Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၂၇ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၁ လ ၂၇ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၂၈၊ ၂၀၂၂


မတ်လ ၂၇ - ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ စစ်တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်း တည်ဆောက်

 မတ် လ ၂၇ ရက်နေ့ ဖက်ဆစ်ဆန့်ကျင်တော်လှန်ရေးနေ့ကို စစ်အုပ်စုက တပ်မတော်နေ့အဖြစ် ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတဝှမ်းမှာတော့ ပီဒီအက်ဖ်တွေရဲ့ ပြည်သူ့ခုခံတော်လှန်စစ်တွေ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။ မြို့ပြကြီးတွေမှာ မြို့ပြသပိတ်တွေ အသံသပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် ဆိုတဲ့ ကြွေးကြော်သံဟာ သည်ဖက်ဆစ်တော်လှန်ရေးနေ့အတွက် အဓိကကြွေးကြော်သံဖြစ်နေသလို စစ်ကောင်စီကလည်း NUG CRPH နဲ့ PDF တွေကို ထိပ်တိုက်ရင်ဆိုင်သွားမယ်လို့ ကြွေးကြော်နေပါတယ်။ သည်အချိန်မှာ စစ်ကောင်စီလက်ချက်နဲ့ စစ်ပွဲရဲ့ အဆိုးရလဒ်တွေအဖြစ် ကျေးလက်တောရွာတွေ တောင်ပေါ်မြေပြန့်အနှံ့အပြားမှာ မြေလှန် မီးရှို့ ဖြတ်တောက်ခံရတာတွေ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ် နှိပ်စက်နေတာတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီနေ့မှာပဲ NUCC အတိုင်ပင်ခံအဖွဲ့ကနေ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း၂ အသေးစိတ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အစိတ်အပိုင်း(၁) ကြေညာစာတမ်း ကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် အစီအမံအပိုင်းဖြစ်တဲ့ အပိုင်း ၂ ယခု လူထုထံ တင်ပြလိုက်တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်သူ့ညီလာခံတွင် ပြင်ဆင် ဖြည့်စွက်ချက်များဖြင့် အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) အစီအမံတို့ကို အများပြည်သူအားလုံး ဖတ်ရှုလေ့လာနိုင်ရန် တင်ဆက်ပေးလိုက်သည် လို့ ရေးသားထားပါတယ်။

နောက် စိတ်ဝင်စားစရာသတင်းတခုကတော့ - ပီဒီအက်ဖ်တွေ စိုးမိုးမှုတိုးတက်လာပြီး စစ်ကောင်စီအင်အားကို ကန့်သတ်ထားနိုင်တဲ့ အချို့ဒေသတွေမှာ ကလေးလူငယ်များအတွက် ပညာရေးလုပ်ငန်းတွေကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ NUG ပညာရေးဌာနတွေက ထူထောင်ဖို့ ဆောင်ရွက်လာနေတယ်ဆိုတာ ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူပေါင်း သုံးထောင်ကျော်ကို မြောင်နယ်တွင် ကြားကာလပညာရေးအတွက် သင်ကြားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရထံ တင်ပြပြီးလည်းဖြစ်တဲ့အပြင် ဒေသခံ Myaung Education Network မြောင်ပညာရေးကွန်ရက် ဟာ ပညာရေး ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဆောင်တာများကို မြို့နယ်တွင်းလုပ်ဆောင်ခဲ့သည်မှာ ၂၅ ရက် ရှိခဲ့ပြီဖြစ်ပါတယ်လို့ သတင်းများက ဆိုပါတယ်။ စစ်မက်ဖြစ်ပွားနေချိန်မှာ အနစ်နာအဆုံးရှုံးအများဆုံးဟာ ကလေးသူငယ်များရဲ့ ပညာရေးနဲ့ သူတို့အနာဂတ် ဖြစ်ပါတယ်။ အဲသည်အတွက် စစ်ဘေးသင့်ဒေသတွေ ရွာပုန်း ရွာရှောင်တွေမှာ အတူလိုက်ပါလာကြတဲ့ ကျောင်းဆရာ ဆရာမတွေက ကိုယ်ထူကိုယ်ထ စာသင်ကြားမှုတွေ ပြုလုပ်ကြလေ့ရှိပြီး ယခုနွေဦးတော်လှန်ရေးကာလအတွင်းမှာလည်း ပညာရေးအဆက်မပြတ်ဖို့ အစွမ်းကုန် ခြေလှမ်းတွေ လှမ်းလာကြတာဖြစ်ပါတယ်။ CDM တွေအများအပြားထဲမှာ ပညာရေးဝန်ထမ်းတွေ ရာခိုင်နှုန်းအများအပြား ပါဝင်နေပြီး သူတို့ကိုယ်တိုင် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာမို့ သူတို့ရောက်ရာဒေသတွေမှာ ဒေသခံတွေအတွက် ပညာရေးထောက်ကူမှုတွေ လုပ်ဆောင်ပေးနေကြတာ သတိမူဖို့ ဖြစ်ပါတယ်။

မြို့ကြီးပြကြီးတွေမှာ တတ်နိင်တဲ့မိဘတွေရဲ့ကလေးသူငယ်များအတွက် အွန်လိုင်းပညာရေးစနစ်က ကိုဗစ်ကာလကတည်းက ရှိနေခဲ့ပြီး နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက ဆက်လက်ပြီး အဝေးသင် အွန်လိုင်းပညာရေးအဖြစ် ဆက်လက် လည်ပတ်နေခဲ့ကြတာ ဖြစ်ပါတယ်။ အချို့ဆိုရင် ပြည်ပက အွန်လိုင်းကျောင်းတွေ အင်တာနေရှင်နယ်စကူးတွေအထိ အပ်နှံပြီး ကလေးပညာရေးကို ရင်းနှီးမြုပ်နှံကြပါတယ်။ သည်လို အခြေအနေမျိုးမှာ - ပညာရေးအဆက်ပြတ်သွားတဲ့ အိုးအိမ်စွန့်ခွာမိဘတွေနဲ့အတူ လိုက်ပါလာတဲ့ ကလေးသူငယ်များအတွက် ပညာရေးကို သတင်းတွေထဲမှာ ဖော်ပြလာတာကို တွေ့ရတာ ဝမ်းမြောက်မိပါတယ်။ 

နွေဦးတော်လှန်ရေးကာလမှာ အမြန်ဆုံး အောင်မြင်မှုရရှိနိုင်ရေးအတွက် နိုင်ငံခြားရေး၊ ဖယ်ဒရယ်အရေးနဲ့ စစ်ရေးနဲ့ကို အထူးဦးစားပေးပြီး လုပ်ဆောင်ကြဖို့ ပြည်သူတွေက သဘောထားပေးကြလေ့ရှိပါတယ်။ အခြားဝန်ကြီးဌာနတွေ၏ အရေးပါမှုအခန်းကဏ္ဍကိုလည်း အာရုံစူးစိုက်လေ့ မရှိကြပါဘူး။ လက်တွေ့မှာ အခြေအနေတွေ ကြမ်းတမ်းလာတာနဲ့အမျှ - တရားဥပဒေ စိုးမိုးမှု ထိန်းကြောင်းမှု စနစ်တကျ စီရင်နိုင်မှု အရေးပါတယ်ဆိုတာ တွေ့လာကြသလို ပညာရေး၊ လူမှုရေး၊ ကလေးသူငယ်အရေး၊ စီမံဘဏ္ဍာရေး၊ ဆက်သွယ်ရေးနဲ့ နည်းပညာတွေ လက်လှမ်းမီနိုင်ဖို့ အားပေးဖြန့်ကျက်နိုင်မှုကလည်း အချိန်နဲ့အမျှ လိုအပ်နေတယ်ဆိုတာ သိရှိလာကြပါတယ်။ အဲသည်အတွက် NUG အစိုးရနဲ့ တိုင်းရင်းသားနယ်မြေတွေရောက် CDM ဝန်ထမ်းတွေ အသိအတတ်ပညာရှင်တွေရဲ့ ရင်းမြစ်အင်အားကို တော်လှန်ရေးလုပ်နေတဲ့ အစိုးရကိုယ်တိုင်ကော ပြည်သူတွေကိုယ်တိုင်က အသုံးချဖို့ အားပေးဖို့ လိုအပ်တယ်ဆိုတာ မြင်လာကြမယ် ထင်ပါတယ်။

စစ်အုပ်စုက ဝါဒဖြန့်ချိရေးအပြင် ပြည်သူကို တဖက်လှည့်နဲ့ ဖျော်ဖြေရေးတွေ အပမ်းဖြေရေးတွေနဲ့ ဆွဲဆောင်စည်းရုံးလေ့ရှိသလို စာပေ အနုပညာရှင်တွေကိုလည်း ကန့်သတ်မှု များစွာ ပြုလုပ်ထားပါတယ်။ ဒါကြောင့် သတင်းမီဒီယာလုပ်ငန်း ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ အနုပညာသည်တွေ သတင်းသမားတွေ၏ လုပ်ငန်းဆောင်တာတွေကို တော်လှန်ရေးအစိုးရတွေက စည်းရုံးထားဖို့ အားပေး ချဲ့ထွင်နေဖို့ လိုပါတယ်။ စစ်အုပ်စုက သည်ရက်ပိုင်းအတွင်း ထုတ်ပြန်လိုက်တယ်ဆိုတဲ့ သတင်းမှာ စာပေ အနုပညာ လူမှု နယ်ပယ်က ထင်ရှားသူတွေကို ဆုချီးမြှင့်လိုက်တယ်ဆိုတာ သူတို့စစ်အုပ်စု၏ လုပ်နေကြ စည်းရုံးရေး သွေးခွဲ သပ်လျိုရေး အလုပ် လုပ်နေတာဖြစ်သလို တဖက်က တော်လှန်နေသူတွေကလည်း မိမိတို့ဘက်က ရဲရင့်သော ပညာသည်တွေကို တိုးပြီး စည်းရုံးဖို့ အားပေးဖို့ အားလျော့မသွားအောင် လုပ်ဖို့ လိုနေတယ်ဆိုတာ ပြသနေပါတယ်။

ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့ ဆိုရင် တိုက်ပွဲဝင်ရင်း စည်းရုံးရေးကို စဉ်ဆက်မပြတ်လုပ်ကိုင်ရမှာ ဖြစ်သလို စည်းရုံးရင်းနဲ့ကလည်း အင်အားတွေ စီးဆင်းကြံ့ခိုင်နေဖို့ တည်ဆောက်ရေးကိုလည်း မျက်ခြေမပြတ်ကြဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar