Breaking News

နေသွင်နိုင်း - ရုံတင်တဲ့ ပုံပြင်

နေသွင်နိုင်း - ရုံတင်တဲ့ ပုံပြင်
(မိုးမခ) မတ် ၂၈၊ ၂၀၂၂

ယုံပါ
နိုင်ငံတော်ပိတ်ကားထက်မှာ
ဒီပုံပြင် တကယ်ရုံတင်ပါပြီ။

ဉာဏ်ရည်မြင့်သူတွေ မကြည့်တဲ့
ရုပ်ရှင်ပွဲတော်မှာ
သေနေတဲ့စိတ်ကား
ကွန်ဒုံးအပြည့် ချိတ်ထားတယ်။

သစ္စာဖောက်တွေတီးတဲ့ 
ခေါင်းလောင်းချိတ်ဆွဲထားတဲ့ ကျောင်းတံခါးမှာ
ရေပိုက်ခေါင်းပြင်ဖို့ ဂျပန်ကတုံး ရောက်လာတယ်။

နာယကဂုဏ်သေဆုံးပြီး
သူတော်ကောင်းတရား (၇)ပါး ပျောက်သွားသူ
ပါမောက္ခဟာ မှိုတက်နေတဲ့ထီလက်မှတ်တွေပေါ်
သူ့ဂုဏ်သိက္ခာဆိုတာကို မှောက်သွန်လို့။

ပန်းခြံမှာ 
စာအုပ်ရောင်းချသူစစ်သားအိုကြီးက
သတ်တာမတော်သေးတဲ့ သတ်မတော်ကြီးအတွက်
လက်ကျန်ခြေတဖက်ကိုထောက်ရင်း
ခွေးတကောင်ရဲ့သစ္စာကို ထမ်းရွက်ဟောင်ပြတယ်။

ကြယ်ငါးပွင့်ဟိုတယ်ကဆင်းသွားတဲ့
ဈေးပေါင်ကျသွားသူ အသစ်စက်စက်မုဆိုးမလေးဆိုတာ
မနေ့တနေ့က သေပန်းပွင့်သွားကြတဲ့ ကြယ်ပွင့်ချစ်သူများထဲကတယောက်ရဲ့ မိန်းမဖြစ်သတဲ့။

မယုံလည်း ယုံ
ယုံလည်း ယုံ
ပုံပြင်ဟာ တကယ်ဖြစ်လာတယ်။ ။

၂၇၃၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar