Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၀ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၀ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၂

◾️လက်နက်ကိုင်တိုက်ပွဲတွေ၊ စစ်ဘေးရှောင်တွေ၊ တရားမဲ့ သတ်ဖြတ်မှု၊  လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်း 
ခုရက်ပိုင်း သတင်းတွေမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တိုက်ပွဲဖြစ်တဲ့သတင်း၊ ရဲစခန်းတွေကို PDFတွေ ဝင်တိုက်တဲ့ သတင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့  ၂ ဖွဲ့အကြား နယ်မြေစိုးမိုးမှုအတွက် တိုက်ပွဲတွေ ကျေးရွာ၊ မြို့ကတွေ စစ်ဘေးရှောင်ရတဲ့ သတင်း၊ ရခိုင်ပြည်နယ် အနောက်ဖျားက စစ်ကောင်စီတပ်နဲ့ AA တပ်တို့ တိုက်ပွဲဖြစ်တဲ့ သတင်းနဲ့အတူ နေပြည်တော်မှာ ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး ဗိုလ်ရှုခံ အခမ်းအနားလုပ်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

မနေ့ ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ တန့်ဆည်မြို့ ကံထူးမရွာက ရဲစခန်းကို PDFတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ PDF ဘက်က သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ စစ်သားနဲ့ ရဲတွေရှိတဲ့ ရဲစခန်းလို့လည်း ထုတ်ပြန်ချက်မှာဆိုထားပြီး စစ်ကောင်စီဘက်က ၄၀ လောက် သေဆုံးတယ်လို့ PDF ဘက်က ထုတ်ပြန်ပါတယ်။ တန့်ဆည်မြို့ဟာ စစ်ကိုင်းတိုင်းထဲက PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်မှု အများအပြားဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက တခုဖြစ်ပါတယ်။ မုံရွာမြို့ကနေ အနောက်ဘက်နဲ့ မြောက်ဘက်မှာ ရှိတဲ့ မြို့နယ်တွေအနက် ပုလဲ၊ ကနီ၊ ယင်းမာပင်၊ တန့်ဆည်၊ မင်းကင်းမြို့နယ်တွေမှာ PDFတွေက စစ်ကောင်စီတပ်ယာဥ်တန်းတွေကို အလစ်အငိုက် မိုင်းခွဲတာ တိုက်ခိုက်တာတွေ မကြာခဏ ဖြစ်ပွားနေပြီး အခုလို ရဲစခန်းလိုမျိုး အထိုင်နေရာကို ဝင်တိုက်တာမျိုးက အကြိမ်ရေနည်းပါးတာတွေ့ရပါတယ်။ 

အဲဒီပုလဲနဲ့ ယင်းမာပင်လို ဒေသကသူတွေအဖို့ လက်နက်ကိုင်တိုက်ခိုက်ကြတာ၊ အားပေးထောက်ခံကြတာဟာ နိုင်ငံရေးပါတီ စတဲ့အယူဝါဒ ဘက်ထောက်ခံမှုတွေထက် PDF လှုပ်ရှားမှုကို စစ်ကောင်စီတပ်က မြေလှန် ချေ မှုန်းတဲ့ဆီကစလို့ စော်ကားလာတဲ့သူတွေကို လက်တုံ့ပြန်တိုက်ခိုက်ကြတာမျိုး သဘောဆောင်လာပါတယ်။ရပ်ရွာကို မီးရှို့ဖျက်ဆီးတာတွေ၊ လူငယ်တွေကို PDF လို့ သံသယနဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ၊ တခါတရံမှာ သတ်ဖြတ်ပြီး မီးတင်ရှို့တာတွေက ရပ်ရွာလူထုကို စိတ်နာကျည်းစေပြီး ဒီဒေသကသူတွေရဲ့ သတ္တိ၊ မဟုတ်မခံ လက်တုံ့ပြန်တဲ့ စိတ်ဓါတ်ကို နှိုးဆွပေးလိုက်သလို ဖြစ်စေပါတယ်။ နိုင်ငံရေးအရ ဖွဲ့စည်းမှု စုစည်းမှုထက်ကို ဒေသအလိုက် ငုံ့မခံပဲ လက်တုံ့ပြန်တဲ့ အနေအထားမျိုးတွေ ပြီးခဲ့တဲ့ ၆ လ ၈ လအတွင်း  တဖြည်းဖြည်းနဲ့ပြောင်းလဲ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းမှာဖြစ်ပျက်နေတဲ့တိုက်ပွဲ သတ်ဖြတ်မှုတွေ ခုခံတိုက်ခိုက်မှုတွေ၊ တရားမဲ့သတ်ဖြတ်ခံရမှုတွေလိုပဲ ကယားပြည်နယ်ရဲ့ မြို့တော်နဲ့ ဘာမှမဝေးတဲ့ ဒီးမော့ဆိုမြို့တဝိုက်မှာလည်း ခုရက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားနေပြီး မနေ့ကဆိုရင် စစ်ဘေးရှောင်တွေရှိတဲ့ ရွာဘက်ကို ညသန်းခေါင်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုရားကျောင်း တကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ကယားပြည်နယ်မှာ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံ လွိုင်ကော်တို့မှာ ပြီးခဲ့တဲ့လပိုင်းတွေကတည်းက မကြာခဏ တိုက်ပွဲတွေ  စစ်ကောင်စီဘက်က ဖျက်ဆီးမှုတွေ အရပ်သားတွေကို ကျေးရွာတွေထဲဝင်လာတဲ့အခါ PDF ဆိုတဲ့ သံသယနဲ့ ပစ်သတ်တာတွေ တောက်လျှောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

ကယားပြည်နယ်လို နောက်စစ်ပွဲတွေ ကျယ်ပြန့်လာနေတဲ့ ဒေသကတော့ ကရင်ပြည်နယ် ဖြစ်ပါတယ်။ ကရင်ပြည်နယ် တပ်မဟာ ၅ ဒေသမှာတော့ စစ်အာဏာသိမ်းမှုတွေ ပြီးကတည်းက ကြိုကြား တိုက်ပွဲတွေ ဖြစ်ပျက်နေတာဖြစ်ပြီး တပ်မဟာ ၆ ရဲ့ ကော့ကရိတ်၊ မြဝတီတို့ဘက်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းမှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာက တိုက်ပွဲတွေ ဆက်လက်ပြီးဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်အပြင် ခုရက်ပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ဘက် မောင်တောနယ်ခြားနဲ့အနီးမှာလည်း AA နဲ့ စစ်ကောင်စီတပ်တွေ ရက်အနည်းငယ်အတွင်း တကြိမ်မက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက် အသေ အပျောက်ရှိခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ဗိုလ်မှူးအဆင့်ရှိသူပါ ထိခိုက်သေဆုံးခဲ့တယ် ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ PDFတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအကြောင်းအပြင် ရှမ်းပြည်နယ်မှာလည်း နယ်မြေစိုးမိုးရေးအတွက် SSPP/SSA နဲ့ RCSS တို့ ရပ်စောက်အနီး ကျောက်ဂူဒေသမှာ ခုရက်တွေအတွင်း တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ဘေးရှောင်တွေ ရပ်စောက်မြို့ဘက်ကို တိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်ဟာ PDF လို ဒေသအလိုက် လက်နက်ကိုင်တွေပေါ်ထွက်လာတာမရှိပဲ လူမျိုးစုအလိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နကိုကတည်းက ရှိနှင့်ပြီးဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှု အပြီးမှာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့မှာ PDF လိုလက်နက်ကိုင် အဖွဲ့ သီးခြားဖွဲ့စည်းတာ မတွေ့ရပဲ ရှိပြီးလက်နက်ကိုင် အဖွဲ့တွေက ဒေသအလိုက် နယ်မြေတွေကို ထိန်းချုပ်တာမျိုး၊ စစ်ကောင်စီကို တိုက်ခိုက်ချင်တဲ့ လူငယ်တွေ အနေနဲ့ သူတို့ရှိပြီးသား လက်နက်ကိုင် အဖွဲ့ မှာ ဝင်ပြီးတိုက်ခိုက်တာမျိုးပဲ ရှိတာတွေ့ရပါတယ်။ 

ဒီလို နိုင်ငံအနှံ့အပြား လက်နက်ကိုင်တိုက်ပွဲတွေ ပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ နေပြည်တော်မှာတော့ ပြည်ထောင်စုနေ့ကို ကြီးကြီးကျယ်ကျယ် ကျင်းပဖို့ ပြင်ဆင်နေပြီး လက်နက်ကိုင်အဖွဲ့တွေကို ကြိုတင်သတ်မှတ်ချက်မပါဘဲ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။ 

တိုက်ပွဲတွေ ပဋိပက္ခတွေ ဖြစ်ပွားနေချိန်မှာ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ စကားပြောဆိုဆွေးနွေးခြင်းဟာ မူအားဖြင့် သဘာဝကျပေမယ့်လည်း ရိုးသားတဲ့ဖိတ်ခေါ်မှုဖြစ်ဖို့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ် ချက်ရှိမှသာ အခုလို ဆွေးနွေးပွဲကမ်းလှမ်းမှုတွေက အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ပရိယာယ်အရ ပြဿနာကြီးနေချိန် အချိန်ဆွဲပြီး ရန်သူကို အင်အားကွဲအောင် လုပ်ဆောင်တာမျိုးသာ ဖြစ်နိုင်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar