Breaking News

နေသွင်နိုင်း - မီးဖောက်လုလင်ထံမှ ပေးပို့သောအရိုးပြာများ

နေသွင်နိုင်း - မီးဖောက်လုလင်ထံမှ ပေးပို့သောအရိုးပြာများ
(မိုးမခ) ဖေဖော်၀ါရီ ၂၃၊ ၂၀၂၂

(၁)
စာသိုက်ဖွဲ့​နေတဲ့ ပုံးထဲက 
တောရနံ့တောင်ရနံ့နဲ့လိပ်စာ
အားလုံးနဲ့သက်ဆိုင်လို့
ပြည်သူ့ဥယျာဥ်မှာ ဖွင့်ဖောက်ဖတ်လိုက်တယ်။
.......

(၂)
မီးဖုတ်သမားများဟာ ဂျစ်ဂန်တေတွေလို မီးတောင်ချော်ရည်ထဲ ရောက်ရှိသွားကြပြီ
မီးတောင်ကို ဖောက်ခွဲဖို့
မီးစာကို အရှိန်မြှင့်ဖို့
စွန့်ခွာခြင်းမက စွန့်ခွာခဲ့ကြပြီ
စွန့်လွှတ်ခြင်းမက စွန့်လွှတ်ခဲ့ကြပြီ
သူတို့ဟာ 
မီးကိုပြန်ပေးမယ့် ဂျန်ဇီပရိုမီသီးယပ်စ်ပဲ။

 မြင်နေကျတံဆိပ်ကို ခွာချ
ကိုယ့်ထူးကိုယ်ချွန် ကိုယ့်ဓားကိုယ်သွေး
နတ်ဘုရားရဲ့အင်္ကျီကို ကြေးသားနဲ့ချုပ်လုပ်ဝတ်ဆင်
အသားကျနေတဲ့တံဆိပ်သားကို ဖင်ခုမထိုင်ချင်စေချင်လို့
အစွဲမကျွတ်သေးတဲ့ဂါထာကို သေးနဲ့ပန်း
ချွေးနံ့သွေးနံ့တွေစွန်းကျစ်ထားတဲ့ အသားစထဲကနေ
မီးနတ်ဘုရားကို ပူဇော်သလို ကျည်သားကို ပသ
 သွေးစုပ်ဖုတ်ကောင်ရဲ့ဇီဝိန်​ကို ချွတ်ချဖို့
မီးဖောက်သမားလုလင်ရဲ့လက်ကို ရွှေချပါ။

လယ်တောထဲက ဖြစ်ဖြစ်
ဈေးကွက်ထဲကဖြစ်ဖြစ်
ကောက်စိုက်သမတွေရဲ့ ချွေးခံထဲကဖြစ်ဖြစ်
ဘယ်သူတောင်းစားရဲ့ ခွက်စုတ်ထဲကဖြစ်ဖြစ် ဖျစ်ဖျစ်မြည်နေတဲ့ လက်မောင်းသားထဲကဖြစ်ဖြစ်
မြင်နေကျတံဆိပ်ကိုဆွဲနှုတ်မြေလှန်
ဇွမ်ဘီ​တွေရဲ့ခြေမျက်စိကနေ
နဖူးထိဖောက်ထွက်သွားနိုင်တဲ့
မှော်ဝင်တံခါးရဲ့ သော့ချက်ဟာ အရေးကြီးပြီ။
စစ်ထွက်ဖို့အချိန်ကျပြီ ညီအစ်ကိုတို့
တကယ်တော့ နောက်တောင်ကျနေပြီ ရဲဘော်ရေ
သေမင်းရဲ့မီးတိုင်မှာ ငါတို့လင်းချင်း
ရန်သူ့မြင်းကို ကိုက်ခဲပြီး နိုင်ငံတော်သစ်ကိုရုံတင်ဖို့
ကျောက်သားကို ညှစ်ချနေရသလို
စောက်ဆံအကြောင်းပြောနေရတာနဲ့ သေနိုင်တယ်။
မနက်ဖြန်​ရဲ့​ လွင့်မျောနေတဲ့တံဆိပ်နဲ့ 
ဘာမှမရေရာခြင်းကော်ဖီ 
ချစ်သူရဲ့ဇစ်နဲ့ ပန်းခြံရဲ့သော့တံခါးမဖွင့်နိုင်ခင်
အသက်ဇီဝတုန်ခါနှုန်းအသေ
ရှင်သန်မှုဝင်ရိုးခန်းခြောက်နေတဲ့ကမ္ဘာ
မိစ္ဆာကိုနှင်ဖို့ တေးသွားကို ဘာလို့ရပ်တန့်ပစ်မှာလဲ
ဝတ်နေကျဘောင်းဘီကို မဝတ်
သွားနေကျလမ်းကို မသွား ဆိုနေကျသီချင်းကိုမဆို
ကောသလမင်းရဲ့အိပ်မက်ထဲ 
ငရဲသားသစ်လို အဆီဝနေတဲ့ 
အဓမ္မသမားနာမည်ရေး 
ဘာနိမိတ်မှမပြနဲ့
ဘာအိပ်မက်မှမပေးနဲ့
ကျွမ်းသန္တာလန်အောင် အမှောင်သားနဲ့ချုပ်
မီးရှို့ခံရတဲ့ တရားဓမ္မကျောပြင်ကို နာကျင်ပါ
သတိရပါ ငိုကြွေးပါ 
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပါ
သမိုင်းစာအုပ်ကို ဖွင့်ပါ
အမည်နာမ ရေးထွင်းပါ

ငါတို့သယ်ဆောင်ရာခရီးလမ်းဟာ
 ရွှေသားသိုးမွေးတွေဆိုတာ မမေ့နဲ့
ကိုယ်တိုင် တောအုပ်ထဲဘဝကို မစွန့်လွှတ်ရဲရင်
မီးဖောက်သမားရဲ့လက်ကို ဗလာဟင်းလင်းမကျင်းစေနဲ့
မြင်နေကျတံဆိပ်ဟောင်းတွေကို ပြာချ
ကျဆုံးသွားတဲ့ မီးထုတ်လုပ်ရေးသမားတွေရဲ့ စတေးမှုကို ဦးညွတ်ကြ
ပုပ်ပွ​နေတဲ့ အလောင်းတွေရဲ့အမည်ဟာ ​
ရန်သူ့ကိုယ်ပိုင်အမှတ်အသားဖြစ်ပါစေတဲ့။

(၃)
ဒီမှာ ဒါ မီးဖောက်သမားများရဲ့ ဒဏ်ရာ
ဒါ မီးဖုတ်သမားရဲ့ လိပ်စာ။
ဒီမှာ 
ဒါ မွေးကင်းစကလေး
ဒါ စိတ်မနှံ့သူ
ဒါ ကုန်တင်ယဥ်မောင်းအလုပ်သမား
ဒါ အငြိမ့်သမ
ဒါ ကျောင်းသား
ဒါ လယ်သမား
ဒါ ကျေးတောသား
ဒါ ငါ့အမေရဲ့အလောင်း
ဒါ ငါ့သားရဲ့ အသားစ
ဒါ ငါတို့ရွာ
ဒါ ရွာဘုန်းကြီး
ဒါ ကျောင်းဆရာ
ဒါ ဆရာဝန်
ဒါ ဖိနပ်ချုပ်သမ
ဒါ လှေထိုးသား
ဒါ ငါးဖမ်းသမား
ဒီမှာ
ပြန်စရာအိမ်မရှိတော့တဲ့ ငါတို့အိပ်ရာ
ဒီမှာ
 မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ကိုင်းကျွန်းလယ်ယာ
ဒီမှာ
သင်တို့နာကျင်ဆွေးမြည့်ခဲ့ရသူတို့ရဲ့
အရိုးပြာ။

ဒီမှာ သင်တို့ပျော်ရွှင်ဖို့
ငါတို့ အမဲလိုက်ထွက်ကြပြီ။

(၄)
မီးတောင်ကို ဖောက်ခွဲဖို့ မီးတောင်ချော်ရည်ထဲ
သူတို့ တိုးဝင်သွားကြပြီ။

(၅)
နောက်ထပ် ပေးစာ
ရောက်ရှိမလာတော့ပါ။ ။

နေသွင်နိုင်း
၂.၂.၂၀၂၂

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar