ခွန်ဆိုင်း - နွေဦးတော်လှန်ရေး တနှစ်စာ သံခိပ် (၂)
(မိုးမခ) ဖေဖော်၀ါရီ ၁၊ ၂၀၂၂
အာဏာသိမ်းတဲ့နေ့က နေပြည်တော်စည်ပင်ဝင်းထဲမှာ လွှတ်တော်အသစ်ခေါ်ဘို့ တစုတစည်းထဲ ရှိနေကြတဲ့ ပြည်သူ့လွှတ်တော်အမတ်တွေ အကုန်လုံးဖမ်းမထားလိုက်မိပဲ အိမ်ပြန်ခွင့်ပေး အထင်သေးလိုက်မိတာကို အခုဆို စစ်ကောင်စီတွေ တက်တခေါက်ခေါက် နောင်တရနေကြမှာသေချာပါတယ်။ ၈၈ အတွေ့အကြုံသင်ခန်းစာတွေနဲ့ အမတ်တွေ မြန်မြန်အလုပ်လုပ်နိုင်ခဲ့ကြတယ်။ အာဏာသိမ်းပြီးပြီးချင်း ဖွဲ့လိုက်တဲ့ CRPH (Committee Representing Pyidaungsu Hluttaw) ဟာ ဖေဖေါ်ဝါရီ ၂၇ ရောက်တဲ့အချိန်မှာ CRPH အဖွဲ့ခွဲတွေ တိုင်းနဲ့ပြည်နယ် (ရခိုင် -ကယားမှအပ) အကုန်ဖွဲ့နိုင်ခဲ့တယ်။ လူထုရဲ့ နိုင်မြင်းဖြစ်အောင်ပြေးရဘို့ တာဝန်ရှိလာ တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဧပြီလ ၁၆ ရက်မှာ ပေါ်ပေါက်လာတယ်။ မတ်လ ၈ ရက်က စခဲ့တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC (National Unity Consultative Council) မှာ လွှတ် တော်အမတ်တွေ ချည်းစုထားတာမဟုတ်ဘူး။ စီဒီအမ်ခေါင်းဆောင်တွေ၊ မြို့ဒေသအလိုက်က အထွေထွေသပိတ်ခေါင်းဆောင်တွေ၊ လူထုလူတန်းစား အလုပ်သမားနဲ့ လယ်သမားကိုယ်စားပြု အဖွဲ့အစည်းခေါင်းဆောင်တွေ၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ (GSC, CDM, CSO NGOs, EROs) စတာတွေနဲ့ တဖြေးဖြေး စုစည်းချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခဲ့တာမို့ NUG ဆိုတာ ၈၈ NCGUB မဟုတ်ဘူးလို့ ပြောနိုင်တာပဲ။ တနေရာစီ ရှိနေကြတာမှန်ပေမယ့် နည်းပညာလှိုင်းစီးပြီး အစည်းအဝေးတွေ လိုအပ်သလို ထိုင်အလုပ်လုပ်ကြတယ် ။ အလုပ်စားပွဲ Zoom စည်းဝေးခန်းမတွေ ရှိတယ်။
၂၀၂၁ နွေဦးတော်လှန်ရေးလာရာက လူထုမဲတွေကို စစ်တပ်က စစ်ဖိနပ်နဲ့ နင်းချေပစ်လိုက်တာက လာခဲ့လိုက် တာ။ ကိုဗစ်ကို ပမာမထား၊ လူထုဟာ ရောဂါကပ်ဆိုးကြားက ခက်ခက်ခဲခဲ ရွေးကောက်ထားရတဲ့ သူတို့အစိုးရကို စစ်တပ်ကပြောချင်တာတွေပြောပြီး ထောင်ထဲအလွယ်တကူ ဖမ်းထည့်နိုင်တာကို မြင်ကြရပြီး ရှော့ခ်တွေရ ရင်ဘတ်အနာတွေဆီက လာခဲ့ကြတာ။ တော်လှန်ရေးလားရာကလဲ ၈၈ အပြီး စမ်းတဝါးဝါးလူထုရဲ့ အတွေးအ ခေါ်တွေကလာခဲ့ရပုံနဲ့ မတူတော့ဘူး။ ၈၈ ထက် ပိုမြင့်မား တိကျပြတ်သားသွားကြနေကြပြီ။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖာထေးသုံးစားနေလို့ မဖြစ်နိုင်ဘူး။ သူနဲ့ဆက်သွားရင် တိုင်းပြည် -အညွန့်တလူလူဖြစ်အောင် တည်ဆောက်လို့ မရနိုင်တော့ဘူးလို့ ရင်ဘတ်တွေ ခေါင်းတွေကို ကျည်ဆန်မှန်လို့ ပွင့်ကျနေတဲ့ ရင်သွေးအလောင်းတွေကို ပွေ့ ဖက်ရင်းရတဲ့ ရင်ဘတ်အသိတွေက လာတာ။ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံအစစ်ကို အစားထိုးနိုင်မှ တပြည်လုံး ထာဝရတည်ငြိမ်အေးချမ်းနိုင် ညီညွတ်နိုင်ကြမယ်လို့ တောကော မြို့ပါမကျန် လက်ခံသွားကြတာ။ အဓိကအတားအဆီး စစ်တပ်ကို နိုင်ငံရေးက အပြီးမောင်းထုတ်နိုင်မှရမယ်ဆိုတဲ့ တော်လှန်ရေးအသိဝင်သွားတာ။
၆၂ အာဏာသိမ်းအပြီး ဆဲဗင်းဇူလိုင်အပြီး၊ ၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှုတွေချေမှုန်းခံရအပြီး ကျောင်း သားတွေ တောခိုကြတယ်။ လက်နက်ကိုင်မှ ရမယ်အသိနဲ့ တော်လှန်ရေးနယ်လွတ်မြောက်နယ်တွေဆီကို လူငယ်တွေထွက်ခဲ့ကြတာ အစဥ်အလာပဲ။ အဲဒီတုန်းက ခုလို အွန်လိုင်းမှာ မကြေငြာနိုင်ဘူး။ တိတ်တိတ်ထွက်ကြ လူမသိသူမသိ တောတွင်းတနေရာမှာ မထင်မရှားကျဆုံးခဲ့ကြ၊ မကျသူတွေထဲက တချို့လဲ တိတ်တိတ် ဆိတ်ဆိတ် မြေပေါ်ပြန်ရောက်ခဲ့ကြ။ ၈၈အရေးတော်ပုံချေမှုန်းခံရပြန်တော့ ကျောင်းသားလူငယ်တွေ အုံနဲ့ကျင်းချီ သောင်းဂဏန်းအထိအောင် ကရင်ပြည်နယ် သေဘောပိုးစခန်းဆီ အပြေးရောက်ခဲ့ကြတာပဲ။ (ABSDF) ကျောင်းသားတပ်မတော်ဖြစ်တည်တယ်။ တိုက်ခဲ့ကြတယ်။ လပိုင်းအကြာ နဝတက ကြိုဆိုလက်ခံရေးစခန်းတွေဖွင့်ပြီး ပြန်ခေါ်တဲ့အခါ တချို့လဲ ပြန်ကြ တချို့ဆက်တိုက်ကြ။ အဲဒီတုန်းက အဓိက အိမ်ရှင် တိုင်းရင်းသား ကရင် (KNU) တဖွဲ့တည်းခံတိုက်ရတာဆိုတော့ ကရင်ပြည်နယ်တခုလုံးလဲ ဖွတ်ဖွတ်ညက်ညက် ကြေတယ်။ နိုင်ငံတကာကို မြန်မာစစ်ပြေးဒုက္ခသည် တသိန်းလောက်ရောက်သွားတယ်။ အဲဒီတုန်းက CDM ဝင်တဲ့ဝန်ထမ်းတွေက ရုံးပြန်မတက်မနေရအမိန့်အောက်မှာ မကြာလိုက်ကြဘူး။ အကုန်လိုလို ရုံးပြန်တက်ကြတယ်။ စက်တင်ဘာ အာဏာသိမ်းပြီး ၃ လပြည့်တဲ့အခါ ရွေးကောက်ပွဲဝင်မယ့်ပါတီ နှစ်ရာကျော်လောက်တန်းစီ- နဝတ ဂျင်းမိနေကြပြီ။ ၁၉၉၀ ရွေးကောက်ပွဲဆီကို လူထုလည်ထွက်သွားတယ်။
အခု ၂၀၂၁ လူထုက ၈၈ လူထုလို ခပ်ပိန်းပိန်း ဂျင်းစိမ်းတွေမဟုတ်ဘူး။ မိတ်သလင် ဆိုမလား။ ခံခဲ့ဖူး နာခဲ့ဖူး ဖြတ်သန်းခဲ့ကြဖူး။ ဗိုလ်တက်ပုက သူ့ဆရာတွေခြေရာအတိုင်း ရွေးကောက်ပွဲအသံပစ်လိုက်ပေမယ့် ဂျင်ဇီတွေက လမ်းပေါ်က ဆင်းမပြေးကြဘူး။ အကြမ်းမဖက် ဆန္ဒပြပွဲတွေမှာ နေ့စဥ်ရက်ဆက် မတ်လကုန်တော့ အာ ဇာနည် ၅၀၀ ကျော် လမ်းတွေပေါ်မှာကြွေခဲ့ကြတယ်။ ၂၀၂၁ ဧပြီမှာ ပီဒီအက်ဖ်စစ်သင်တန်းတွေ တိုင်းရင်းသားနယ်မြေအသီးသီးမှာ စနေကြပြီ ။ ဒီတကြိမ်မှာ၈၈တုန်းကလို မြို့ပြကျောင်းသားပညာတတ် ဂျင်ဇီတွေချည်း သက်သက်ကို အခြေခံထားတာမဟုတ်ဘူး။ ဗမာအချိုးအစား အများစုပါလာတယ်။ ကျေးလက်လယ်သမားလူငယ်တွေ မြို့ပြအလုပ်သမားလူငယ်တွေ ထောင်သောင်းချီ ပါလာတယ်။ ပီဒီအက်ဖ်ထဲ ဝင်ကြတယ်။ နံမည်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ ရွေးကြတယ်။
လူထုပြည်သူ့စစ်မဟာဗျူဟာ လူထုတော်လှန်ရေးမူလအခြေခံဟာ လက်နက်ကိုင်ချင်လို့ကိုင်တာကအစ မဟုတ်ဘူး။ ငြိမ်းချမ်းစွာအသက်ပေးကြိုးပမ်းကြရင်း မရနိုင်လို့သွားကြတာ။ တကယ်စစ်ဝါဒီတွေသာ ခွေးမြီးကောက် -ကျည်တောက်မစွပ်ပဲ-တိုင်းပြည်အပေါ် တစုံတရာစေတနာထားရင် မစေ့စပ်စတမ်း အဆုံးသတ်တိုက်ပွဲတွေ ဖြစ်ချင်မှဖြစ်မယ်။
တော်လှန်ရေးအတွက် စစ်ရေးခေါင်းဆောင်ဆိုတာမျိုးက စစ်တိုက်ကြည့်မှပေါ်မှာ သဘာဝကျပါတယ်။ နိုင်ငံ ရေးနဲ့ -စစ်ရေးခေါင်းဆောင် မတူနိုင်ဘူး။ တချို့က ရွေးကောက်ခံအမတ်တွေအားလုံး စစ်မတိုက်ရကောင်းလား ပီဒီအက်ဖ် မဖြစ်ရကောင်းလား မြို့ကနေထွက်ခိုင်းနေတာလဲ ရှိသေးတယ်။ လူထုကရွေးထားတာကို စစ်မတိုက်လို့ - အိမ်မှာဆက်နေလို့ရနေကြသေးလို့ အပြစ်ဖို့ကြသေးတယ်။ အိမ်ကိုချိတ်ပိတ်ခံရတာတွေ၊ ရောဂါတဖက် ကိုဗစ်တဖက် ထောင်ထဲသွားနေရတာကို နားလည်ကြဘို့ လိုမယ်။ မိသားစုကျန်းမာရေး အသက် အရွယ် တွက်ရတာတွေလဲ ရှိမယ်။
ဗိုလ်နဂါး- ဗိုလ်ကျားကြီး -ဗိုလ်ဂျပန် စတဲ့ စတဲ့ စစ်ခေါင်းဆောင် ဒေသခေါင်းဆောင်တွေ ပေါ်လာကြတာ အား တက်စရာပါ။ သူတို့ဟာ နိုင်ငံရေးကို အရမ်းနားလည်ချင်မှ နားလည်မယ်။ ဝါဒတခုခုကို သိမြင်ယုံကြည်ထားတာ။ ပါတီတခုခု ဝင်ထားတာ၊ သပိတ်ကိုခေါင်းဆောင်ခဲ့တာတွေ ဖြစ်ချင်မှ ဖြစ်မယ်။ ဓမ္မ အဓမ္မသိရင် တရား- မတရားခွဲခြားတတ်ရင်ရပါပြီ။ အချိန်မရွေး အသက်ပေးရနိုင်တဲ့ လက်နက်ကိုင်တော်လှန်ရေး ခေါင်း ဆောင်ဖြစ်ဘို့ မလွယ်ပါ။ အခုတော့ မြန်မာပြည်သူတွေဟာ ၂၀၂၁ - စက်တင်ဘာ ၇ ရက် (ဟိုဖက် ဒီဖက်) ဒီဒေးတိုက်ပွဲ ခေါ်ခေါ် မခေါ်ခေါ် ....
၁။ အလျော့ပေးမရ- နောက်ဆုတ် အရှုံးပေးလို့မရ- အသက်-သွေးနဲ့ အရင်းအနှီးမျိုးစုံ မြုပ်နှံထားတဲ့ ရေရှည် တော်လှန်ရေးတခုကို ရင်ဆိုင်နေရပြီ (ကျွံနေပြီး အသက်နဲ့ဘဝတွေ မေ့ပစ်လိုက်ကြမလား - ၂၀၀၈ စစ်ဖိနပ်အောက် ပြန်သွားကြမလား၊ ဒူးထောက်ရင်း မသေမရှင် အသက်ဆက်ရှင်ကြမလား)
၂။ CDM ဝန်ထမ်း သိန်းဂဏန်းဟာ ဝင်ငွေမရှိပဲ တနှစ်ကျော် ရပ်ခံတိုက်ပွဲဝင်နေကြတယ်။ စားဝတ်နေရေး ဝန်ထုတ်ဝန်ပိုးနဲ့ အခက်အခဲတွေကို လက်တွေ့ နေ့တိုင်း ဆက်လက်ရင်ဆိုင်နေကြတယ်။
၃။ နောက်ဆက်တွဲ စီးပွါးပျက်ကပ်ကြောင့် စားစရာ နေစရာခက်နေတဲ့ မြို့ပြအလုပ်သမား လူတန်းစား ဆင်းရဲလာတဲ့လူလတ်တန်းစားများ အငတ်ဘေးဟာ ကြီးသထက်ကြီးလာနိုင်တယ်။
၄။ မြေလှန်ထိုးစစ်များကြောင့် ရွာတွေ မီးလောင်တိုက်သွင်းခံနေရပြီး IDPs (Internal Displaced Person ပြည် တွင်း စစ်ပြေးဒုက္ခသည် (အခု လေးသိန်းခန့်) ကနေ နောက်ပိုင်းပိုများလာမယ်။ ရေရှည် ရပ်တည်ရင်ဆိုင်ရမယ့် အခက်အခဲတွေ ရှေ့မှာစောင့်နေတယ်)
၅။ ပီဒီအက်ဖ်နဲ့ တော်လှန်အင်အားစုတွေဖက်မှာ လူအင်အား အတိုင်းအဆမရှိ (တပေါင်းစစ်သည် ဒေါင်းစစ် သည် သောင်းချီတက်လိမ့်မည် စာဆို - အညီ) ပြည့်စုံနေပေမယ့် အဆုံးအဖြတ်စစ် -မြို့သိမ်းနယ်သိမ်းအထိ အဆင့် တဆင့်မြှင့်ဆင်နွဲဖို့ လုံလောက်ထိရောက်တဲ့ အတိုအရှည်တွေ မပြည့်စုံသေးတဲ့ အခက်အခဲရှိတယ်။ ပစ်အားမယှဥ်နိုင်ရင် တော်လှန်ရေးအဆင့်တက်ဖို့ မလွယ်ဘူးဆိုတဲ့အမြင်တွေလဲ ရှိတယ်။
၆။ အချိန်ကျလာပေမယ့် EAOs အားလုံး ညီညီညာညာ ပြိုင်တူမရုန်းထနိုင်တဲ့အဖြစ်တွေရှိတယ် (တချို့အဖွဲ့တွေက ပြည်ပကို မှီ - ပရောက်ဇီနယ်ခံသက်သက်အဖြစ်ခံနေလား- ကိုယ့်ပြည်နယ်က ပဓာန - ဖယ်ဒရယ်ပြည် ထောင်စုက သာမညလား)
ဒီလို အားနည်းချက်နဲ့ အခက်အခဲတွေရဲ့ တဖက်မှာ အားသာချက်တွေက စစ်တပ်အပေါ် လူထုနာကျည်းမှုဟာ သမိုင်းမှာ အပြင်းထန်ဆုံးပဲ - တော်လှန်ရေးရေချိန် အမြင့်ဆုံးပဲ။ အထူးတိုက်တွန်းစရာမလို အလိုလို ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်လိုကြတယ်။ မသေချာတဲ့ ပြည်ပ အကူအညီဆိုတာကို ထိုင်မျှော် -လက်မှိုင်ချမနေကြဘူး။ ကိုယ့်အားကိုယ်ကိုးတယ်။ ကိုယ့်ရပ် ကိုယ့်ရွာကို လက်တွေ့ ကိုယ်တိုင်ကာကွယ်နေတယ်။ ကိုယ့်ဖာသာ တီထွင်ထုတ်လုပ်နေကြတယ်။ ရွာဘောလုံးကွင်းမှာ စစ်သင်တန်းဆင်း။ ရွာဘေးကွင်းမှာ လက်နက်စမ်း။ ရှေ့ တန်းထွက်ရင် ဘုရားပွဲတမျှ ခြိမ့်ခြိမ့်သဲ။ ရှေ့တန်းပြန်ကို သူရဲကောင်းတွေလိုကြို၊ ကျဆုံးရဲဘော်များဆို သား သမီးအရင်းအခြာတွေလို သေချာသဂြိုလ်- မျက်ရည်လည်ရွှဲ ငိုရင်းသားက - ဂုဏ်ယူကြတာ။
စစ်ကိုင်းတိုင်းကို စကစက တိုင်းမှူးပြောင်းပြီး ၂ လအတွင်း အပြတ်ရှင်းပစ်ဘို့ အမိန့်ပေးနေချိန်မှာ ကျေးလက်ဒေသအတော်များများကို ပြည်သူ့တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်ပြီ။ ပြည်သူ့အုပ်ချုပ်ရေးတွေ စတင်တည်ဆောက်နိုင်ပြီလို့ နျူဂျီကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အာအက်ဖ်အေမှာ ပြောလိုက်တယ်။ ကရင်နီပြည်နယ်မှာလဲ မြို့ပေါ်တွေကလွဲရင် နယ်မြေလမ်းပန်းတွေအားလုံး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ဘီဘီစီသတင်းကဆိုတယ်။ NUG ဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ (EAOs EROs) ဒေသ ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Local PDF) တွေနဲ့ ဟန်ချက်ညီ ဗျူဟာမြောက် စစ်ရေးလှုပ်ရှားမှုတွေ လုပ် ဆောင်နေပြီ။ တသွေးတသံတမိန့်စနစ် Chain of Command ကို တည်ဆောက်လာနိုင်နေပြီ။ စစ်ရေးကို ပူး ပေါင်းဆောင်ရွက်တဲ့ C3C ဗဟိုကွပ်ကဲရေးနဲ့ပေါင်းစပ်ညှိနှိုင်းရေးကော်မီတီ (Central Command and Co-ordinating Committee) ဖွဲ့ထားနိုင်ပြီ။ စစ်ဒေသတစ်ခုနှင့်တစ်ခု ဗျူဟာမြောက် ဟန်ချက်ညီညီ အလုပ်လုပ်နိုင်ဖို့ ပြင်နေတယ်လို့ အင်တာဗျူးတာကိုတွေ့တယ်။
ဒီတကြိမ် အားကောင်းချက်တွေထဲမှာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပဋိညာဥ် အပိုင်းတစ်ကို ဧပြီအစောပိုင်းကအတည်ပြုနိုင်ခဲ့ပြီး ၂၀၂၂ ဇန်နဝါရီ ၂၇ ပြည်သူ့ညီလာခံမှာတော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်အပိုင်း ၂ ကို ဆက်အတည်ပြုကြမှာ။
ဗမာတိုင်းရင်းသားလူမျိုးကြီးနဲ့ တပြည်လုံးက တိုင်းရင်းသားလူမျိုးငယ်တွေကြား အပြန်အလှန်လေးစားနား လည်မှုတွေ သေချာတည်ဆောက်နိုင်ခဲ့ကြတာပဲ။ ဒါ ၈၈ မှာ မရခဲ့တာအရာ။ တဦးတယောက်ခေါင်းဆောင်မှုမျိုးနဲ့မဟုတ်ဘဲ စုပေါင်းခေါင်းဆောင်မှု စုပေါင်းတာဝန်ခံမှုစနစ်တွေနဲ့ NUCC ကို ဖွဲ့နိုင်ခဲ့ပြီး အခုဆို စစ်ကိုင်း တိုင်း- မကွေးတိုင်းမှာ တိုင်းရင်းသားတပ်တွေ တိုက်ပွဲတိုင်းမှာ အောင်ပါစေ။ ပီဒီအက်ဖ်တပ်တွေ တိုက်ပွဲတိုင်းမှာ-အောင်ပါစေ .. ဆိုတဲ့ ကြွေးကြော်သံတွေ ရွာသပိတ် မြို့သပိတ်စစ်ကြောင်းတွေမှာ ကြားနိုင်မယ်၊ ကချင်- ချင်း -ကရင် -ကရင်နီနယ်မြေတွေ ပီဒီအက်ဖ်တပ်ဖွဲ့တွေ သင်တန်းတက်ကြ ဆင်းကြ ပူးပေါင်းစစ်ဆင်နေကြတာကိုတွေ့မယ်။ KIA, KNU, CNF, KNPP, MNDAA တို့က NCA အကြောင်း လွမ်းလွမ်းဆွေးဆွေး ဆက်မပြောကြတော့ဘူး။
စိနတိုင်းက မြန်မာ့အခြေအနေတွေကို မပြတ်အကဲခတ်ရင်း နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေကို တယ်လီဖုန်းကတဆင့် အပစ်ရပ်ခိုင်းနေတယ်လို့လဲ ကြားတယ်။ ဒါ ဘယ်အထိသွားမလဲ စောင့်ကြည့်ဖို့ လိုတယ်။
ခွန်ဆိုင်း
(၃၀-၁-၂၀၂၂ )
နိုင်ငံတကာရောက် မြန်မာပြည်သားတွေရဲ့ ကွန်ရက်ဖွဲ့ ကြိုးပမ်းနေကြတဲ့ အခန်းကဏ္ဍ၊ နိုင်ငံတကာက နွေဦးတော်လှန်ရေးအပေါ် အမြင်နဲ့ ဆက်ဆံရေးအပိုင်းတွေကို နည်းနည်းဆက်ချင်ပါသေးတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar