ရဲသျှမ်း - ထာဝရ ရှင်သန်သော (၂၈ မတ်၂၀၂၂- ဆရာသိုက်ထွန်းသက် ကွယ်လွန်ခြင်း ၈လ ပြည့် အမှတ်တရ အက်ဆေး)
ထာဝရ ရှင်သန်သော
ရဲသျှမ်း
(မိုးမခ) မတ် ၃၀၊ ၂၀၂၂
ကျွန်တော် fb စ သုံးတာက ၂၀၁၂ လောက်မှာမှ ဖြစ်သည်။ စာပေနှင့် အနုပညာ အဝန်းအဝိုင်းက မိတ်ဆွေများ၊ စာဖတ်မိတ်ဆွေနှင့် ရထားဌာနက လုပ် ဖော်ကိုင်ဖက်၊ ဆရာ၊ တပည့်တို့နှင့် မိသားစု မောင်နှမများနှင့်ဆိုတော့ မိတ်ဆွေ ၅၀၀၀ က ခဏနှင့် ပြည့်ပါတော့သည်။ နောက်ထပ် မိတ်ဆွေဖွဲ့သူများ ရှိနေသည့်အခါ ကွယ်လွန်သွားသူများ၊ account အသစ်သုံး၍ အဟောင်းအတိုင်း ကျန်ရစ်နေသူများကို unfriend လုပ်လိုက်ပြီး မိတ်ဆွေသစ်တချို့ကို လက်ခံ ဖြစ်ခဲ့သည်။
ကွယ်လွန်သွားသူများ၏ ကျန်ရစ်သူ မိသားစုအနွယ် တဦးဦးက ကွယ်လွန်သူ၏ fb account ကို ဆက်သုံးတာမျိုး၊ ဆက်မသုံးသော်လည်း သည်အတိုင်း ထားရှိလိုက်သည့်အခါ အမှတ်တရများ ပြန်ပေါ်လာတတ်ပါသည်။ သည်အမှတ်တရများကို တပ်မက်စွာ ပြန်လည်ခံစားချင်စိတ်မရှိတော့သည်မို့ ကွယ်လွန်သူ၏ fb accountကို ကျွန်တော့် မိတ်ဆွေစာရင်းမှ ဖယ်လိုက်ရသည်ထဲမှာ အစ်ကိုဆရာကိုတော့ ခြွင်းချက်အဖြစ် ထားလိုက်ရမည်ပဲ ဖြစ်ပါသည်။
***
၁၉၇၈ ခုနှစ် ဒေသကောလိပ်၊ ဒုတိယနှစ်ရောက်တော့ ကျောင်းမှာ နံရံကပ်စာစောင်အတွက် ကျွန်တော်ကဗျာလေးတပုဒ် ရေးဖွဲ့ ပေးပို့ခဲ့ပါသည်။ ပွင့်ငုံ ဟု အမည်ပေးထားသော ကဗျာလေး ဖြစ်သည်။
စိမ်းလက်ရွက်နု ပင်ခက်ယိမ်းနွဲ့
ငြိမ်းအေးလှပ မကြွတကြွ
ဖြာကျရနံ့ မပျံ့တပျံ့
အနှံ့ကားစွင့်
ပွင့်စုံကြားမှ ငုံဖူးသူ။
ပွင့်ငုံရယ်
နေခြည်ဝင်းပ အေးမြရေစင်
ကြင်နာထိတွေ့ သည်နေ့ နက်ဖြန်
ပွင့်ဖတ်လှန် ဟ နုရွပွင့်ချပ်
ရနံ့ပတ်ဝိုင်း ပန်းတိုင်းရှုံးလိမ့်
ရင်မှာစိမ့်ချမ်း လန်းလိုက်စမ်းပါ
ဟိုမှာ သည်မှာ ကြည့်စမ်းပါကွယ်
အနာဂတ်သစ် ကြိုဆိုလှစ်မဲ့
ပန်းချစ်သူတို့ စောင့်နေရဲ့။
သည်ကဗျာလေး နံံရကပ်စာစောင်မှာ ဖော်ပြခြင်းမခံရ။ နံရံကပ်စာစောင် ဖန်တီးသူများက အသုံးမပြု၊ အနာ ဂတ်သစ်တို့ ပန်းချစ်သူတို့ ဆိုသည့် စကားလုံးတွေကြောင့် ပယ်လိုက်သည် ထင်ပါသည်။ ကျွန်တော် သည်ကဗျာလေးကို မိုးဝေစာပေမဂ္ဂဇင်းသို့ စာတိုက်က ပေးပို့လိုက်ပါသည်။ အထင်ကရ စာပေမဂ္ဂဇင်းမှာ ဖော်ပြခံရဖို့ ၉၀%ကျော် မဖြစ်နိုင်မှန်းသိလျက်နှင့် မျှော်လင့်ချက်ပါးပါးလေးဖြင့် ပေးပို့လိုက်ခြင်းပဲ ဖြစ်ပါသည်။ နံရံကပ်စာစောင် ဖန်တီးသူများကို မခံချင်စိတ်လေး ငြိနေတာလည်း ဖြစ်ပါသည်။
မိုးတွေဖွဲဖွဲကျနေသော စက်တင်ဘာ ၆ ရက်နေ့ ညနေမှာ မန္တလေး၊ မီးရထားစာကြည့်သင်းရှိ ကိုနွေမွန်ဆီ ရောက်သွားပြီး သိပ်မကြာလိုက်မီမှာပဲ ဆံပင်ကွေးကောက်ကောက်၊ အသားညိုညို အစ်ကိုကြီးတယောက် ရောက်လာကာ မိုးရေတွေ စိုရွှဲလျက် စာကြည့်တိုက်ထဲ ဝင်လာပါသည်။ လက်မှာ အိတ်ကလေးတလုံးဆွဲလျက်။
“ ကိုရဲ ရှိလား၊ သည်ကို လာတတ်လား”
ကျွန်တော်ပါပဲ ပြောတော့ အဲသည် အစ်ကိုကြီးက ပြုံးလျက်ဖြင့် အိတ်ထဲကနေ ပလပ်စတစ်နှင့် လုံခြုံစွာ ပတ်ထားသော မိုးဝေမဂ္ဂဇင်းကို ထုတ်ပြပါသည်။
“မိုးဝေမှာ ခင်ဗျားကဗျာ ပါတယ်လေ” တဲ့။ ကျွန်တော် အံ့အားသင့်ပြီး မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သွားပါသည်။ ကဗျာ ပို့ထားတာဖြင့် တစ်လပင် မကြာသေး။ ရွေးစာရင်းလောက်ကိုပင် ရင်ခုန်စွာ မျှော်ကြည့်ဖို့ မဝံ့ရဲသော ကျွန်တော်သည် စာကြည့်တိုက် ကြမ်းပြင်နှင့် ခြေထောက် လွတ်သွားသည်ဟုပင် ထင်ရပါသည်။
ကိုနွေမွန်နှင့် ကျွန်တော်တို့ မဂ္ဂဇင်းစာမျက်နှာများကို အလုအယက် လှန်လိုက်ကြသည်။ ကိုနွေမွန်က ဝေးခနဲ အော်သည်။ ကျွန်တော်တို့ အပျော်များ စာအုပ်ယူလာသူ အစ်ကိုကြီးဆီ ကူးစက်ပုံ ရပါသည်။ ပြုံးနေရာက “ ကျွန်တော့် ကဗျာလေးလည်း ပါတယ်..ထွက်ပြေးသူ တစ်ဦး တဲ့”
သည်တော့မှ ဆရာသိုက်ထွန်းသိုက် ကို အရှင်လတ်လတ်၊ မျက်ဝါးထင်ထင် တွေ့လိုက်ရသည်ပဲ ဖြစ်ပါသည်။ မန္တလေးမြို့ ထူးစာစောင်ခေတ်ရဲ့အထင်ကရ ဝတ္ထုတိုဆရာ၊ စာပေဝမ်းစာ ပြည့်ဝလွန်းသော ဆရာက စာပေအရာမှာ နို့နံ့ မစင်သေးသော လူငယ်လေးတယောက်ကို အသိအမှတ်ပြု၊ မုဒိတာစိတ်ဖြင့် လာရောက်တွေ့ဆုံခဲ့သည်မို့ ကျွန်တော် ကြက်သီး မွေးညင်းထလောက်အောင် ဖြစ်ရပါသည်။ လေးစား၊ ချစ်ခင်စရာ ကောင်းသော အစ်ကို တယောက်ပေပဲ ဟု ကျွန်တော့် နှလုံးအိမ်တွင် နေရာပေးထားလိုက်ပါသည်။
နောင်တော့ ကျွန်တော့်အတွက် စာပေအရာမှာ လမ်းညွှန်၊ သွန်သင်ပေးနိုင်သော အစ်ကိုကြီးတယောက်ထက်ပင် ပိုပြီး ရဲဘော်၊ ရဲဘက်လို ဆိုး၊ ကောင်းတိုင်ပင်ကြသည်အထိ ဖြစ်သွားတော့သည်။ ကျွန်တော်မှ မဟုတ်ပါ။ မန္တလေးမြို့ စာပေအသိုင်းအဝိုင်းနှင့် အနုပညာရပ်ဝန်းမှာ သိုက်ထွန်းသက် အမည်သည် မရှိမဖြစ် အရေးပါသူ တဦး ဖြစ်လို့နေပါပြီ။ မန္တလေးနှင့် အစ်ကို့ကို ခွဲ၍ မရတော့။ ရှေ့က အထင်အရှားရှိပြီဖြစ်သော မန္တလေးဂုဏ်ဆောင် စာပေအနုပညာရှင်တို့နောက် အစ်ကိုက အမီလိုက်နိုင်သည်ဟု ကျွန်တော်ဝံ့ဝံ့ရဲရဲ ပြောလိုပါသည်။ မန္တလေးသား စစ်စစ်ကြီး၊ ဧရာဝတီ၊ ကျုံးရေ သောက်ခဲ့သူကြီးမှာ မန္တလေးသွေးသည် ခန္ဓာကိုယ်တွင်း လှည့်ပတ်စီးဆင်းနေသည်ဟု ဆိုချင်ပါသည်။
ကျွန်တော်သည် ဆရာသိုက်ထွန်းသက်ကို စာပေအစ်ကိုကြီး တစ်ယောက်ထက်ပိုသော သွေးသား ညီအစ်ကိုလို ခံစားရပြီး အများအခေါ်ကိုသိုက် အစား အစ်ကိုဟု ကျွန်တော့် ခေါ်ဝေါ်မှုကို ပြောင်းလဲ လိုက်ပါသည်။ အစ်ကိုကလည်း ထပ်တူကျသော ချစ်ခြင်းဖြင့် ကျွန်တော့်ကို ညီရဲ တဲ့လေ။ fb သုံးလာကြတော့ တစ်မြို့ တစ်နေရာစီ ဖြစ်နေသော်လည်း ကျွန်တော်တို့ ညီအစ်ကို on line ပေါ်မှာ နေ့စဉ်တွေ့ဖြစ်ကြပါသည်။ ၂၈ ဇူလိုင် ၂၀၂၁ မတိုင်မီ ရက်များအထိပါပဲ။
***
၂၀၁၉ ပြက္ခဒိန်၏နောက်ဆုံးရွက်ကာလမှာ ဝူဟန်းဗိုင်းရပ်(စ်) တဖြစ်လဲ ကိုဗစ်လှိုင်း ကမ္ဘာကြီးကို ရိုက်ခတ်တော့ ကြိုတင်ကာကွယ်မှု၊စည်းကမ်းပြည့်ဝမှုတို့ကြောင့် ပထမလှိုင်းကို အထိအခိုက်နည်းစွာ ဖြတ်ကျော်နိုင်ခဲ့သည်ထဲမှာ ကျွန်တော်ချစ်သော အစ်ကိုလည်း ပါဝင်ခဲ့ပါသည်။ ပန်းနာ၊ ရင်ကြပ်ရောဂါကြောင့် တခါတရံမှာ အောက်စီဂျင်ရှူရသော အစ်ကို့ကို အားလုံးက စိတ်ပူပန်ခဲ့ပေမဲ့ သရိုးသရီတောင် မဖြစ်လိုက်ဘဲ စာတွေမပြတ်ရေးနေရာက တတိယလှိုင်း အစမှာတော့ စိုးရိမ်ပူပန်မှုတွေ များနေခဲ့လေသည်။ နေ့စဉ် အဖိတ်အစင်များနေသော သတင်းတွေ၊ အောက်စီဂျင် ရှာနေရသူတွေ၊ ရေဝေးမှာ၊ထိန်ပင်မှာ၊ ကျီစုမှာ၊ တောင်အင်း မြောက်အင်းမှာ၊ အေးရိပ်ငြိမ်မှာ……….မှာ ထပ်နေသော သက်မဲ့ခန္ဓာတွေ၏ ကြေကွဲ ဖွယ်ရာ သတင်းများက ဘယ်တော့ ကိုယ့်အလှည့်ကျလေမလဲ ဆိုသည့် တံခါးခေါက်သံကို အထိတ်တလန့် ရွံ့ကြောက်နေသော ကာလများမှာ အစ်ကိုနှင့် ညနေတိုင်း ဖုန်းပြောသည့်အခါ အစ်ကို့ အသံက တိုးလျလွန်းလှသည်။ ဖြစ်ရင်တော့ ကိုယ်တို့ထဲမှာ အစ်ကို အရင်ဆုံး လိုက်သွားရမှာပါပဲ ညီရာ ဆိုသည့် အစ်ကို့ စိုးရိမ် ထိတ်လန့်မှုသည်……..။
စာရေးဆရာဆိုသည့်ဂုဏ်နှင့် ချစ်မေတ္တာတရားကြောင့် အစ်ကို ဆေးရုံတက်ခွင့်ရလေသည်။ တိုက်ခန်းမှာနှင့်စာလျှင်၊ ဆေးကုသခွင့် ခက်ခဲသည်နှင့် စာလျှင် ဆေးရုံက တတိယလှိုင်းပုတ်ဒဏ်ကို ကျော်ဖြတ်ပေးနိုင်လိမ့်မည်ဟု ကျွန်တော်နှင့် သူ့မိသားစုဝင်များ၊ စာပေ အဝန်းအဝိုင်းအားလုံး ထင်မှတ်ခဲ့ပြီး ဖြစ်ပါသည်။ ချစ်သောသူ များလွန်းလှသော အစ်ကို့အတွက် အဲသည် အချိန်က ၁၀သိန်းအထက် တန်ကြေးရှိသော ဆေးကလည်း အဆင်သင့်။ အောက်စီဂျင်အတွက် အပြင်လို မကြောင့်ကြရ။ သို့ပါသော်လည်း ဗိုင်းရပ်တို့သည် နဂိုကတည်းက အဆုပ်အားနည်းရှာသော အစ်ကို့အား…။
အနီးကပ် စောင့်ပေးနေသော သမီးကြီးလည်း ဆွဲထား မရတော့။ ၂၈ဇူလိုင် ၂၀၂၁ မွန်းလွဲ ၁နာရီခွဲခန့်မှာ ကျီးတို့ ပြိုပါလေပြီ။ မိုးတိမ်တို့ မှောင်မည်း ငိုပွဲ ဆင်လေပြီ။ အပြင်ထွက်ခွင့် လုံးဝမသာသော ကျွန်တော်တို့အားလုံး ကိုယ့်နေအိမ်လေးမှာ မိုးနှင့်အပြိုင် ထစ်ချုန်းချ မျက်ရည်ဖြိုင်လေပြီ။ အစ်ကိုကား ချစ်သောသူများ လိုက်ပို့ခွင့် မရရှာစွာ တိတ်တဆိတ် ထွက်ခွာသွားလေပြီ။
၂၆ ဇူလိုင်နေ့က တတိယလှိုင်းအောက် နစ်မြုပ်သွားသော အနုပညာရှင်တို့၏ စာရင်းကို ကျွန်တော့် မက်ဆင်ဂျာထဲ အစ်ကို ပေးပို့ခဲ့ပါသည်။ အဲသည်စာရင်းမှာ အစ်ကို့ အမည်ဖြည့်လိုက်ရမှာကို ကျွန်တော် တုန်လှုပ် သွားပါသည်။ အခုတော့ ဖြည့်ရပါလေကော။
အဲသည်နေ့မှာပဲ ကျွန်တော် ဖျားပါတော့သည်။ စိတ်ထိခိုက်ခြင်းကြောင့်လား၊ အကာအကွယ် လွတ်ထွက်သွားခြင်းကြောင့်လား၊ အတူနေ မိသားစုဝင်ထဲကကြောင့်လား မသိလိုက်မှာပင် test kit ပြသချက်က အနီရောင် မျဉ်း၂ကြောင်း ထင်းထင်းကြီး။ သို့ပေမဲ့ ကျွန်တော်သည် အထိအခိုက် နည်းစွာဖြင့် တစ်လဝန်းကျင် အတွင်းမှာပဲ တတိယလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပါသည်။ မိတ်ဆွေများ၊ ကျွန်တော့် စာပေချစ်သူများ၊ ရေးဖော်များ၊ ဆွေမျိုးသားချင်းများ၏ မေတ္တာနှင့် အားပေး စောင့်ရှောက်မှုများကြောင့်ပဲ ဖြစ်ပါသည်။ လှိုင်းလုံးကိုကျော်ဖြတ်ဖို့ အားအင်ကုန်ဆုံးသွားခဲ့လျှင် ကျွန်တော့် မက်ဆင်ဂျာထဲ အစ်ကို ပေးထားသောစာရင်းအောက်မှာ ဘယ်သူများ ဖြည့်ပေးမှာပါလိမ့် ဆိုသည်အထိ အတွေးများလည်း ယောက်ယက်ခတ်သွားခဲ့ပါသေးသည်။
***
အခုတော့ ကျွန်တော်သည် အစ်ကိုက ကျွန်တော့် မက်ဆင်ဂျာထဲ ပေးပို့ထားသော စာရင်းကို ဖျက်ပစ်လိုက်ပါပြီ။ နောက်ထပ်လည်း မဖြည့်ချင်တော့။ ချစ်သော အနုပညာရှင်များက သေရိုးမှ မရှိဘဲလေ။ အထူးသဖြင့် ကျွန်တော့် စာပေလမ်းကြောင်းကို မတိမ်းမစောင်းအောင် လက်တွဲခေါ်ယူခဲ့၊ အားပေး ဂုဏ်ယူပေးခဲ့သော အစ်ကိုကား ကျွန်တော့်အတွက်တော့ ရှင်သန်ဆဲပါပဲ။
***
ကွယ်လွန်သွားသူများ၏ ကျန်ရစ်သူ မိသားစုအနွယ် တစ်ဦးဦးက ကွယ်လွန်သူ၏ fb account ကို ဆက်သုံးတာမျိုး၊ ဆက်မသုံးသော်လည်း သည်အတိုင်း ထားရှိလိုက်သည့်အခါ အမှတ်တရများ ပြန်ပေါ်လာတတ်ပါသည်။ သည်အမှတ်တရများကို တပ်မက်စွာ ပြန်လည်ခံစားချင်စိတ် မရှိတော့သည်မို့ ကွယ်လွန်သူ၏ fb accountကို ကျွန်တော့် မိတ်ဆွေစာရင်းမှ ဖယ်လိုက်ရသည်ထဲမှာ အစ်ကို ဆရာသိုက်ထွန်းသက် ကိုတော့ ချွင်းချက်အဖြစ် ထားလိုက်ရမည်ပဲ ဖြစ်ပါသည်။
အစ်ကိုကား စာပေအဝန်းအဝိုင်းအတွက်၊ မန္တလေးအတွက်၊ နိုင်ငံအတွက် ထာဝရ ရှင်သန်သူပါပဲလေ။
ရဲသျှမ်း
၁၈ မတ် ၂၀၂၂
* ဆရာရဲသျှမ်း၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ (မိုးမခ)
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar