ကိုသန်းလွင် - လူတိုင်းတွင် ရောဂါမဖြစ်
ကိုသန်းလွင် - လူတိုင်းတွင် ရောဂါမဖြစ်
(မိုးမခ) ၂၆၊ ၂၀၂၂
(၁)
လူနှစ်ယောက် အတူတူသွားပြီး ညစာစားကြသည်။ စားသည်မှာ အတူတူဖြစ်သော်လည်း တစ်ယောက်က အရေးပေါ်ဆေးကုသခန်းသို့
အစာအဆိပ်သင့်ပြီး ရောက်သွားသည်။ နောက်တစ်ယောက်က ဘာမျှမဖြစ်။
ရာသီအလိုက် ဖြစ်နေကျ အအေးမိခြင်းသည် မိသားစုတခုလုံးဖြစ်သွားပြီး ခံနေကြရသည်။ သို့သော် မိသားစုဝင်တစ်ယောက်သာ ဘာမှမဖြစ်။ ဗိုင်းရပ်ပိုးသည် လူကို ကူးစက်ပြီး ညောင်းညာခြင်း၊ မောခြင်းတို့ ဖြစ်လာနိုင်သည်။ အချို့လူများမှာ ထိုဗိုင်းရပ်ကြောင့် ဘာမှ မဖြစ်သော်လည်း၊ အချို့လူများမှာ သေလောက်သော ရောဂါများ ရရှိကြသည်။ ဆရာဝန်များမှာ အဖြေမရှိသော ထိုအရာများကို ရှင်းပြရန်အတွက် အကြောင်းရှာကြရပါသည်။
အချို့ ကိုရိုနာဗိုင်းရပ်ဝေဒနာရှင်များမှာ ICU ထဲသို့ ရောက်နေကြသော်လည်း သူတို့၏မိန်းမများ ကလေးများမှာ သူတို့ ရောဂါကို အိမ်မှာနေရင်းသာ ကုနိုင်နေကြပါသည်။
မကြာခင်က အိုမီခရွန်ဗိုင်းရပ်မှာ လူပေါင်းမြောက်မြားစွာကို ကူးစက်၍ ဒုက္ခပေးခဲ့သော်လည်း သူနှင့် တခန်းတည်း အတူနေသူကိုမူ
မကူးစက်နိုင်ခဲ့ပါ။
ဘရာဇီးနိုင်ငံ စွန်ပါလို (Sao Palo) မြို့တွင် ဒေါက်တာဇက် (Dr Mayana Zatz) က လေ့လာရာတွင် မိတ်ဆွေတစ်ယောက် မမြင်တာကြာ၍ စုံစမ်းသောအခါ အိမ်မှာ အပြင်းဖျား၍ ရောဂါကုနေရကြောင်း သိရပါသည်။ သူ့တွင် ချောင်းလည်းဆိုး၍ အအေးမိသော လက္ခဏာများ တွေ့ရပါသည်။ ၂၀၂၀ ပြည့်နှစ်
မတ်လတွင် သူ့တွင် တွေ့ ရသော လက္ခဏာများမှာ ကိုဗစ်ရောဂါဖြစ်ပွားသူများတွင် တွေ့ရသော လက္ခဏာများ ဖြစ်ပါသည်။ သူ့မိန်းမက သူ့ကို ပြုစုနေရာတွင် မျက်နှာစည်း (Face Mask) မပါ။ သူ့မိန်းမလည်း
တစ်နေ့တွင် ဖျားနာလိမ့်မည်ဟု မျှော်လင့်ကြသော်လည်း မဖျားနာခဲ့ပါ။
ထိုမိန်းမကို ဤရောဂါမကူးစက်ခြင်းမှာ ပတ်ဝန်းကျင်က လူများအဖို့ ပဟေဠိဖြစ်ခဲ့ပါသည်။ သူတို့ကို ကိုရိုနာဗိုင်းရပ် အင်တီဘော်ဒီ (Test) စမ်းသပ်သောအခါ သူ့ယောကျ်ားမှာ ကိုရိုနာဗိုင်းရပ်ဖြစ်ခဲ့ပြီး သူ့မိန်းမမှာ မဖြစ်ခဲ့ဘူးဟု အဖြေထွက်ပါသည်။
ထိုရောဂါကုနေသော ဒေါက်တာက တယ်လီဗေးရှင်းမှနေ၍ ထိုရောဂါဖြစ်နေသော ယောက်ျားနှင့် မိန်းမ စုံတွဲများကို လေ့လာလိုကြောင်း ပြောလိုက်ပါသည်။ တအိမ်မှာ အတူနေခြင်း၊ တယောက်တွင် ရောဂါဖြစ်၍ နောက်တယောက်တွင် ရောဂါမဖြစ်သော အဖြစ်အပျက်များကို သူမ စိတ်ဝင်စားခြင်း ဖြစ်ပါသည်။
သူက ထိုအဖြစ်ကဲ့သို့ ဆင်တူအဖြစ်အပျက်ပေါင်း ဖြစ်ခဲ့သော လူတထောင်ကျော်ဆီမှ အီးမေးလ်များကို လက်ခံရရှိခဲ့ပါသည်။
ထိုအဖြစ်မှာ ဖြစ်နေကျ ဖြစ်ဟန်တူပါသည်။ ၂၀၂၀ မတ်လမှ ယနေ့အထိ နှစ်နှစ်တာ ကာလအတွင်း ရောဂါဖြစ်သူများကို ဒေါက်တာ ဇက်က လေ့လာခဲ့ရာ ရောဂါနှင့် ပတ်သက်၍ အဓိကကျသော လူတို့၏ အခြင်းအရာတခုမှာ ဂျင်း (Gene) ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။
( ၂ )
လူများတွင် အဖြစ်အပျက် အကြောင်းအရာတူပြီး လူ၏ တုံ့ပြန်မှု မတူညီခြင်းမှာ “ဂျင်း”ကြောင့်ဖြစ်ကြောင်း သိခဲ့ကြပါသည်။ Mascular Pystrophy ခေါ် ဂျင်း အတူတူ ယောက်ျားလေးတယောက်သည် တယောက်က
ဝှီးချဲယားပေါ်တွင် နေရပြီး နောက်တစ်ယောက်က ကျန်းမာသန်စွမ်းနေပါသည်။ ထိုထပ်မံသိရှိရသည်မှာ ဇီကာဗိုင်းရပ် (Zika Virus) ပိုးသည် အမြွှာပူးနှစ်ယောက်အပေါ် မတူ ကွဲပြားသော အကျိုးသက်ရောက်ပုံ ဖြစ်ပါသည်။
ဇီကာဗိုင်းရပ်နှင့် ထိတွေ့သော သားအိမ်မှ ချို့ယွင်းချက် ၇ ချက်ပါသော ကလေးနှင့် ချို့ယွင်းချက် လုံးဝမပါသော ကလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါသည်။
ယခု ကိုရိုနာဗိုင်းရပ် ဘရာဇီးနိုင်ငံတွင် ဖြစ်ပွားလာသောအခါ လူတို့တွင် ဗိုင်းရပ်ကြောင့် ဖျားနာ သောသူနှင့် ဗိုင်းရပ်ကြောင့် ဘာမှမဖြစ်သူတို့တွင် ဂျင်းမှာ အဓိကဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။ သူ၏ ဓာတ်ခွဲခန်းက သူ၏ တယ်လီဗေးရှင်းမှ ကြေညာချက်အပြီးတွင် စုံတွဲ ၁၀၀ တို့၏ သွေးနမူနာများကို စုဆောင်းခဲ့ပြီး သုတေသန လုပ်သူများ၏ တွေ့ရှိချက်မှာ ရောဂါရှိသူနှင့် ရောဂါပိုးကို
ကာကွယ်နိုင်သူတို့သည် သက်တမ်းနှင့် မိဘမျိုးရိုးတူသူတို့ပင် ဖြစ်ကြောင်း တွေ့ရှိရသည်။
ဒေါက်တာဇက်က ယုံကြည်သည်မှာ ဂျင်းတို့၏ ပေါက်ပွားမှု (Single Mutation) တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဂျင်း မြောက်မြားစွာတို့၏ ပါဝင်ကြောင်း တွေ့ရှိရပါသည်။ သူတို့သည် ရောဂါဖြစ်သူများ၏ ဂျင်းကို တွေ့ရှိကြပြီး ခုခံအားကို ဖြစ်စေသော စနစ်မှ Keller Cell များ ထုတ်လွှတ်ကြောင်း တွေ့ရှိရပါသည်။
ရောဂါမဖြစ်သောသူများမှာမှု ထိုဆဲလ်များမှာ ပိုမိုအင်အားကောင်းကြောင်း တွေ့ရှိရသည်။ သို့သော်ထို Keller Cell များကြောင့် ရောဂါကို ကာကွယ်ခြင်းဖြစ်သည်ဟုလည်း နိဂုံးဆွဲ၍မရပေ။ အခြားအကြာင်းအရာများစွာတို့ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုပါသည်။
ဒေါက်တာဇက်တို့ အဖွဲ့သည် ကိုရိုနာဗိုင်းရပ် တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဆုံး လူအုပ်စုကိုလည်း လေ့လာလျက်ရှိသည်။ အသက်ရာကျော်နေရသူများ ဖြစ်သည်။
သူတို့အဖွဲ့သည် အသက် ၉၀ ကျာ် သူတို့၏ သွေးနမူနာများကို လူ ၁၀၀ ထံမှယူပြီး ဖြစ်သည်။ လူ ၁၅ ဦးမှာ အသက် ၁၀၀ ကျော်ပြီးပြီ။ ထို ၁၅ ဦးတွင် အသက် ၁၁၄ နှစ် ရှိပြီးသူတယောက် ပါဝင်သည်။
၎င်းတို့အားလုံးသည် ဗိုင်းရပ်၏ တိုက်ခိုက်မှုကို ခံရပြီး ရောဂါ၏ လက္ခဏာ လုံးဝမပြသသူများဖြစ်ကြသည်။ ထိုသို့ အသက်ကြောင့် ရောဂါဖြစ်ပွားရန်ရှိပြီး ရောဂါကင်းစင်နေခြင်းကြောင့် သူတို့၏ ဂျင်းကို ထုတ်ဖော်နိုင်စွမ်းရှိမည်ဟု မျှော်လင့်ကြသည်။ သူတို့သည် ဓာတ်ခွဲခန်းအတွင်း ဒယ်တာ မျိုးကွဲနှင့် အိုမီခရွန် မျိုးကွဲများ၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်းဖြင့် ကိုယ်ခံအားမှ Keller Cell ၏ စွမ်းအင်ကို တွေ့ရှိကြလိမ့်မည်ဟု မျှော်လင့်ကြသည်။
ကိုဗစ် သုတေသနတွင် ပါဝင်နေသူ နောက်တစ်ယောက်မှာ နယူးယော့နှင့် ပဲရစ်တွင် ဓာတ်ခွဲခန်းရှိသူ ရော့ကဖဲလားတက္ကသိုလ်မှ ဒေါက်တာ ကာစီနိုဗာ (Dr Jean-Laurent Casanova) ဖြစ်သည်။
သူနှင့် အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်များ ပါဝင်သောအဖွဲ့သည် ကမ္ဘာတဝန်းမှ ကိုရိုနာဗိုင်းရပ် ပိုး မထိခိုက်သူများထံမှ တံတွေးနမူနာများကို တောင်းခံခဲ့ရာ လူပေါင်း တစ်သောင်းကျော်မှ အီးမေးလ်များကို လက်ခံရရှိပြီးဖြစ်သည်။ ၎င်းတို့ထံ သူက (Saliver Kit) များပေးပို့ပြီး သူတို့ တံတွေးနမူနာများကို စုဆောင်းခဲ့သည်။
လူများမှာ ဆိုက်ဗေးရီးယား၊ ဂျပန်နှင့် အင်ဒိုနီးရှား စသည့်နိုင်ငံများမှ သူ့ကို ဆက်သွယ်ကြသည်။
ထိုနမူနာများ စုပေါင်း၍ သူတို့၏ ဂျီနုံး (Genomes Sequence) ကို ဖော်ထုတ်မှတ်တမ်းတင်ရန် ဖြစ်သည်။
သူတို့ နမူနာများမှ ထိုလူများသည် အဘယ်ကြောင့် ကိုရိုနာဗိုင်းရပ်ကို ခံနိုင်ရည်ရှိကြကြောင်းကိုရှာဖွေရန် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်က သူ၏ ဓာတ်ခွဲခန်းမှ လူများ အအေးမိရခြင်းမှာ လူတို့၏ ခုခံကာကွယ်ရေးစနစ်မှ အင်တာဖယ်ရွန် (Interferon) ထုတ်လုပ်မှုကို ထိန်းချုပ်သော ဂျင်း၏ Mutation ကြောင့်ဖြစ်ကြောင်း သက်သေပြခဲ့ဖူးသည်။
ထိုလူများတွင် ဤဗိုင်းရပ်နှင့် မတွေ့ရမီအထိ ကျန်းမာနေသူများ ဖြစ်ပါသည်။ ထိုလူနာများ၏ ၁၅ ရာခိုင်နှုန်းမှာ အင်တာဖယ်ရွန်များကို တိုက်ခိုက်သော အင်တီဘော်ဒီများရှိကြောင်း တွေ့ရှိရသည်။
ရောဂါဖြစ်ပွားမှုတွင် ဂျင်း၏ အရေးပါပုံမှာ တဖြည်းဖြည်း ပုံပေါ်လာပြီ ဖြစ်သည်။ HIV၊ အဆုတ်ရောဂါနှင့် ငှက်ဖျားရောဂါတို့တွင် ဂျင်း၏အရေးပါပုံကို ပညာရှင်များ သိလိုကြသည်။ ၎င်းသည် ဗိုင်းရပ်ကြောင့် လူ့အဖွဲ့အစည်းအားလုံး ပိတ်ဆို့ပြီး ပြန်လည်ဖွင့်လှစ်ခဲ့ချိန်တွင် သိပ္ပံပညာရှင်များ၏ လက်ထဲ၌ ဂျင်းနှင့် အခြားလိုအပ်သော ကိရိယာများ ရောက်ရှိချိန် ဖြစ်ပါသည်။
လူတစ်ယောက် ရောဂါဖြစ်သည်၊ မဖြစ်သည် ဆိုခြင်းမှာ ဆေးထိုးပြီး၊ မပြီး၊ ဘူစတာရှော့ ထိုးပြီး၊ မပြီး၊ ယခင်က ရောဂါဖြစ်ပွားဖူးခြင်း ရှိ၊ မရှိ ဆိုသော အချက်ပေါ်တွင် မူတည်ခဲ့ပါသည်။ ယခုအခါ ရောဂါဖြစ်၊ မဖြစ် ဆိုသည်မှာ သွေးအမျိုးအစားပေါ်တွင် မူတည်ခြင်းမရှိဟု ဆိုခြင်းမှာ ချို့ယွင်းချက်များဖြင့် ပြည့်နေသော တွေးခေါ်ချက် ဖြစ်၏။
သို့သော် လူတို့၏ အပြုအမူနှင့် ပတ်ဝန်းကျင်သည် သူတို့ ဂျင်း၏ အလုပ်လုပ်ပုံကို ဆက်စပ်နေသဖြင့် ထည့်သွင်း စဉ်းစားရမည့် အချက်များ ဖြစ်နေပြန်ပါသည်။ ဂျင်နတစ် ပညာရပ်အနေဖြင့် ရောဂါနှင့် ဆက်စပ်နားလည်နိုင်ရန် ခရီးအဝေးကြီး လိုနေပါသေးသည်။
ဂျင်နတစ် ပညာအရ ရောဂါတခုကို နားလည်နေသော်လည်း ၎င်းသည် ရောဂါကို ကုစားရန်အတွက် ဆေးကို ရှာဖွေပေးနိုင်သေးသည် မဟုတ်ပေ။ တူညီသောဂျင်းက အိပ်အိုင်ဗွီကို တားမြစ် နိုင်သလို ယင်းရောဂါကို ပို၍ဆိုးအောင်လည်း ပြုလုပ်နိုင်သည်။
ထို့ကြောင့် ရောဂါပြန့်ပွားခြင်းမှာလည်း ယခင်က ဆက်စပ်မှုမရှိခဲ့သော ပညာရပ်နယ်ပယ်နှစ်ခုကိုဆက်စပ်ပေးခဲ့ခြင်းလည်း ဖြစ်ပါသည်။ ကူးစက်တတ်သော ရောဂါများနှင့် လူတို့၏ ဂျင်းသုတေသနလုပ်ငန်း နှစ်ခုမှာ ဆက်စပ်နိုင်ခဲ့ပါပြီ။
( ၃ )
ဒေါက်တာဇက်နှင့် ရောဂါဖြစ်သူနှင့် ရောဂါခုခံအားရှိသူ စုံတွဲ၏ ဥပမာ၌ ယခုအခါ နှစ်ဦးစလုံး ကျန်းမာစွာ ရှိကြပါသည်။ ယောက်ျားဖြစ်သူမှာ နာလန်ထူလာပြီး မိန်းမဖြစ်သူမှာ ရောဂါမဖြစ်လိုက်ပါ။ ထိုအကြောင်းကို မိန်းမဖြစ်သူနှင့် ဂျင်းနှင့်ရှင်းပြရမည်လား၊ အဖြေကို သိချင်မှ သိရပါလိမ့်မည်။
သို့သော် ထိုပုံပြင်များကိုတော့ ပြောရင်း ထပ်ပြောရင်း ပြောနေကြဦးမည် ဖြစ်ပါသည်။
Why Do Some People Never Get Covid, Danela Lames N.Y Time March,12.2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar