ကိုအောင်မှိုင်း - ရိုးဖြတ်တောကို ဖြတ်သန်းခြင်း
(မိုးမခ) မတ် ၂၈၊ ၂၀၂၂
လေယာဉ်တွေနဲ့ ဗုံးတွေကြဲတိုင်း
လက်နက်ကြီးတွေနဲ့ ထင်ရာပစ်တိုင်း
စစ်ပွဲကိုအနိုင်ရမယ်ဆိုရင်
ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်စစ်နိုင်မှာပေါ့။
ဂျူးအမျိူးသား ၆ သန်းကိုသတ်ပြီး
ဥရောပတခွင် မီးလောင်ပြင်ဖြစ်အောင်
ရက်စက်မှုအပေါင်းသရဖူဆောင်းတိုင်းသာ
စစ်ပွဲကိုအနိုင်ရမယ်ဆိုရင်
ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာစစ်နိုင်မှာပေါ့။
ခုခံစစ်တိုက်ပွဲ
ညီညွတ်ခြင်း ယုံကြည်ချက်
သစ္စာတရားနဲ့ ပေးဆပ်မှုတွေကသာ
ရက်စက်ယုတ်မာမှုတွေကို သုတ်သင်နိုင်မှာပေါ့။
အခက်အခဲတွေကို တိုက်ခိုက်နိုင်တဲ့အခါ
လွယ်ကူခြင်းဟာ မိတ်ဆွေကောင်းဖြစ်လာတယ်။
အကြောက်တရားတွေကို တိုက်ခိုက်နိုင်တဲ့အခါ
သတ္တိရှိခြင်းဟာ မိတ်ဆွေကောင်းဖြစ်လာတယ်။
ဆုံးရှုံးမှုတွေကို တိုက်ခိုက်နိုင်တဲ့အခါ
အောင်မြင်ခြင်းဟာ မိတ်ဆွေကောင်းဖြစ်လာတယ်။
ဖိနှိပ်မှုတွေကို တိုက်ခိုက်နိုင်တဲ့အခါ
လွတ်မြောက်ခြင်းဟာ မိတ်ဆွေကောင်းဖြစ်လာတယ်။
အာရုံမတက်မီ
ရိုးပြတ်တောကို ဖြတ်နိုင်မယ်ဆိုရင်တော့
ငါတို့တွေ ဒီစစ်ပွဲကို အနိုင်တိုက်နိုင်ကြပြီပေါ့။
ကိုအောင်မှိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar