Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၈ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၈ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဖေဖေါ်ဝါရီ ၉၊ ၂၀၂၂


ဖေဖော်ဝါရီ ၈ ရက် - မြင့်တက်နေတဲ့ ကုန်စျေးနှုန်းနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေး မတည်ငြိမ်မှု ၊ အကျိုးဆက် အငတ်ဘေးနဲ့ ရောဂါဘေး

ဒီနေ့ သတင်းထဲ ဖတ်ရှုကြည့်တဲ့အခါ လက်နက်ကိုင် ပဋိပက္ခပြင်းထန်နေတဲ့ ဒေသတွေ၊ ပြည်နယ်တွေ၊ တိုင်းဒေသအချို့တွေမှာ ရိက္ခာဖြစ်တဲ့ ဆန်၊ ဆီ ပြတ်လပ်နေတဲ့သတင်းအပြင် လောင်စာဆီ ဝယ်ယူရခက်ခဲတာအပြင် စျေးနှုန်း အဆမတန်ကြီးမြင့်လာနေတာကိုလည်း ဖတ်ရှုရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် ပူတာအို၊ ကယားပြည်နယ်ရဲ့ မြို့နယ်တွေမှာ စက်သုံးဆီစျေးနှုန်းဟာ ရန်ကုန်စျေးနှုန်းထက် ၂ ဆမှ ၃ ဆနီးနီးရှိနေပြီး လိုသလောက် ပမာဏလည်း ဝယ်ယူမရတာမို့လို့ ရိက္ခာသယ်ယူရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး အရေးပေါ်သွားလာဖို့ စတဲ့ ကိစ္စရပ်တွေအားလုံးကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေတာကို သတင်းထဲ ဖတ်ရှုရပါတယ်။ 

လောင်စာဆီကို လက်နက်ကိုင် တိုက်ပွဲနဲ့ ဆက်စပ်ပြီး ဖြတ်လေးဖြတ် ပိတ်ဆို့ကြရာက ဒေသမှာ နေထိုင်နေကြသူတွေအားလုံးရဲ့ စားဝတ်နေရေး အသက်ရှင်သန်ရေးတွေ အထိကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနေတာလည်း ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာတောင် ခုလက်ရှိ လောင်စာဆီစျေးနှုန်းဟာ စီးပွားရေးအပေါ် လူတွေရဲ့ စားဝတ်နေရေးအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနေပြီး ဖြစ်ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျလာတာကြောင့် ဒေါ်လာစျေးမြင့်တက်ပြီး လောင်စာဆီစျေး မြင့်တက်တာအပြင် ကမ္ဘာ့ရေနံစျေးနှုန်းကလည်း ခုနှစ်ပိုင်းတွေအတွင်း အမြင့်ဆုံးလို့ဆိုရအောင် မြင့်တက်လာနေတာက မြန်မာနိုင်ငံအဖို့ ဆိုးရွားစွာ ထိခိုက်စေတာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့မှာ အငှားယာဥ်တွေ ပြေးဆွဲဖို့ တွက်ခြေမကိုက်ကြတော့သလို ရန်ကုန် မန္တလေးကို ဗဟိုပြုပြေးဆွဲနေကြတဲ့ ယာဥ်လိုင်းတွေ ခရီးသွားလာရေးနဲ့ ကုန်စည်ပို့ဆောင်ရေးတွေမှာလည်း လောင်စာဆီစျေးနှုန်းကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေ ပို့ဆောင်ရာမှာလည်း ကုန်စျေးနှုန်းမြင့်တက်ကုန်သလို ဝယ်ယူစားသုံးရတဲ့သူတွေအဖို့ ဝင်ငွေ လျော့ကျနေချိန်မှာ စားရေးအတွက် ကုန်ပစ္စည်းတွေကို စျေးပိုပေး ဝယ်ယူရသလို ဖြစ်နေပြီး ၂ ဆထိခိုက်ရတဲ့ အနေအထားဖြစ်ပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခပြင်းထန်တဲ့ ဒေသတွေအဖို့ ပိုမိုဆိုးရွားတဲ့ အနေအထားမျိုးဖြစ်လာနေပါတယ်။ ယင်းမာပင် ၊ ပုလဲ စတဲ့ဒေသတွေက သူတွေအဖို့ အရေးအကြောင်း ကိစ္စရှိရင် စီးနင်းနိုင်ဖို့ ဆိုင်ကယ်အတွက် ဓါတ်ဆီကို စျေးကြီးကြီးပေးဝယ်ပြီး စုဆောင်းရတဲ့ အခြေအနေမျိုး ရှိတယ်လို့သိရပါတယ်။ 

နိုင်ငံရေး မတည်ငြိမ်မှု လက်နက်ကိုင် တိုက်ပွဲတွေက စိုက်ပျိုးရေး ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ အခက်အခဲတွေ ရင်ဆိုင်ကြရသလို ထွက်ရှိလာတဲ့ စိုက်ပျိုးသီးနှံ ဆန်စပါးတွေကိုလည်း စျေးကောင်းရဖို့ မစောင့်ဆိုင်းနိုင် ဆွတ်ခူး ရိတ်သိမ်းချိန် ရတဲ့စျေးနဲ့ ရောင်းချကြရနေတဲ့ အခြေအနေမျိုးဖြစ်ပြီး စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မြေဆီလို့ခေါ်တဲ့ မြေသြဇာတွေလည်း သယ်ယူခွင့်မရှိကြပဲ ဝယ်လို့မရတဲ့ အခြေအနေမျိုးကြုံနေကြရတယ််လို့ဆိုပါတယ်။ 

စိုက်ပျိုးရေးကို အားထားကြရတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း မကွေးတိုင်း နဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် လူပေါင်း သိန်းနဲ့ချီ စစ်ဘေးရှောင်နေကြရသလို သိန်းနဲ့ချီတဲ့ လယ်ယာ ဧကတွေရဲ့ စိုက်ပျိုးရေး ထွက်ကုန်ကို ထိခိုက်စေမှာ ဒီအပေါ်မှီခိုနေကြတဲ့ လူတွေရဲ့ဝင်ငွေ တွေထိခိုက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂရဲ့ ခန့်မှန်းတွက်ချက်မှုတွေမှာ လူပေါင်း သန်းဆယ်ဂဏန်းကျော် လူသားချင်းစာနာမှု အကူအညီလိုအပ်မှာ ဖြစ်ပြီး လူဦးရေရဲ့ ထက်ဝက်က ဆင်းရဲမှု မျဥ်းအောက်ရောက်ရှိသွားမယ်လို့ ခန့်မှန်းထားပါတယ်။ 

ဒီအခြေအနေတွေနဲ့ တင် မြန်မာပြည်သူလူထုရဲ့ ဒုက္ခက မပြီးသေးပါဘူး၊ ကူးစက်ရောဂါ ကပ်ဘေးကလည်း ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ရိုက်ခတ် နှိပ်စက်နေတာ မပြီးဆုံးသေးပဲ ခုတဖန် စတုထ္ထလှိုင်းလို့ ခေါ်ရမယ့် ကိုဗစ်ကူးစက်မှု နောက်တကျော့ စတင်နေတာလည်း ဖြစ်ပါတယ်။ တမူး၊ ကလေးမြို့တို့မှာ ကူးစက်မှု ကိန်းဂဏန်းတွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြင့်တက်ခဲ့သလို ရန်ကုန်မြို့မှာလည်း ခုသီတင်းပတ်မှာ ကူးစက်မှု အရှိန်မြင့်တက်လာနေတာကို လက္ခဏာရပ်တွေ မြင်တွေ့နေရပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်တဲ့ ကိန်းဂဏန်းတွေထဲ မရောက်တဲ့ ဖြစ်ပွားမှုတွေက အများကြီးရှိနေပြီး ပြင်ပ ပုဂ္ဂလိက ဆေးခန်းတွေမှာ ပြသနေတာ၊ ပုဂ္ဂလိက ဆေးရုံတွေမှာ တက်ရောက်နေတာတွေ အများအပြားရှိနေနှင့်ပြီး ဖြစ်ပါတယ်။ 

အများပြည်သူအတွက် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲလုနီးနီးဖြစ်နေတဲ့ နိုင်ငံမှာ အခုလို ကူးစက်မှုကပ်ဘေးမှာလည်း ဆင်းရဲ ချမ်းသာ အဆင့်အတန်းကွာဟမှုရဲ့ အကျိုးဆက်ကို ထင်ထင်ရှားရှားတွေ့ မြင်ရမှာ ဖြစ်ပါတယ်။ 

ငွေကြေးတတ်နိုင်သူတွေအဖို့ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ကုသမှု ခံနိုင်ပေမယ့် သာမန်လူတွေအဖို့ အခုလို ကိုဗစ်ကူးစက်ခံရတဲ့အခါမှာလည်း ပုဂ္ဂလိကဆေးရုံလိုမျိုးမှာ တက်ရောက်ကုသနိုင်မယ့် အခြေအနေမရှိပါဘူး။ ဒီလိုကွာဟမှု အခြေအနေတွေက ပိုပြီးနက်ရှိုင်းလာမယ့် သဘောလည်း တွေ့နေရပါတယ်။ 

ပဋိပက္ခဒေသက လူတွေအဖို့ အသက်ဘေးအန္တရာယ်က လွတ်မြောက်ဖို့က နံပါတ် ၁ ဦးစားပေးဖြစ်ပြီး မြို့တွေပေါ်မှာ နေထိုင်နေကြတဲ့ လူထုတွေအဖို့လည်း စားဝတ်နေရေးအရ ရှင်သန်နိုင်ဖို့ ၊ ကူးစက်ရောဂါဘေးကနေ ရှင်ကျန်နိုင်ဖို့ ရုန်းကန်နေကြရဆဲ ဖြစ်နေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar