Breaking News

ငဇ - ဗင်းဆင့်ရဲ့ ဝက်သစ်ချရွက်‌တေး

ဗင်းဆင့် + သီအို ( Image- Crd)

ဗင်းဆင့်ရဲ့ ဝက်သစ်ချရွက်‌တေး
ငဇ
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂

သီအို ညီလေးရေ
အစ်ကိုဟာ ကံကောင်းတဲ့သူ မဟုတ်ဘူး
လန်ဒန်မှာ ပျော်ရွှင်ခဲ့တဲ့ အခိုက်အတန့်ဟာ
အစ်ကို့ လူငယ်ဘဝရဲ့ ဒုလ္လဘ
သတ္တုကင်းဘတ်ပေါ်က ပထဆုံး အပြာ
တခုထဲက တခုပါပဲ။

ငါ့ညီ ပေးခဲ့တဲ့
မြက်ပင်လက်တဆုပ်ရယ်
ဝက်သစ်ချရွက်ပန်းခွေရယ် အစ်ကိုရတယ်
လယ်ကွင်းနဲ့ 
တောအုပ်တွေကို အစ်ကိုမမေ့ပါဘူး။

အာဆူလာအပေါ် အစ်ကို စိတ်ကူးယဉ်ခဲ့တယ်
အစ်ကိုမငြင်းပါဘူး 
အာဆူလာ့ အချစ်ကို ရခဲ့ရင်လည်း
လယ်ကွင်းနဲ့ တောအုပ်တွေကို အစ်ကိုမမေ့ပါဘူး
အစ်ကိုဟာ တောသားပဲ
အစ်ကို့နှလုံးအိမ်မှာ တောဝိညာဉ်ဟာ
ပန်းချီအပေါ် အစ်ကို့ဝိညာဉ် လွှမ်းဖုံးသလို
အစ်ကို့ဝိညာဉ်ကို ပန်းချီက သိမ်းမိုးသလို
မဆုံးတဲ့ အချစ်တွေနဲ့ တောဝိညာဉ်ဟာ အစ်ကိုပါပဲ။

ငါ့ညီ သီအိုရေ ညီလေးရေ
အစ်ကိုဟာ အချစ်မှာ ချစ်သလောက် နစ်ခဲ့ရတယ်
ပန်းချီမှာ လောင်ကျွမ်းသလောက် ယိုစီးခဲ့ရတယ်
ဒုက္ခဟာ အစ်ကို့ အသက်ခြေလှမ်းရှေ့
တပွင့်စီ တပွင့်စီ ပွင့်ဝါနေတဲ့ နေကြာပန်းတွေပေါ့
ဆိုက်ပရပ်ပင်တွေဟာ 
အစ်ကို့ ရင်ဝကို အလျံညီးညီး စိုက်ဝင်နေတဲ့
မီးလျံဓားတွေပေါ့
ဇွန်ဒတ်မှာ ဂျုံခင်းတွေ အဖြစ်ထွန်းဆုံးအချိန်ဟာ
အစ်ကိုအကြိုက်ဆုံး အရောင်တွေ ပျားစွဲချိန်ပေါ့။

ငါ့ညီ သီအိုရေ ညီလေးရေ
အစ်ကို့ ခြေလက်နဲ့ အစ်ကို့ အသက်ခန္ဓာ
ဘဝရဲ့အချိန်ကို ပန်းချီနဲ့ရပ်ပစ်ဖို့
မီးထဲကို ခုန်ဆင်းပြီး မီးထဲကတွန်းပျံပြီး
ကမ္ဘာဆီ ဆန်လာမယ့် မင့်အစ်ကိုပါ ငါ့ညီရေ။

အစ်ကိုသေရင် လယ်ကွင်းထဲမှာပဲ သေလိမ့်မယ်
ပိန်းညှင်းငှက်ကလေးရဲ့ လည်ဆံမွေးထဲကနေ
ငယ်ဘဝကို ချောင်းကြည့်ဖို့ စိမ့်ဝင်မယ် ...
နေလယ်မီးဟာ ထည်ဝါစွာ ထွန်းလင်းနေဦးမယ်
အစ်ကို့ဂျုံခင်းဟာ ရွှေဝါရောင်အထန်ပြင်းဆုံး
သည်းထန်စီးကျနေလိမ့်မယ်
ကျီးကန်းတွေ အစ်ကို့အလောင်းပေါ် 
အုံ့မှိုင်းတောက်လောင်နေလိမ့်မယ် ...။

လယ်ကွင်းမိုးထားတဲ့ ကောင်းကင်တဆုံး
ကြယ်ပြောင်းပြန် သက်တန့်အကော့ 
ထောင်းခနဲ ဖောက်ထွက်သွားတဲ့ သေနတ်သံ
မြက်ပင်လက်တဆုပ်နဲ့ မင့်အစ်ကို
ဝက်သစ်ချရွက်ပန်းခွေနဲ့ မင့်အစ်ကို
ဂျုံတခင်းလုံးဝါအောင် သွေးတံတားထိုးမယ့် မင့်အစ်ကို
အဝါရောင်သွေးတွေ ဆူပွက်ပိုင်ဆိုင်သူ
ဒုက္ခရဲ့ အနီးဆုံးက ခြေသံအပြင်းဆုံး မင့်အစ်ကို
လယ်ကွင်းနဲ့ တောအုပ်ကို အစ်ကို မမေ့ပါဘူး
သီအို ညီ‌လေးရေ။

၂၊ စက်တင်ဘာ၊ ၂၀၂၀
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar