Breaking News

မောင်ငြိမ်သက် - ကမ္ဘာကြီးရေ

မောင်ငြိမ်သက် - ကမ္ဘာကြီးရေ 
(မိုးမခ) မတ် ၁၂၊ ၂၀၂၂

(၁)
ဟောဒီ
နှစ်သိန်းလေးသောင်းထု
မဟာပထဝီမြေကြီးကို
အိုးထိမ်းစက်လို
စစ်ကိုင်းသူ
စစ်ကိုင်းသားတွေကို ထည့်လှည့်ဦး
မူးရင်သာရှိမယ်
ဒင်းတို့ပြောတဲ့
ငြိမ်းချမ်းရေး
အပစ်ရပ်ရေးကို
ဘယ်နှစ်လုံးသားနဲ့ ယုံရမှာလဲ ...။

ပုလဲ လှော်ကားကျေးရွာက
လယ်သူမကြီးလေနဲ့ပြောရရင်
ရေတွင်းတောင် မီးရှို့တာ
စားစရာဆိုတာတော့ ပျင်းရောတဲ့
ရေတွင်းကအစ
ကျွဲနွား ထွန်တုံးပါမကျန်
ရွာတွေကို မီးတိုက်
လူသတ်မုဒိမ်းကျင့်
လုယက်လို့ ပစ္စည်းယူ
ဒါလားဟဲ့ 
ငြိမ်းချမ်းရေး
မြန်မာ့အရေးကို 
အနီးကပ်စောင့်ကြည့်နေပါတယ်ဆိုတဲ့
ကမ္ဘာ့လူကြီးမင်းများခင်ဗျာ
ဖက်ဆစ်သရဲတို့
လမ်းသရီးလို့
သွေးစွန်းနေတဲ့ 
အရောင်မပေါ်ထမီစကို
လှန်လှောပြမှ
အကြမ်းဖက်တယ်လို့ 
ယုံကြမှာလား ...။

(၂)
စစ်ရှောင်ရင်း
ရိုးထဲတိုး
ချုံကြားအီးပါ
မြေကျစ်စာခဲ ခေါင်းအုံးအိပ်
အတို့အမြှုပ်မပါ
ပရိုတိန်း နတ္တိ
အရွက်ပြုတ် ကြည်လောင်တစ်ခွက်နဲ့
ငါးခြောက်တကောင်
စစ်ကိုင်းသူတကျိပ်
သူ့ ကိုယ်ညှာ ကိုယ့် သူညှာ
တယောက်မျက်နှာ တယောက်ကြည့်ရင်း
ဉီးပုံညခေတ်က ရေသည်စုံတွဲလိုပ
တလုပ်ကယ် ၀၀ စားရတဲ့ဘဝတွေဗျ။

(၃) 
စစ်ပြေးရတာချင်းအတူတူ
ယူကရိန်းသူတွေများ
ဆောင်းရာသီဝတ်စုံ
ကာလာရောင်စုံနဲ့
ဂိုက်ပေးကကြမ်း
စစ်မဖြစ်ခင်က
သူတို့လူမျိုး
အူစိုပုံရတယ်နော်လို့
ကိုရင်သြဇနီး
ထွေးမြကဆိုတော့
တို့ရွာကလူတွေပွဲကျ
ကျုပ်ဖြင့်
ဘဝအမောတွေကြားက 
ပြုံးမိတယ်။

(၄)
ဟုတ်ပါရဲ့
ထွေးမြပြောမှ ကြည့်မိတယ်
တို့ရွာက
ထွေးမြအပါ လုံမမေတသိုက်
ကြီးငယ်မဟူ
အရောင်မပေါ်တဲ့
မွဲပြာထမီနဲ့
ဟောဒီရိုးထဲ တောတိုး
မြေကြီးကို
ဒန်လော့မွှေ့ယာမှတ်ပါလို့
ကြယ်မြင် လမြင်
အရိုင်းခေတ်ထဲ
ရွက်လွှင့်ကြတာ။

(၅)
"ဆရာကြီးဇော်‌ဝေစိုး သနားပါတယ်"
သူဟာ
နိုင်ငံမဲ့လူသားဖြစ်သွားပြီလို့
ရွာကကျောင်းဆရာ
ပညာတတ်လေးကပြောတော့
သေစာရှင်စာပဲတတ်တဲ့
ထွေးမြက 
ဘဝကို လှောင်ရယ်သွမ်းတယ်။
ဆရာလေးရယ်
နိုင်ငံမဲ့တယ်ဆိုတာ
ဘာကိုပြောတာလဲ
နိုင်ငံသားမှတ်ပုံတင် ရုတ်သိမ်းခံရတာပေါ့ ဒေါ်ထွေးမြရယ်
အံ့ပတော်
ကျုပ်ဖြင့် မွေးစာရင်းမရှိ
မှတ်ပုံတင်မရှိ
အမေ ကျုပ်ကိုဘယ်တုန်းက
မွေးလဲဆိုတာတော့
အမ (အမေ) ကပြောတယ်
မိုးတွေရွာတုန်းကတဲ့
ကျုပ်ငယ်ငယ်ကျောင်းတက်တော့
ရွာဦးကျောင်းဆရာလေးက
ကျုပ်သွားတွေကို စေ့ခိုင်း
သမီးအသက်ကိုမေးရင်
ငါးနှစ်လို့ ဖြေရမယ်တဲ့
အမက မွေး
ကျောင်းဆရာလေးပေးတဲ့ ဒီအသက်
ခုများတော့ 
နွေနှောင်းကာလ
သဘာဝတွေပြောင်းလဲခဲ့တာ
ကျုပ်မှတ်ထားတာ
၄၅ ကြိမ်ရှိပြီပေါ့။

(၆)
ကိုရင်သြနဲ့ အိမ်ထောင်ကျ
သားနှစ်ယောက်ထွန်းတာတောင်
ကျုပ်ဖြင့် မှတ်ပုံတင်မရှိပါတော်
ဆရာလေးပြောသလို
မှတ်ပုံတင်မရှိလို့
နိုင်ငံမဲ့လူသားဖြစ်ရရင်
ကျုပ်ဖြင့်
နိုင်ငံမဲ့တာ ကြာရောပေါ့
အခုနေများ
ကျုပ်ဖြင့် စဉ်းစားတယ်
ကျည်မိုးတွေရွာ
လက်နက်ကြီးတွေ
တအုန်းအုန်းကျလို့ သေခဲ့ရင်
မှတ်ပုံတင်မရှိလို့ 
နောင်ဘဝခရီး
ကိုရီးယားနိုင်ငံသူ ဖြစ်ခွင့်မရမှာကိုပဲ
ကျုပ်က စိုးရိမ်တာ။
ထွေးမြစကားကြောင့်
ကျနော်မှာ 
ငိုရမလို ရယ်ရမလို။

(၇)
အခုတော့ 
အရှေ့ဖက်ရိုးအစပ်က
နေလုံးကြီးနဲ့အတူ
တေးသီရင်း တောင်ယာလုပ်
အနောက်ဖက်ရိုးအစပ်က
နေလုံးကြီးနဲ့အတူ
ငှက်ကလေးတွေလို
အိပ်တန်းတက်ကြတဲ့
ရိုးဂုဏ်နဲ့ ငြိမ်းအေးတဲ့
ဟော့ဒီရွာလေး
မီခိုးအူတွေကြား
မီးကျွမ်းနေတဲ့ အိမ်ငုတ်တိုင်တွေကိုဖက်
အလောင်းရှာရတဲ့ဘဝတွေ ဖြစ်ခဲ့ပေါ့။

(၈) 
ကမ္ဘာကြီးရေ
ကိုရင်သြနဲ့ ထွေးမြတို့ရွာလေး
မီးသင့်လို့ အိမ်ခြေမဲ့
ရွာမဲ့ခဲ့ပေါ့
ကမ္ဘာကြီးရေ
ယူကရိန်းမြို့တွေပေါ်
ဗုံးမိုးတွေရွာနေတယ်
ယူကရိန်းမြို့ရဲ့
၀◌တ်လစ်စလစ်လမ်းမပေါ်
အဖွားအိုတယောက်
ခြောက်ခြားစွာ လမ်းပျောက်နေတယ်။

ကမ္ဘာကြီးရေ
စစ်ကိုင်းမြို့သားတွေ
အဖေအလောင်း သားထမ်း
သမီးအလောင်း အဖေထမ်းလို့
ကိုယ့်အခွင့်အရေး ထုဆစ်ဖို့
လူ့အသက်တွေနဲ့ထပ်
လက်တဖက်က တူးမီးကို
ကျန်လက်တဖက်က
အားနည်းသူတွေကို ထူမရင်း
ဒီမိုခရီး
ရှာပုံတော်ဖွင့်နေရတယ်ဗျာ။

ယူကရိန်းသားတို့ရေ
အားမလျော့လိုက်နဲ့
ခင်ဗျားတို့က ကျူးကျော်စစ်ကို
တိုက်ရတာ။
ကျုပ်တို့အဖြစ်က
ကိုယ့်လူမျိုးချင်း အသားဖဲ့စားတဲ့
ဖက်ဆစ်တွေကို တိုက်ရတာ။

ကမ္ဘာကြီးရေ
ကမ္ဘာကြီးရေ
ကမ္ဘာကြီးရေ
အလောင်းတွေ တောင်လိုပုံနေပြီဗျာ။

မောင်ငြိမ်သက်
၁၀.၃.၂၂


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar