Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၅ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၁ လ ၂၅ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၂၆၊ ၂၀၂၂


မတ်လ ၂၅ရက် - မြန်မာနိုင်ငံရဲ့ အခြေအနေကိုပြနေတဲ့ ပြဒါးတိုင်တွေ

မြန်မာနိုင်ငံရဲ့ လက်ရှိ လက်နက်ကိုင် ပဋိပက္ခ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊  စီးပွားရေးကျဆင်းမှုတွေကို သိချင်ရင် နေ့စဥ် သတင်းတွေထဲ စောင့်ကြည့်ရမယ့် အကြောင်းအရာတွေ သတ်သတ်မှတ်မှတ်ရှိနေတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။

လက်နက်ကိုင် ပဋိပက္ခရဲ့ အတက်အကျကို သိချင်တဲ့အခါ ဘယ်ဒေသတွေမှာ တိုက်ပွဲဘယ်လောက် ဖြစ်ပွားနေပြီး သေဆုံးမှု ဘယ်လောက်ရှိသလဲဆိုတာကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကယား၊ ကရင်ပြည်နယ်က တိုက်ပွဲသတင်းတွေထဲ ကြည့်ပြီး သိရှိနိုင်သလို၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အခြေအနေကို သိချင်ရင်လည်း အဆိုပါ တိုက်ပွဲဖြစ်ဒေသတွေနဲ့ အခြားမြို့တွေမှာ ဖမ်းဆီးခံရတဲ့ အရေအတွက်ကိန်းဂဏန်းတွေ၊ ဖမ်းဆီး စစ်ဆေးရင်း သေဆုံးသွားရတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင် သိနိုင်တဲ့ သဘောဖြစ်ပါတယ်။

လက်နက်ကိုင်သူအချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုတွေက လူ့အခွင့်အရေး ချိုးဖောက်မှု ထဲမပါဝင်ပေမယ့် အရပ်သားတွေကို PDF အဖြစ် သံသယနဲ့ ညှဉ်းဆဲရိုက်နှက်တာ၊ လက်လွန်ပြီး အသက်ဆုံးရှုံးသည်အထိ ညှဉ်းဆဲတာ၊ သတ်ဖြတ်တာတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပါတယ်။ အလားတူပဲ သတင်းပေးလို့ သံသယရှိရုံမျှနဲ့ သတ်ဖြတ်ခံရတာ၊ တခါတရံ မိသားစုဝင်တွေ ၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေပါ နှုတ်ပိတ်တဲ့သဘောမျိုးနဲ့ သတ်ဖြတ်တာတွေကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအဖြစ်နဲ့ သတ်မှတ်ရမှာ ဖြစ်ပြီး နေ့စဥ် သတင်းတွေထဲ တွေ့ရလေ့ ရှိနေတာ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေက လူ့အခွင့်အရေး ချိုးဖောက်မှု ဘယ်လောက် ဆိုးနေသလဲ မြင့်တက်နေသလဲဆိုတာကို ပြသနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

တဖက်မှာ ပြည်သူလူထုတွေ စီးပွားရေးအခြေအနေ ဘယ်လို ရင်ဆိုင်နေရသလဲဆိုတာ သိချင်ရင် ထိုင်း-မြန်မာနယ်စပ်မှာ တရက်တရက် ခိုးဝင်သူ ဘယ်လောက် အဖမ်းခံနေရသလဲ ဆိုတဲ့ သတင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ နေ့စဥ်နဲ့အမျှ ခိုးဝင်သူ ဒါဇင်ချီ သို့မဟုတ် ရာဂဏန်းအထိ ဖမ်းဆီးခံနေရတဲ့ အခြေအနေကို ကြည့်ရင် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ပိုပြီးရှားပါးလာတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ လူပွဲစားတွေကို ၁၀ သိန်း ၁၂ သိန်း သို့မဟုတ် အဲဒီထက်ပိုများတဲ့ ပမာဏပေးပြီး ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ခိုးဝင်ကြရတဲ့ အနေအထားဟာ မြန်မာနိုင်ငံသားတွေအဖို့ အဆိုးဆုံးနဲ့ သူ့ထက်နည်းနည်းသာတဲ့ ဆိုးရွားခြင်းကို ရွေးချယ်ကြရတဲ့ အနေအထားမျိုး ဖြစ်နေတာပါ။ ငွေကြေး ဆယ်သိန်း ၁၅ သိန်းပေးဖို့ ရှာဖွေ ချေးငှားရတာအပြင် တရားမဝင်ခိုးဝင်ရပြီး ဖမ်းဆီးခံရတဲ့ အနေအထားမှာ အချုပ်ထဲနေရကာ ပြန်ပို့ခံရတဲ့ အနေအထားနဲ့ ပြည်တွင်းမှာ အလုပ်အကိုင်မရှိလို့ မိသားစုလိုက် ငတ်မွတ်မယ့် ဘေးနှစ်ခုအနက် ပထမ အဆိုးကို ရွေးရတဲ့ အခြေအနေမျိုးလို့ ဆိုရမယ် ထင်ပါတယ်။

အလားတူ ခိုးဝင်ကြရတဲ့ နည်းလမ်းနဲ့ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားကြသူ နေ့စဥ်ရာနဲ့ချီ ရှိနေသလို နိုင်ငံကူးလက်မှတ်နဲ့ မလေးရှား၊ စင်ကာပူနဲ့ အခြားသောနိုင်ငံတွေကို အလုပ်သွားလုပ်ကြဖို့ နိုင်ငံကူးလက်မှတ် လုပ်သူတွေလည်း ရုံးဖွင့်ရက်တရက်မှာ ထောင်ဂဏန်းချီရှိနေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးမှာလည်း နေ့စဥ် လူထောင်နဲ့ချီ တန်းစီပြီး ထုတ်ယူဖို့ လုပ်ဆောင်နေကြတာကို ကြည့်ရင် သဘောပေါက်နိုင်ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ကမ္ဘာ့ရေနံစျေးမြင့်တက်လာနေချိန် ပြည်တွင်းမှာ နကိုက ကျပ်ငွေတန်ဖိုးကျမှုကြောင့် စျေးမြင့်ပြီးဖြစ်တဲ့ လောင်စာဆီစျေးက စံချိန်တင် ကိန်းဂဏန်းတွေ အဖြစ်မြင့်တက်နေချိန်၊  လျှပ်စစ်မီး အလှည့်ကျ စနစ်နဲ့ ပေးဝေရတာ၊ စက်မှုဇုန်တွေ အလုပ်ရပ်နားတာ အလုပ်ချိန် လျော့ချတာတွေကြောင့် မြို့ပြမှာ ရှိတဲ့ နေ့စား လခစား အလုပ်သမားတွေအဖို့လည်း ဝင်ငွေလျော့ကျပြီး ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို တပြိုင်နက်ထည်းခံစားနေရပြီး ဆယ်စုနှစ်တခုအတွင်း အဆိုးရွားဆုံး အခြေအနေ အနေအထားမှာ ရောက်နေကြတာဖြစ်ပါတယ်။

လောင်စာဆီစျေးနှုန်းကြောင့် ကားခတွေ စျေးတက်လာပြီး တဖက်မှာတော့ ခရီးသွားအရေအတွက် လျော့ကျခြင်းကြောင့်လည်း အဝေးပြေးခရီးသည်ကားလိုင်းတွေ ယာယီ ရပ်နားရမယ့် အခြေအနေမျိုးလည်း ကြုံနေကြရသလို စိုက်ပျိုးရေး ထွက်ကုန်တွေကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက တရုတ်နိုင်ငံတင်ပို့မယ့် စိုက်ပျိုးရေး တောင်သူတွေအဖို့လည်း ခုကာလမှာ ကိုဗစ်ကူးစက်မှု အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ တရုတ်နိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေး စည်းမျဥ်းစည်းကမ်း တင်းကြပ်တာ၊ မကြာခဏ ပိတ်တာတွေကြောင့် အခြေအနေအဆိုးဆုံးနှစ်တနှစ် ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။

တဖက်မှာလည်း စိုက်ပျိုးရေးနဲ့ အခြားသော ထုတ်ကုန်တွေ အတွက် သုံးရတဲ့ လောင်စာ၊ မြေဆီ လုပ်အားခ စတာတွေက ငွေကြေးဖောင်းပွမှုနဲ့ အတူ သိသိသာသာ မြင့်တက်လာချိန်မှာ ထွက်ကုန်က စျေးကွက် မရေမရာ ဖြစ်နေတာ ဝယ်အားမရှိတာ၊ သယ်ယူမှုစရိတ်မြင့်တက်တာတွေကြောင့် အခြေအနေတခုကမျှ မျက်နှာသာမပေးတဲ့ အနေအထားမျိုး ရောက်နေကြတာဖြစ်ပါတယ်။

ဒီလို စီးပွားရေး အခြေအနေတွေကြားထဲမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လမ်းခရီး စစ်ဆေးရေး ဂိတ်တွေက ကောက်ခံတဲ့ အခွန်အကောက်တွေကလည်း ယခင်တုန်းကထက် မယှဥ်သာအောင် များပြားတာ ခန့်မှန်းမရလောက်အောင် တောင်းချင်တဲ့နေရာမှာ တောင်းနေတဲ့ အခြေအနေမျိုးလည်း ကြုံနေကြရတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ အုပ်ချုပ်ရေး ယန္တရားအနေနဲ့ တာဝန်ခံမှုက မရှိသလောက် ဖြစ်သွားပြီး အဲဒီယန္တရားကို စောင့်ကြည့်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ သတင်းမီဒီယာတွေလည်း ဖမ်းဆီးခံရတာတွေ၊ တိမ်းရှောင် ငုပ်လျှိုးနေကြရတာတွေကြောင့် အုပ်ချုပ်ရေး ယန္တရားထဲမှာ လဘ်စားတာ ခြစားတာ အလွဲသုံးစားမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အဲဒီဒဏ်ကို လူထုက ခံစားကြရတာ ဖြစ်ပါတယ်။

လတ်တလော ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုတဲ့ ရန်ကုန်မြို့တော်ဝန်နဲ့ တိုင်းအဆင့် စီးပွားရေးဝန်ကြီး တို့နှစ်ဦးရဲ့ ဖြစ်ရပ်ကို ကြည့်ရင် အခုရည်ညွှန်းတဲ့ ခြစားမှု ပြဿနာဖြစ်တာ ထင်ရှားပါတယ်။ အခု ဖြစ်ရပ်က လဘ်စားတိုင်း ခြစားမှု ဖြစ်တိုင်း အရေးယူတာမျိုးလို့ မယူဆနိုင်ပါဘူး။ တစုံတရာ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်စရာ လွန်လွန်ကျွံကျွံ ဖြစ်ရပ်တခု ဖြစ်လို့ အခုလို လူသိရှင်ကြား အခြေအနေရောက်ခဲ့ရတာ ဖြစ်ပြီး အခုလို အရေးယူ မခံရတဲ့ ဖြစ်ရပ်တွေက နေ့စဥ်လိုလို ဖြစ်ပျက်နေကြတဲ့ သဘောရှိပါတယ်။ သတင်းလွတ်လပ်ခွင့်နဲ့ check and balance လုပ်မယ့် အဖွဲ့အစည်းတွေ မရှိတော့တဲ့ အနေအထားမှာ လာဘ်စားမှု၊ ခြစားမှုက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

အထက်က ဆွေးနွေးခဲ့သလို လူ့အခွင့်အရေး ချိုးဖောက်မှု၊ လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်ဘေးရှောင် အရေအတွက် ကိန်းဂဏန်းတွေကလည်း ဆယ်စုနှစ် များစွာအတွင်း အမြင့်ဆုံးရောက်ရှီလာနေပြီး စီးပွားရေး ကျဆင်းမှု ကျုံ့သွားမယ့် အနေအထား၊ ဆင်းရဲမှု မျဥ်းအောက်ကို လူပေါင်း သန်းနဲ့ချီ ထပ်မံတိုးများလာပြီး ကျဆင်းကြရမယ့် အခြေအနေ၊ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေပေမယ့်လည်း နိုင်ငံတကာအကူအညီ လုံလောက်စွာ မရတာ၊ ရတဲ့ အကူအညီတွေကိုလည်း စစ်ဘေးရှောင်တွေဆီ ဖြန့်ဝေဖို့ အခက်အခဲတွေ ရှိနေတာတွေနဲ့ မြန်မာနိုင်ငံရဲ့ မကြာမီအနာဂတ်က မှုန်ဝါးနေတဲ့ အခြေအနေမျိုး ဖြစ်ပါတော့တယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar