ လူမျိုး ရေး ဘာသာရေးအပေါ် အခြေပြုတဲ့ လက်စားချေမှုတွေမဖြစ်ပေါ်အောင် ထိန်းသိမ်းရမယ့် ဝတ္တရားရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar