မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး (၁) နှစ်ပြည့်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဖေဖော်၀ါရီ ၁၊ ၂၀၂၂
◾️ဆောင်းရာသီအအေးဒဏ်နဲ့ စားနပ်ရိက္ခာပြတ်လတ်မှုနဲ့ ကြုံနေကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ
ဒီနေ့ဖြစ်ပျက်တဲ့ အကြောင်းအရာတွေကို သတင်းစာ မျက်နှာဖုံးမှာ ဖေါ်ပြထားတာကို ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံက လူသားချင်းစာနာမှု အကူအညီလိုအပ်သူ ၆.၂ သန်းကို အဖွဲ့အစည်းအသီးသီးကကူညီဖို့ ပြင်ဆင်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ ရုံးက ထုတ်ပြန်လိုက်တဲ့ သတင်း၊ လွိုင်ကော်မြို့ပေါ် နေထိုင်သူတွေ ရိက္ခာပြတ်လတ်နိုင်ခြေရှိနေတယ်ဆိုတဲ့ သတင်း၊ ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဘက် စစ်ဘေးတိမ်းရှောင်သွားသူ ၁သောင်း ၆ ထောင်လောက်ကို မီဇိုရမ်ပြည်နယ် အစိုးရက ဒုက္ခသည်အထောက်အ ထားကတ် ထုတ်ပေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်း၊ စစ်အာဏာသိမ်းမှု တနှစ်ပြည့်လာတဲ့အခါ တနှစ်တာ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ပဋိပက္ခကြောင့် အသက်ဆုံးရှုံးရသူ၊ စီးပွားရေး၊ ဒုက္ခသည်အရေအတွက်၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ဆုံးရှုံးရမှု စတဲ့အကြောင်းအရာတွေနဲ့ ပြည့်နေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူ ၁၄ သန်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအရ သိရပြီး အဲဒီပမာဏဟာ နိုင်ငံလူဦးရေရဲ့ ၄ ပုံ ၁ ပုံနီးပါးရှိတာဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတဲ့ ပြီးခဲ့တဲ့ ၈ လခန့်အတွင်းမှာ ဒုက္ခသည်ဦးရေ လျင်မြန်စွာ မြင့်တက်လာသလို စီးပွားရေး ထိခိုက်မှု ကျေးရွာတွေ၊ မြို့နယ်တွေ မတည်ငြိမ်မှုကြောင့် ဝင်ငွေ မရှိတော့တာ၊ မြို့ပေါ်က လက်ခစား လုပ်ခစား အလုပ်သမားတွေလည်း အလုပ် အကိုင်တွေပိတ်သိမ်းလို့ အလုပ်လက်မဲ့ဖြစ်တာတွေက အထက်က လူသားချင်းစာနာမှု အကူအညီလိုအပ်သူ အရေအတွက်ကို မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။
အခုကာလဟာ မြန်မာနိုင်ငံမှာ ဆောင်းရာသီမကုန်ဆုံးသေးပဲ တနှစ်တာကာလမှာ အအေးဆုံးကာလဖြစ်ပြီး လက်နက်ကိုင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့လို ဒေသက လူထုတွေအဖို့ နေအိမ်တွေက စွန့်ခွာပြီး တောတွေ တောင်တွေထဲ ပုန်းရှောင်နေထိုင်နေကြရတာ သိန်းဂဏန်းချီရှိနေပြီဖြစ်ပါတယ်။
အမိုးအကာ လုံလုံခြုံခြုံမရှိတဲ့ နေရာတွေမှာ ရာသီဥတုရဲ့ အအေးဒဏ်ကို ခံစားနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ဘဝကို တွေးကြည့်ရုံနဲ့တင် နားလည်စာနာနိုင်ပါတယ်။ ရာသီဥတုဒဏ်တင်မက ဆေးဝါးမရှိ၊ ကျန်းမာ ရေးစောင့်ရှောက်မှုမရှိလို့ အသက်အရွယ်ကြီးရင့်သူ ရောဂါရှိသူတွေလည်း အခုလိုအခြေအနေကြားမှာ အသက်ဆုံးရှုံးနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ နေထိုင်နေကြသူတွေ ၁ ထောင်လောက်ရှိနေပြီး မြို့အဝင်အထွက်တွေမှာလည်း တိုက်ပွဲတွေကြောင့် ရိက္ခာတွေ သယ်ယူခြင်း မလုပ်နိုင်ကြလို့ ရှိတဲ့ ရိက္ခာတွေကို စားသုံးနေကြရတယ်လို့ သတင်းထဲမှာ ဖေါ်ပြထားပါတယ်။ တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးနိုင်ခြေ၊ နေအိမ်၊ ရပ်ရွာကို စွန့်ခွာသွားကြတဲ့နောက် မိမိတို့ရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေ ဆုံးရှုံးမယ့်အရေး၊ နေအိမ်မီးလောင်နိုင်ခြေ စတဲ့ စိုးရိမ်ပူပန်မှုတွေက စစ်ဘေးရှောင်ကြရသူတွေတိုင်းမှာ ရှိကြတာ ဖြစ်ပါတယ်။
အချို့လည်း မိမိတို့ နေအိမ် ၊ အိမ်မွေးတိရစ္ဆာန်၊ အဝတ်အစား အသုံးအဆောင်တွေကို နောက်ဆံငင်ပြီး နေအိမ် ရပ်ရွာတွေကနေ တော်ရုံနဲ့ မစွန့်ခွာနိုင်ကြတာလည်း ရှိကြပါလိမ့်မယ်။ အချို့လည်း တိုက်ပွဲဖြစ်ပွားချိန် ပစ်ခတ်နေကြချိန်မှာ အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ရပြီး နေအိမ်တွေ ပစ္စည်းတွေ ယူဆောင် ဖျက်ဆီးခံကြရတဲ့ အဖြစ်တွေ ကယားပြည်နယ်၊ ကရင်ပြည်နယ် လေးကေ့ကော်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ကြားသိနေကြရတာ ဖြစ်ပါတယ်။
စစ်ပွဲဆိုရာမှာ နိုင်ငံရေးအတွက် တဖက်နဲ့ တဖက်တိုက်ခိုက်ကြတာတင်မဟုတ်ပဲ လူထုကို အကာအကွယ်ပေးဖို့ ရည်ရွယ်ချက်မရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေက စစ်ပွဲတွေ တိုက်ပွဲတွေ ဖြစ်တဲ့အခါ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ရရင်ရသလောက် ယူဆောင်ရောင်းစားတာတွေ လုပ်ကြတာ ထုံးစံလို ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ကာလ နှစ်ပေါင်း ၇၀ ကျော်အတွင်း အလားတူကိစ္စတွေ ဖြစ်ပျက်ခဲ့တာအများအပြားရှိခဲ့တာပါ။ သို့ပေမယ့် တိုင်းရင်းသား ဧရိယာတွေ၊ ကိုးကွယ်မှု ဘာသာမတူတဲ့သူတွေအပေါ်ဖြစ်ပျက်တာတွေကို လုံလောက်တဲ့ ဆန့်ကျင်မှု မရှိခဲ့ကြတာ ကို အခုအခါ မှာ သမိုင်းသင်ခန်းစာယူစရာ ကောင်းပါတယ်။
ဒီလို စစ်ဘေးရှောင်သူတွေရဲ့ ဒုက္ခတွေအကြောင်း သတင်းတွေအပြင် ငွေရောင် အနားကွပ်သဖွယ် လူသားချင်းစာနာ ကူညီမှု သတင်းတပုဒ်ကတော့ အိမ်နီးချင်းအိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာနိုင်ငံက စစ်ဘေးရှောင် လာသူ ၁၆၀၀၀ လောက်ကို ဒုက္ခသည်ဆိုင်ရာ အထောက်အထားကတ် ထုတ်ပေးမယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ အများစုက ချင်းပြည်နယ်က တိမ်းရှောင်သူတွေဖြစ်ကြပြီး အရင်ကတည်းက ချင်းပြည်နယ်နဲ့ မြန်မာ နိုင်ငံနဲ့ ကောင်းမွန်နွေးထွေးတဲ့ ဆက်ဆံရေးရှိတဲ့ မီဇိုရမ်ပြည်နယ် အစိုးရ အနေနဲ့ ၄င်းတို့ရဲ့ ကူညီမှု နွေးထွေးမှုကို ပြသခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့အတွက် အခြားသောသတင်းတွေကတော့ စစ်အာဏာသိမ်းမှု တနှစ်တိတိပြည့်တဲ့အချိန်မှာ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေးမှာ အသက်ဆုံးရှုံးရသူ အရေအတွက်၊ ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆုံးရှုံးမှု စတဲ့ တနှစ်တာ အဖြစ်အပျက် အနှစ်ချုပ်ဖေါ်ပြမှုတွေ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူစုစုပေါင်း တသောင်းကျော်ရှီပြီး အသက်ဆုံးရှုံးရသူပေါင်း ၁၅၀၀ ကျော်ရှိကာ စစ်ကြောရေးလို့ အမည်တပ်ထားတဲ့ ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်ရာမှာ သော်လည်းကောင်း၊ စစ်ဆေးရင်း လက်လွန်ခြေလွန်နှိပ်စက်မှုတွေကြောင့်သော်လည်းကောင်း သေဆုံးရမှုတွေက ၁၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု တနှစ်ပြည့်ဆိုတဲ့ ကာလဟာ နှစ်လိုဖွယ်နေ့တနေ့မဟုတ်လသို အထိမ်းအမှတ်နေ့လည်းမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ၊ အသက်ဆုံးရှုံးရမှုတွေ၊ လွယ်လွယ်နဲ့ မေ့ပျောက်လို့မရတဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ကာလတခု၊ သမိုင်းဖြစ်ရပ်တွေ နောက်တကြိမ် သမိုင်းတပတ်ပြန်မလည်အောင် မှတ်တမ်းတင်လက်ဆင့်ကမ်းရမယ့် ကာလတခုသာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar