ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၂)
(မိုးမခ) ဖေဖော်၀ါရီ ၁၁၊ ၂၀၂၂
A woman is like a tea bag - you can't tell how strong she is until you put her in hot water.
Eleanor Roosevelt
"အမျိုးသမီးတစ်ယောက်ဟာ လက်ဖက်ခြောက်ထုပ်ကလေးတစ်ထုပ်နဲ့ တူပါတယ်။ ရေအပူထဲကိုမထည့်လိုက်မချင်း သူ့ရဲ့ကြံ့ခိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ သင်မပြောနိုင်ပါဘူး" တဲ့။ အမေရိကန် First Lady တစ်ဦးဖြစ်တဲ့ Eleanor Roosevelt ပြောကြားခဲ့တဲ့စကားပါ။
သူ့ရဲ့အဆိုအမိန့်ထဲက လက်ဖက်ခြောက်ထုပ်ကလေးတွေ ကျနော်တို့တိုင်းပြည်မှာ များစွာရှိနေခဲ့ကြသလို မျက်မှောက်ကာလမှာလည်း များစွာရှင်သန်လျက်ရှိပါတယ်။ အထူးသဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအတွင်း အာဏာရှင်တွေရဲ့ ဖိနှိပ်ရက်စက်မှု ရေအပူထဲမှာ သတ္တိရှိစွာ၊ ရဲဝံ့စွာ ဖြတ်သန်းခဲ့ကြတဲ့ မြန်မာအမျိုးသမီးတွေဟာ ကျနော်တို့ ဂုဏ်ပြုရမယ့်သူတွေပါ။
အခုဆိုရင် စစ်အုပ်စုရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှု ၁ နှစ်ပြည့်ခဲ့ပါပြီ။ မြန်မာ့သမိုင်းမှာ အကောက်ကျစ် အရက်စက် အယုတ်မာဆုံးနည်းတွေ လုပ်ရပ်တွေနဲ့ ပြည်သူလူထုကိုဖိနှိပ်ခဲ့ပေမယ့် အချိန်ကြာလာလေ ပြည်သူ့တော်လှန်ရေးက အားကောင်းလေ ဖြစ်လာပါတယ်။ ဘက်ပေါင်းစုံက တော်လှန်ပုန်ကန်သူတွေ ရှိတဲ့အထဲ အမျိုးသမီးတွေရှေ့တန်းက ပါဝင်ခဲ့သလို ကျဆုံးရသူများလည်း ရှိခဲ့ပါတယ်။ အခုဆောင်းပါးမှာတော့ ကျဆုံးခဲ့ရတဲ့ အမျိုးသမီးများအကြောင်း ဂုဏ်ပြုဖော်ပြချင်ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ "အေအေပီပီ" လို့ အတိုကောက်ခေါ်တဲ့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက "ဣတ္ထိယသွေး နွေဦးတေး" လို့ အမည်ရတဲ့ စာအုပ်တစ်အုပ် ထုတ်ဝေပါတယ်။ မြန်မာ့သမိုင်းမှာ ပထမဦးဆုံး ထဘီကို အလံလွှင့်ထူပြီး "ငါတို့ထမီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ" လို့ ရေးသားကြွေးကြော်ခဲ့ကြတဲ့ ကြွေးကြော်သံကို နွေဦးတေးအဖြစ် တင်စားဂုဏ်ပြုထားတာဖြစ်ပါတယ်။ ("ထဘီ" ဆိုတဲ့စကားလုံးက အမှန်ဖြစ်ပေမယ့် ကြွေးကြော်သံမှာသုံးတဲ့အတိုင်း ဖော်ပြထားတာဖြစ်တယ်လို့ AAPP တာဝန်ရှိသူများက ဆိုပါတယ်။)
စာမျက်နှာ ၇၀ ကျော်ပါတဲ့ ဒီစာအုပ်မှာ စစ်အာဏာသိမ်းမှု ၁ နှစ်တာအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက် ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ အမျိုးသမီး ၁၀၄ ယောက်အကြောင်း စုစည်းဖော်ပြထားပါတယ်။ ကျဆုံးခဲ့ရတဲ့ အမျိုးသမီးများဟာ အသက် ၅ နှစ်ကနေ ၇၈ နှစ်အထိဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကလွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေက ဖြစ်ပါတယ်။ ဒီလူတွေဟာ စစ်ပွဲအတွင်းသေဆုံးရတာမဟုတ်ဘဲ အာဏာရှင်လက်ပါး စေတွေရဲ့ ပစ်ခတ်မှု၊ ဖမ်းဆီးညှဥ်းပန်းမှု၊ ရက်စက်မှုတွေကြောင့် အသက်ပေးခဲ့ရသူတွေပါ။
နွေဦးတော်လှန်ရေးအတွင်း ပထမဆုံး သွေးမြေကျခဲ့ရတဲ့ အမျိုးသမီးကတော့ မနှစ်က ဖေဖော်၀ါရီလ ၁၉
ရက်နေ့မှာ ဆုံးပါးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်ပါ။ အကာအကွယ်နောက်မှာရှိနေတဲ့ ၂၁ နှစ်အရွယ်မိန်းကလေးရဲ့ ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်ခဲ့တာဟာ တိုင်းပြည်ကို အကြောက်တရားအောက်မှာ ပြားပြား၀ပ်စေဖို့ စစ်အုပ်စုရဲ့ ကြိုးပမ်းချက်ဖြစ်ပါတယ်။ အာဏာသိမ်းပြီး ၈ ရက်အကြား ၂၀၂၁ ခုနှစ် ဖေဖော်၀◌ါရီလ ၉ ရက်နေ့မှာ မမြသွဲ့သွဲ့ခိုင်းကို ပစ်ခတ်ခဲ့တာပါ။ ဒေါ်တင်နွှဲ့ရီ၊ ဒေါ်မြင့်မြင့်ဇင်တို့လို ကျောင်းဆရာမတွေ၊ အားခူလို လူ့အခွင့်အရေးဆောင်ရွက်သူ၊ မခင်ခင်ကြွယ်၊ မသဉ်ဇာဟိန်၊ မဗျက်ရမ်ချင်းတို့လို့ သူနာပြု စေတနာ့၀◌န်ထမ်းများသာမက မခင်မျိုးချစ်လို ဖခင်ရင်ခွင်ကြားရှိနေတဲ့ကလေးပါမချန် လူမဆန်စွာ သတ်ဖြတ်ခဲ့ကြတာပါ။
အကြမ်းဖက်စစ်ကောင်စီက "အာဏာဟာ သေနတ်ပြောင်းဝမှာရှိတယ်" ဆိုတဲ့ အောက်တန်းကျတဲ့အတွေးနဲ့ သူတို့ထက် အဆပေါင်းများစွာတန်ဖိုးရှိတဲ့ ပြည်သူတွေ၊ အနာဂတ်မျိုးဆက်တွေကို ပန်းကောင်းအညွန့်ချိုး နှိပ်စက် သတ်ဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ခုထိ နားမလည်နိုင်သေးတာက ဒီတော်လှန်ရေးဟာ တသွေး တသံ တမိန့်သဘော အမိန့်ပေးတိုင်းလုပ်ရ၊ အမိန့်ပေးတိုင်းကြောက်ရတဲ့ခေတ်ကို အဆုံးသတ်အောင် တော်လှန်နေတယ်ဆိုတဲ့အချက်ပါ။
ရာထူးအခွင့်အရေး ရလိုရငြား စစ်အာဏာရှင်ဆီ ဒူးထောက်ဝင်သွားတဲ့ ပြည်သူ့သစ္စာဖောက်တစ်ဦး ပြောဖူးတာ မှတ်မိပါသေးတယ်။ "၈၈ တုန်းကလည်း လူထု အခုလို လမ်းပေါ်ထွက်ခဲ့တာပဲ။ ခဏနေတော့ ငြိမ်သွားတာပဲ" တဲ့။ အခု ၁ နှစ်ပြည့်ခဲ့ပါပြီ။ လမ်းပေါ်မှာ သပိတ်တိုက်ပွဲတွေ မရပ်သေးသလို၊ နိုင်ငံရေးအံတုမှုတွေနဲ့ ခုခံစစ်တွေလည်း မရပ်သေးပါဘူး။
ကျဆုံးသွားတဲ့ အမျိုးသမီးတွေထဲမှာ အန္တရာယ်ရှိမှန်းသိလျက်ရဲ့ ဒီတော်လှန်ရေးခရီးကြမ်းမှာ ပါဝင်ခဲ့သူတွေရှိပါတယ်။ သူတို့က အုတ်ရောရော ကျောက်ရောရော ပါခဲ့တာ မဟုတ်ပါဘူး။ သူတို့တွေ မျှော်မှန်းတဲ့၊ သူတို့တွေ မမြင်နိုင်တဲ့ အနာဂတ်အတွက် အသက်တွေဘဝတွေ ရင်းနှီးပေးဆပ်ခဲ့ကြတာ ဖြစ်ပါတယ်။
"အကောင်းအတိုင်း ပြန်လာမယ်လို့
အာမမခံနိုင်တဲ့ခရီးကို သွားရတဲ့အခါ......
နှောင်ကြိုးတွေကို ခွင့်လွှတ်ပေးပါ" လို့ ရေးသားခဲ့တဲ့ မုံရွာသပိတ်စစ်ကြောင်းမှာ ပါ၀င်ခဲ့တဲ့ မသဉ်ဇာဟိန်း။
"သမီးသေသွားခဲ့ရင် မကယ်ပါနဲ့၊ သမီးကိုထားပြီး နိုင်အောင်ကြိုးစားကြပါ။ ဒီတိုက်ပွဲအောင်ရင် သေပျော်ပါပြီ။ ကမ္ဘာမကြေဘူး" ဆိုတဲ့ တောင်ဒဂုံက မဇူးဝင့်ဝါ။
အသက် သွေးအမျိုးအစားတို့ကိုဖော်ပြပြီး သေဆုံးခဲ့ရင် မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုအသုံးပြုဖို့ ကြိုတင်လှူဒါန်းကြောင်း စာရေးခဲ့တဲ့ မဇင်မာအောင် (ခ) ဇင်ပု။
ဒီလူတွေဟာ အဖိနှိပ်ခံပြည်သူတွေကို အားမငယ်ဖို့၊ အများနဲ့အတူ သူတို့ရှိနေကြောင်း၊ ရပ်တည်စွန့်စားနေကြောင်း ပြသခဲ့သူများဖြစ်ပါတယ်။ ကျဆုံးသွားသူများရဲ့တာဝန်ကို ရှင်သန်နေသူများက လက်ဆင့်ကမ်း ပခုံးပြောင်းပြီး ထမ်းရွက်သယ်ပိုးနေကြတဲ့ ယနေ့အခါမှာ ကျနော်တို့ တစ်ဦးချင်းက နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် ကောင်းမွန်တဲ့အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ဖို့ ဝိုင်းဝန်းကူညီရမှာဖြစ်ပါတယ်။
"ငါတို့မှာ ငါတို့ရှိတယ်" ဆိုတဲ့အသိနဲ့ ကျဆုံးခဲ့သူများကို ဂုဏ်ပြုရင်း အားထုတ်ကြရအောင်ပါ။
ထိန်လင်း
၃၊ ၂၊ ၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar