Breaking News

ဇာနည် - ""ဗီယက်နမ်စစ်ပွဲသင်ခန်းစာ..""

ခေါင်းဆောင်ကြီးဟိုချီမင်း

""ဗီယက်နမ်စစ်ပွဲသင်ခန်းစာ..""
ဇာနည်
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၂

သမိုင်းမှာ မိမိထက်အင်အားအဆမတန်ကြီးမားတဲ့ရန်သူကိုအနိုင်တိုက်နိုင်ခဲ့တဲ့စစ်ပွဲတခု နမူနာပြပါဆိုလျှင် ဗီယက်နမ်စစ်ပွဲကို ကျနော်တို့ဥပမာပေးရပါလိမ့်မယ်။
အင်ဒိုချိုင်းနားဒေသရဲ့ဗီယက်နမ်နိုင်ငံလေးဟာ နိုင်ငံအရွယ်အစားအရ ကျနော်တို့မြန်မာနိုင်ငံရဲ့သုံးပုံနှစ်ပုံပဲရှိပါတယ်။ 
ဗီယက်နမ်ဟာ ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးပြီး (၁၉၄၀) မှာ ဂျပန်လက်အောက်ကျရောက်ခဲ့ရပါတယ်။ ဟိုချီမင်းခေါင်းဆောင်တဲ့ဗီယက်မင်းတွေရဲ့ ဂျပန်ဖက်ဆစ်ခုခံရေးစစ်ပွဲ (၁၉၄၅) မှာအောင်နိုင်ခဲ့ပြီး.. ဒီမိုကရက်တစ်သမ္မနိုင်ငံကြေညာခဲ့ကာ မရှေးမနှောင်းမှာဘဲ ပြင်သစ်ကိုလိုနီနယ်ချဲ့သမားတဖန်ပြန်လည်ဝင်ရောက်နယ်ချဲ့မှုကြောင့် ပြင်သစ်ကိုလိုနီနယ်ချဲ့ခုခံရေးစစ်ကို (၉) နှစ်ကျော် ဆင်နွဲခဲ့ရပြန်ပါတယ်။

နောက်ဆုံး (၁၉၅၄) ခု ဗီယက်နမ်အနောက်မြောက်ပိုင်း နာမည်ကျော် "ဒိန်ဗင်ဖူးတိုက်ပွဲ" မှာ ပြင်သစ်စစ်သား (၁၆၀၀၀) ကျော်ဟာပိတ်မိနေခဲ့ပြီး..ဗီယက်နမ်မျိုးချစ်တပ်တွေရဲ့ချေမှုန်းခြင်းခံခဲ့ရလို့ စစ်သား(၄၀၀၀)ကျော်ကျဆုံးခဲ့ရပြီး (၁၂၀၀၀) လက်နက်ချခဲ့အဖမ်းခံခဲ့ရပါတယ်။ တင့်ကား (၁၀)အပါအဝင် စစ်လေ ယာဉ်အစင်း(၁၆၀) ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။

စစ်ရူံးပြင်သစ်နယ်ချဲ့သမားဟာ ဂျီနီဗာကွန်ဖရင့်ခေါ်ယူဆွေးနွေးခဲ့ရပြီး ဗီယက်နမ်မှအပြီးသတ်ဆုတ်ခွာပေးခဲ့ရပါတယ်။

သို့သော်လည်း..ပြင်သစ်နယ်ချဲ့သမားနေရာမှာအမေရိကန်နယ်ချဲ့သမားကအစားထိုးဝင်ရောက်ခဲ့ပြီး..ဂျီနီဗာကွန်ဖရင့်သဘောတူညီချက်အရ ယာယီငြိမ်းချမ်းရေးဇုံ သတ်မှတ်ထားတဲ့(၁၇) မျဉ်းပြိုင်ရဲ့တောင်ဘက်ခြမ်းကို (၁၉၅၅) မှာ ဝင်ရောက်ကျုးကျော်နေရာယူခဲ့ပါတယ်။

ဂျီနီဗာသဘောတူညီချက်အရ (၁၇)မျဉ်းပြိုင်ဟာ ဗီယက်နမ်တောင်မြောက်ခွဲခြားတဲ့နယ်နမိတ်မဟုတ်ဘဲ ယာယီငြိမ်းချမ်းရေးဇုံတခုသာဖြစ်ပါတယ်။ ထို့အပြင် သဘောတူညီချက်တွေဖြစ်တဲ့ ပြည်ပစစ်သားများမစေလွှတ်ရ၊  စစ်လက်နက်ပစ္စည်းများမတင်ပို့ရ၊ စစ်အခြေစိုက်စခန်းများမတည်ဆောက်ရ  ..စတဲ့သဘောတူညီချက်များကိုပါချိုးဖောက်ပြီး ..အမေရိကန်နယ်ချဲ့သမားဟာ တိုက်လေယာဉ် (၂၅၀)၊ တင့်ကားအစင်း(၇၀၀)ကျော်၊ စစ်သား (၁၅၀၀၀၀) စေလွှတ်ခဲ့ပြီး ..ဗီယက်နမ်ကိုတောင်နဲ့မြောက်နှစ်ပိုင်းခွဲခြားပစ်ခဲ့ပါတယ်။

(၁၇)မျဉ်းပြိုင်တောင်ဘက်ခြမ်း လာအိုနယ်စပ်နဲ့(၇)မိုင်အကွာမှာရှိတဲ့ ခမ်ဆမ်(Khe Sanh)ဒေသမှာ အမေရိကန်စစ်အခြေစိုက်စခန်းတခုတည်ဆောက်ပြီး မြောက်ဗီယက်နမ်ကိုကျုးကျော်တိုက်ခိုက်ဖို့ စစ်ရေးစီမံကိန်းတခုချခဲ့ပါတယ်။ ခမ်ဆမ်တိုက်ပွဲဟာ ဒုတိယဒိန်ဗင်ဖူးတိုက်ပွဲလို့တင်စားခေါ်ဝေါ်ခဲ့ရပြီး၊ အမေရိကန်နဲ့တောင်ဗီယက်နမ်ရုပ်သေးအစိုးတပ် (၆၀၀၀)နီးပါကျဆုံးခဲ့ကာ ခမ်ဆမ်စစ်စခန်းကဆုတ်ခွာပေးခဲ့ရပါတယ်။ ဒီ ခမ်ဆမ်တိုက်ပွဲမှာ အမေရိကန်ဟာ စစ်အင်အား(၁၅၀၀၀၀)ခွဲကျော်နဲ့ ဗုံးတန်ချိန် (၁၀၀၀၀၀)ကျော်အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ.။
စစ်ဦးစီးချုပ် ငုယင်ဂီယက်

ဗီယက်နမ်စစ်ပွဲတလျှောက်မှာ အမေရိကန်စစ်သား (၅) သိန်းကျော်ဝင်ရောက်တိုက်ခဲ့ပြီး . (၅၂)ဘီ ဗုံးကျဲလေ ယာဉ်အပါအဝင် စစ်လေယာဉ်နဲ့တိုက်ခိုက်ရေးရဟတ်ယာဉ် (၂၅၀၀) ကျော်အသုံးပြုခဲ့ပါတယ်။ မီးလောင်ဗုံးတွေအပါအဝင် ဗုံးတန်ချိန်ပေါင်း(၂)သိန်းခွဲကျော်ကျဲချခဲ့တာပါ။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်စစ်သားတသိန်းခွဲခန့် ကျဆုံး/ပျောက်ဆုံးခဲ့ရပြီး သုံးသိန်းကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ခုချိန်ထိ ဗီယက်နမ်မြေပေါ်မှာကျဆုံးခဲ့ရတဲ့အမေရိကန်စစ်သားအလောင်းတွေရှာဖွေနေရဆဲပါ။

ဗီယက်နမ်မျိုးချစ်တပ်တွေဘက်ကလဲ (၆ - ၉) သိန်းခန်းထိ ခိုက်ဒဏ်ရာရ ကျဆုံးခဲ့ရပါတယ်။  ဗီယက်နမ်ပြည်သူနှစ်သန်းကျော်ခန့်သေဆုံးခဲ့ရပါတယ်။

မည်သို့ပင်ဖြစ်စေ..နောက်ဆုံးမှာတော့ တရားသောခုခံစစ်ပွဲဟာ လုံးဝအောင်ပွဲခံခဲ့ရစမြဲဆိုတဲ့ သမိုင်းသင်ခန်းစာကို ဗီယက်စစ်ပွဲက နိုင်ငံတကာက အဖိနှိပ်ခံပြည်သူ့ခုခံစစ်ပွဲဆင်နွဲနေတဲ့ပြည်သူတွေအားလုံးကိုပေးအပ်ခဲ့ပါတယ်။

ယခု ကျနော်တို့နိုင်ငံမှာလဲ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေဟာ မအလ ဖက်ဆစ်စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုးဖိနှိပ်မှုကို တရားသောခုခံစစ်တရပ်ဆင်နွဲနေကြပါတယ်။
မအလ ဖက်ဆစ်တပ်ဟာ တချိန်က ဗီယက်နမ်ကိုကျုးကျော်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်လောက်အင်အားမကောင်းပါဘူး။ ဗီယက်နမ်မျိုးချစ်တော်လှန်ရေးမှာ မိမိထက် လက်နက်နဲ့အင်အားအဆမတန်ကြီးမားလှတဲ့ရန်သူကို ခုခံစစ်ပွဲဆင်နွဲအနိုင်တိုက်နိုင်ခဲ့ပါတယ်။ ကျနော်မြန်မာပြည်မှာ ကချင်၊ ကရင်၊ ချင်း၊ ကယား စစ်ကိုင်းနဲ့ မကွေး (ဗမာ) ဒေသတွေမှာ မအလဖက်ဆစ်တပ်ရဲ့ထိုးစစ်တွေနဲ့ လေကြောင်းဗုံကြဲတိုက်ခိုက်မှုတွေဟာ ဗီယက် နမ်မှာလောက်မပြင်းထန်လှပါဘူး။ ဗီယက်နမ်မျိုးချစ်ပြောက်ကျားတွေဟာ ရန်သူရဲ့အဆမတန်အင်အားသုံးတိုက်ခိုက်မှုတွေကိုကြံ့ကြံ့ခံတွန်းလှန်အနိုင်ယူနိုင်ခဲ့သလို...ကျနော်တို့ အဖိနှိပ်ခံမြန်မာပြည်သူတွေဟာလဲ မအလ ဖက်ဆစ်စစ်တပ်ကို အဆုံးတနေ့မှာ အနိုင်တိုက်နိုင်မှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

(၂၀၂၂) ခုနှစ်မှာ မြန်မာမာပြည်က လူမျိုးစုံအဖိနှိပ်ခံပြည်သူတွေရဲ့ခုခံစစ်ပွဲတွေဟာ ပိုမိုပြီးကြီးမားကျယ်ပြန့်အားကောင်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ အခုတောင် မအလ ဖက်ဆစ်စစ်တပ်ဟာ တစတစပြိုကွဲချည့်နဲ့စပြုလာနေပါပြီ။

ကျနော်တို့ဟာ မြန်မာပြည်သမိုင်းမှာ တကြိမ်တခါမှမကြုံခဲ့ဘူးတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးတရပ်ကိုလဲရရှိထားပါပြီ။ တောရောမြို့ပါမကျန် နိုင်ငံတဝှမ်းမှာအဖိနှိပ်ခံပြည်သူတွေရဲ့အုံကြွဆန့် ကျင်မှုတွေကိုလဲမြင်တွေ့နေရပါပြီ။ အဖိနှိပ်ခံပြည်သူတွေရဲ့ခုခံစစ်အောင်ပွဲတွေလဲ တခုပြီးတခုရရှိနေပါပြီ။

မအလ ဖက်ဆစ်စစ်တပ်ဟာ တောင်စွယ်မှာကွယ်တော့မဲ့နေလို..အသက်ငွေ့ငွေ့သာကျန်တော့တယ်လို့ နိုင်ငံရေးအရပြတ်ပြတ်သားသားယုံကြည်ထားကြဖို့လိုပါတယ်။
များမကြာမီအချိန်အတွင်းမှာပဲ မအလဖက်ဆစ်စစ်တပ်ရဲ့ကျဆုံးခန်းကိုရောက်တော့မှာပါ။ ကျနော်တို့အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေမျှော်မှန်းထားတဲ့ နိုင်ငံသစ်အမျိုးအစား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တရပ်ကိုလဲ မလွဲဧကန်တည်ဆောက်နိုင်ကြတော့မှာပါ။
နိုင်ငံရေးမူး ဖန်ဗန်ဒေါင်း

စစ်ပွဲတပွဲမှာ လက်နက်အင်အား လူအင်အားဘယ်လောက်ကြီးကြီး ..ပြည်သူမထောက်ခံ မပူးပေါင်း မပါဝင်တဲ့အပြင် ပြည်သူလူထုရဲ့ဆန့်ကျင်မှုကိုခံရရင် ဘယ်နည်းနဲ့မှမအောင်မြင်နိုင်ဘူးဆိုတာ ဗီယက်နမ်ပြည်သူတွေရဲ့ခုခံစစ်တော်လှန်ရေးက သမိုင်းသင်ခန်းစာပေးခဲ့သလို..ကျနော်တို့နိုင်ငံမှာ ပြည်သူတရပ်လုံးက မအလ ဖက်ဆစ်စစ်တပ်ကို မုန်တီးစက်ဆုပ်ရွံရှာစွာ ဆန့်ကျင်တွန်းလှန်တိုက်ပွဲနေကြပြီး ..ပြည်သူ့ခုခံစစ်ပွဲဟာ မြန်မာပြည်သူ လူထုတရပ်လုံးရဲ့အပြည့်အဝပူးပေါင်းပါဝင်ထောက်ခံမှုရနေတာကြောင့်..ကျနော်တို့ရဲ့ ဒီအဆုံးသတ်တိုက်ပွဲ နွေဦးတော်လှန်ရေး မုချအောင်မြင်ရမည်မလွဲပါဘူး...။

"ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်.."
"လုံးဝအုပ်ချုပ်ခွင့်မရစေရ.."
"လက်နက်ကိုင်တိုက်ပွဲနဲ့လူထုတော်လှန်ရေးပေါင်းစပ်ကြ.."
"တရားသောခုခံစစ်ပွဲမုချအောင်ရမည်.."
"မအလ ဖက်ဆစ်စစ်တပ် လုံးဝကျဆုံးရမည်.."

ဇာနည်
 (၂-၆-၂၀၂၂)
ဓါတ်ပုံ..(ခေါင်းဆောင်ကြီးဟိုချီမင်း-စစ်ဦးစီးချုပ် ငုယင်ဂီယက်-နိုင်ငံရေးမူး ဖန်ဗန်ဒေါင်း)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar