ခင်မောင်စိုး - ထူးဆန်း၏၊ အံဩစရာတော့လည်း မဟုတ်ပေ
(မိုးမခ) ဖေဖော်၀ါရီ ၁၄၊ ၂၀၂၂
ကျနော် သတင်းထောက်တယောက်အနေနဲ့ ဘဝကို ဖြတ်သန်းခဲ့တာ အနှစ် ၄ဝ ကျော်ပါပြီ။ အာဏာရှင်စနစ်ကို သိပ်မုန်းတယ်၊ လူမျိုးကြီးဝါဒကို သိပ်မုန်းတယ်၊ ဒီမိုကရေစီစနစ်ဟာ အကောင်းဆုံး၊ သေတဲ့အထိ တော်လှန် ရေးလုပ်မယ်ဆိုတဲ့ လူပုဂ္ဂိုလ်ပေါင်းရာပေါင်းများစွာကို ဆက်သွယ်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ တချို့ကို နယ်စပ်မှာ၊ တချို့ကို ပြည်တွင်းမှာ၊ တချို့ကိုလှို့ဝှက်နေရာတွေမှာ၊ တချို့ကို နိုင်ငံခြားတိုင်းပြည်တွေမှာ။
အဲဒီသူတွေထဲက တချို့နဲ့ တွေ့ဆုံပြောဆိုရတဲ့အချိန်မှာ သူတို့ရဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေ၊ ယုံကြည်မှုတွေကူးစက်ပြီး ကြက်သီးတွေထ၊ မျက်ရည်ဝဲရ၊ နာကျင်မှုတွေကနေ ဒေါသတွေပေါက်ဖွား၊ မေ့မတတ်လေးစားရတဲ့ ကာလတွေလည်း အများကြီးရှိခဲ့။
ကျနော့် နောင်တော်တွေဖြတ်သန်းခဲ့တဲ့ ၁၉၆၂၊ ကျနော်တို့ ဖြတ်သန်းပါဝင်ခဲ့တဲ့ ၁၉၇၄၊ ၇၅၊ ၇၆။ ကျနော့် ညီတွေ ညီမတွေနဲ့ အတူဖြတ်သန်းခဲ့တဲ့ ၁၉၈၈၊ အခု ပြည်ပကတွေ့ကြုံရတဲ့ ၂ဝ၂၁။ တခါမှ အခုလောက် ပြည်သူတွေရဲ့ ဒီမိုကရေစီစနစ်အပေါ်ယုံကြည်မှု၊ လိုလားမှု၊ ညီညွတ်မှု၊ ခိုင်မာမှု၊ နားလည်မှု၊ စာနာမှုနဲ့ ပေးဆပ်မှုတွေ မြင့်မားတာကို မမြင်မကြားဖူးခဲ့ပါ။ မြန်မာ့သမိုင်းမှာ ပြည်သူတွေဒီလိုညီညွတ်တဲ့ကာလကို နောက်တကြိမ်ကြုံတွေ့ဖို့ နဲ့ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အခုလောက် အခြေအနေဘက်စုံ ကောင်းတဲ့ကာလကို နောက်တကြိမ်ကြုံတွေ့ဖို့ဆိုတာလည်း မဖြစ်နိုင်ပါ။
ဒီမိုကရေစီလုံးဝဆိတ်သုန်းနေတဲ့ကာလ၊ ဒီမိုကရေစီ အရိပ်အယောင်မြင်ရတဲ့ကာလနဲ့ ဒီမိုကရေစီ တဝက်တပျက် ရရှိတဲ့ကာလတွေတလျှောက်လုံး အာဏာရှင်ကိုမုန်းတယ်ဆိုတဲ့ ရဲရဲတောက်တွေထဲက တချို့ကို အခုလို ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အကောင်းဆုံးကာလမှာ စစ်ဖိနပ်ကိုလျှာနဲ့သွားလျှက်နေတာ မြင်ရ ကြားရတဲ့အခါ ငါတို့ သတင်းသမားတွေကို သူတို့ မိုက်ကရိုဖုန်းရဖို့ လိမ်ညာခဲ့ကြတာလား၊ ပြည်သူတရပ်လုံးကို တသက်လုံးလိမ်ညာခဲ့ကြတာလား၊ ဒါမှမဟုတ် ပြည်သူ့ဖက်က မားမားမတ်မတ် ပြတ်ပြတ်သားသား မရပ်ရဲတဲ့ ပင်ကိုယ်ဗီဇတွေ အခုမှ ဖုံးမရလို့ ပေါ်လာတာလား၊ လှေနံနှစ်ဖက်နင်းနေကြတာလား၊ အခြေအနေတရပ်အောက်မှာ တော်လှန်သတိနဲ့ ကစားနေကြတာလား စဉ်းစားလို့ ခက်လှပါတယ်။
တခါက ဗိုလ်ချုပ်နေဝင်း ပေးမှ ဒီမိုကရေစီရမယ်လို့ ပြောဖူးသူတယောက်ကို ကျနော်က အဲဒီလို နေဝင်း ပေးမှရမယ်ဆိုရင် ငါတော့ × မှ မယူဘူးလို့ ပြောခဲ့ဖူးပါတယ်။ တကယ်တော့ ကျနော်တို့ဟာ မိမိမှာရှိတဲ့ပစ္စည်းကို ရှိမှန်းမသိတဲ့အတွက် ငါ့မှာရှိတယ်လို့ ခြိမ်းခြောက်ဟန်ဆောင်ပြီး ကြိမ်းဝါးနေသူထံက သွားရောက်တောင်းခံဖို့ ဆယ်စုနှစ်များစွာ ကြိုးစားနေခဲ့ကြတဲ့ လူမိုက်တွေပါ။ အခု မျိုးဆက်သစ်လူငယ်တွေက အဲဒီလို မမိုက်ပဲအမှန်ကိုမြင်လို့ ရုန်းထွက်နေကြတာဖြစ်ပါတယ်။ ဒါကိုမှ အမှန်အတိုင်းမမြင်နိုင်သေးပဲ မိမိလက်ထဲ ရောက်နေပြီဖြစ်တဲ့ ဒီမိုကရေစီကို အာဏာရှင်တွေထံက ခခယယ သွားရောက်တောင်းဆိုနေဦးမယ်ဆိုရင်တော့ ပြောစရာစကားမရှိပါဘူး။ (ကျနော်မသိသေးတဲ့ ဥပါယ်တံမျဉ်တွေရှိရင် ခွင့်လွတ်ပါ။)
မြန်မာပြည်က အာဏာနဲ့ ငွေ ရှိသူတွေ အများကြီး ကျနော်မြင်ခဲ့ကြုံခဲ့ဖူးပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုနဲ့ အာဏာဆိုတာ ကမ္ဘာ့အမြင်အရဆိုရင် ရယ်စရာဖြစ်ပါတယ်။ တခါကဆိုရင် မြန်မာပြည်မှာ အချမ်းသာဆုံးဆိုတဲ့ လူတယောက်က အမေရိကန်ပိတ်ဆို့မှုကနေ သူ့ကို မရုပ်သိမ်းပေးချင်ရင်တောင် သူ့ရဲ့ မိသားစုဝင်တွေကို ပိတ်ဆို့မှုကနေ ဖယ်ရှားပေးဖို့ ကြိုးစားပေးပါဆိုပြီး ပြောနေတာကို ဘေးလူအဖြစ် ကြုံခဲ့ရဖူးပါတယ်။ တကယ်တော့ မြန်မာပြည်မှာ ချမ်းသာတဲ့သူဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကားကို ကမ္ဘာပေါ်က အစုတ်ပြတ်ဆုံးလမ်းတွေပေါ်မှာ မောင်းနေရတဲ့သူတွေပါ။ အမေရိကမှာ လမ်းဘေးက အိမ်ခြေမဲ့တယောက်ပေမယ့် မတော်တဆတခုခုဖြစ်လို့ ကားလမ်းပိတ်နေရင် ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ပေးတဲ့ခေတ်၊ နေမကောင်းရင် အရေးပေါ်ဖုံးကိုဆက်လို့ ၁ဝ မိနစ်အတွင်း သူနာတင်ကားနဲ့ သူနာပြုတွေရောက်လာတဲ့ခေတ်မှာ မြန်မာပြည်က အချမ်းသာဆုံးသူတယောက် ရဟတ်ယာဉ်စီးနိုင်ရင်တောင် ဘယ်ဆေးရုံကို ပို့မှာလဲ ကျနော်တော့ စဉ်းစားမရပါ။ မြန်မာပြည်က ဆေးရုံတွေပြည့်စုံတယ်ဆိုတာလည်း အကန့်အသတ်နဲ့ပဲ ဖြစ်ပါလိမ့်မယ်။ (သိပါတယ်ဗျာ၊ ရယ်စရာတွေပြောမနေပါနဲ့။ ကျနော့်မှာ နိုင်ငံပေါင်းစုံက သူငယ်ချင်း ဆရာဝန်တွေရှိပါတယ်။)
ကျနော် မြန်မာပြည်ပြန်ရောက်တဲ့အခါ အမေရိကမှာ ၃ ဒေါ်လာပေးရင်ရတဲ့ ခပ်ညံ့ညံ့ဝိုင်ပုလင်းကို ၁ဝ ဒေါ်လာလောက်ပေးပြီး ဂုဏ်ယူသောက်စားနေတဲ့ သူငယ်ချင်းတွေကိုသနားမိတယ်။ အမေရိကမှာ ကျန်းမာရေးအရ Junk food လို့ခေါ်တဲ့ အာလူးကြော် ကြက်ကြော်ကို မြန်မာပြည်မှာ ဈေးကြီးပေးပြီး တမြတ်တနိုးစားနေတဲ့ သူဌေးဆိုသူတွေ အာဏာရှိသူတွေကို မြင်ရရင်လည်း မိတ်မပျက်ချင်လို့ မပြောမိပေမယ့် စိတ်ထဲကနေ သူတို့ အမြင်မှန်ရပါစေလို့ ဆုတောင်းမိတယ်။ (ကျနော် ရန်ကုန်လေဆိပ်မှာ စားဖူးပါတယ်။ ကြက်ကြော်ကလည်း အမေရိကမှာ ရောင်းတဲ့ဆိုင်မျိုးတူက ကြက်ကြော်လို ကြွပ်ရွခြင်းမရှိ၊ အာလူးကြော်ကလည်း ပျင်းတွဲတွဲနဲ့ ကြော်ထားတာနာရီများစွာကြာပြီထင်၊ ဈေးကတော့ အမေရိကနဲ့တန်းတူ။) နောက်တခါ အကောင်းစား အိမ်သုံးလူသုံးပစ္စည်းတွေကို အမေရိကန်တွေ လျှော့ဈေးနဲ့ ဝယ်ပြီးဝတ်စားသုံးစွဲနေကြချိန်မှာ မြန်မာပြည်က သူဌေးဆိုသူတွေက မူလရောင်းဈေး (အဲဒါ ဂျင်းဈေးပါ။ သောက်ချဉ်တွေပဲ ဒီမှာဝယ်တယ်။) နဲ့ ဝယ်ယူသုံးစွဲနေတာမြင်ရရင်လည်း သိပ်သနားတာပဲ။
ဒါကြောင့်လည်း အာဏာနဲ့ငွေရှိသူတွေထဲက လူလည်တွေဟာ သူတို့ သားမယားတွေကို နိုင်ငံခြားပို့ထားတာပေါ့။
မြန်မာပြည်မှာ ငွေကြေးတတ်နိုင်သူတွေရဲ့ သားသမီးတွေမှ တက်နိုင်တဲ့ နိုင်ငံတကာကျောင်းတွေဆိုတာဟာ အမေရိကမှာ သာမန်ကျောင်းတခုထက် မပိုပါဘူး။ အမေရိကန်သမ္မတတွေ သူတို့သားသမီးတွေကို အများသူငါ နည်းတူ (Public School) ပြည်သူအားလုံးအတွက် အစိုးရဖွင့်ထားတဲ့ အခမဲ့ကျောင်းတွေမှာပဲ ထားတာ ကြားဖူးမှာပါ။
တကယ်တော့ မြန်မာပြည်က အာဏာနဲ့ ငွေရှိသူတွေရဲ့ ဘဝဟာ နှစ်စဉ်ကမ္ဘာပတ်နိုင်တဲ့ အမေရိကန်က သာမာန် ရရစားစားလူတယောက်ရဲ့ အခွင့်အရေးထက် အများကြီး နိမ့်ပါတယ်။ တောသူကြီးသမီးတွေ ရွှေခြေကျင်းဝတ်ပြီး ကြေနပ်နေသလိုပါပဲ။
ကဲ လိုရင်းပြောရရင်တော့ လူတွေအမြင်မှန်ရစေချင်တာပါ။
အရင်အပတ်က ကျနော်တို့ စကားဝိုင်းအပြီးမှာ ဒေါက်တာလှကျော်ဇောက ကိုနန်းလင်းကို ပြောပါတယ်။ ကိုနန်းလင်းက အာဏာရှင်စနစ်ကို ကျနော်တို့မျိုးဆက်မှာ အဆုံးသတ်ခဲ့ချင်တယ်။ နောက်မျိုးဆက်တွေ မခံစားကြစေချင်ဘူးလို့ ပြောအပြီးမှာပါ။
“ကိုနန်းလင်းတို့လူငယ်တွေကို ကျမ အရမ်းလေးစားတယ်ဗျာ။ တကယ်တော့ ကျမတို့ခေတ်မှာ တာဝန်မကျေခဲ့လို့ အခုလို ရှင်တို့ခံစားနေရတာပါ။ ဒီအတွက် ကျမတောင်းပန်ပါတယ်။”
သူကတော့ ရင်ထဲကအတိုင်း ကိုနန်းလင်းကိုလေးစားလို့ ရိုးရိုးသားသားပြောတာပါ။ ကြားထဲက နားထောင်နေတဲ့ကျနော်က မိမိကိုယ်တိုင် တာဝန်မကျေခဲ့ပါလားလို့တွေးပြီး ရှက်နေမိခဲ့တယ်။ ဗီဒီယိုသာဖွင့်ထားရင် ကျနော့်မျက်နှာတခုလုံး နီရဲနေမယ်ထင်ပါတယ်။
ဟုတ်ကဲ့ ဒီစာဟာ မျိုးဆက်သစ်တွေကို ကျနော်တောင်းပန်တာပါ။ ။
ခင်မင်စွာ
ခမစ။
၁၄ ဖေဖေါ်ဝါရီ ၂ဝ၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar