မစ်ဒယ်နွေမ - နေပြည်တော်မင်းသားကြီးရဲ့တပည့် ယတြာလှိုင်ရဲ့အုပ်ချုပ်မှုအောက်က မြန်မာပြည် - ၂ (ကွေ့ရခြင်းများ)
နေပြည်တော်မင်းသားကြီးရဲ့တပည့် ယတြာလှိုင်ရဲ့အုပ်ချုပ်မှုအောက်က မြန်မာပြည် - ၂
ကွေ့ရခြင်းများ
မစ်ဒယ်နွေမ
(မိုးမခ) မတ် ၁၃၊ ၂၀၂၂
ဘယ်ကွေ့ ညာကွေ့ဘယ်ညာကွေ့။ ညာကွေ့ ဘယ်ကွေ့ ညာဘယ်ကွေ့။ ကျွန်မဟာ လမ်းပေါ်မှာဆိုင်ကယ်မောင်းနေရင်း ဘာမဆိုင်ညာမဆိုင် အကွေ့ပေါင်းသောင်းခြောက်ထောင်ကိုကွေ့နေရတယ်။ ကြာလာတော့ ကျွန်မဟာ ဆိုင်ကယ်မောင်းနေရင်းနဲ့လက်ကိုင်ကိုကိုင်ထားရတဲ့ကွေ့ချင်နေတဲ့ ကျွန်မရဲ့လက်နှစ်ဖက်ကို မနည်းထိန်းနေရတယ်။
အရင်တုန်းက ကျွန်မမြင်ဖူးတာက "ကျောင်းရှိသည်။ ဖြည်းဖြည်းမောင်းတို့" "ကွေ့ရှိသည်။ ဖြည်းဖြည်းမောင်း" တို့ပဲတွေ့ဖူးတာ။ အခုကျတော့ မြန်မာ့စီး ပွားရေးဘဏ်ရှိသည်။ ဘယ်ကွေ့ညာကွေ့ ဘယ်ညာကွေ့။ ညာကွေ့ ဘယ်ကွေ့ ညာဘယ်ကွေ့။ မြဝတီဘဏ်ရှိသည်။ ဘယ်ကွေ့ ညာကွေ့ ဘယ်ညာကွေ့။ ညာကွေ့ ဘယ်ကွေ့ ညာဘယ်ကွေ့။ ကျောင်းရှိသည်။ ဘယ်ကွေ့ ညာကွေ့ ဘယ်ညာကွေ့။ ညာကွေ့ ဘယ်ကွေ့ ညာဘယ်ကွေ့။ ဘုန်းကြီးကျောင်းရှိသည်။ ဘယ်ကွေ့ ညာကွေ့ ဘယ်ညာကွေ့။ ညာကွေ့ ဘယ်ကွေ့ ညာဘယ်ကွေ့။ Mytel ရုံးရှိသည်။ ဘယ်ကွေ့ညာကွေ့ ဘယ်ညာကွေ့။ ညာကွေ့ ဘယ်ကွေ့ ညာဘယ်ကွေ့ ... စတဲ့ အကွေ့ပေါင်းမြောက်မြားစွာကို နေ့စဥ်လမ်းပေါ်မှာ ဆိုင်ကယ်မောင်းတဲ့အခါတိုင်း ကျွန်မမှာကွေ့နေရတယ်။
အရေးတော်ပုံအောင်လို့ အရပ်သားအစိုးရတက်လာရင် ကျွန်မဟာ ဆိုင်ကယ်မောင်းနေရင်းနဲ့ကွေ့လိုက်မိလို့ တဖက်ယာဥ်ကြောကလာတဲ့ကားတွေ ဆိုင်ကယ်တွေရဲ့အတိုက်ကိုခံရပြီး ဆေးရုံပဲရောက်မလား။ မကွေ့ရတဲ့နေရာမှာ ကွေ့လိုက်မိလို့ငွေဒဏ်ပဲအရိုက်ခံရမလား။ ယတြာလှိုင်ကတော့ လုပ်လိုက်ရင် စောက်တလွဲကြီးပဲ။
သေနတ်နဲ့အချိန်ခံရခြင်းများ
လာပါပြီ။ ယတြာလှိုင်ရဲ့နောက်လိုက်ခွေးတွေ။ ကားပေါ်ကနေ ပြည်သူတွေကိုသေနတ်တွေနဲ့ချိန်ပြီးမောင်းသွားကြတယ်။ လာပါပြီ။ ယတြာလှိုင်ရဲ့ နောက် လိုက်ခွေးတွေ။ လမ်းလျှောက်လာရင်း ပြည်သူတွေကိုသေနတ်တွေနဲ့ ချိန်သွားကြတယ်။ ပြည်သူတွေဆီမှာတော့ သေနတ်ဆိုလို့ သရက်သီးသနပ် တောင် လုပ်မစားနိုင်သလို ဝယ်လည်းမစားနိုင်ကြဘူး။ ကုန်စျေးနှုန်းတွေက ခေါင်ခိုက်နေလို့။
ရပ်ကွက်တွေ မြို့တွေ ရွာတွေထဲကို ယတြာလှိုင်ရဲ့ နောက်လိုက်ခွေးတွေဝင်လာရင် အရင်ခေတ်တုန်းက ဂျပန်စစ်သားတွေသေနတ်တွေနဲ့ချိန်ပြီး ဝင်လာသလိုမျိုးပဲ။ ပြည်သူတွေမှာ အထိတ်တလန့် ဖြစ်နေရတယ်။ တခါကဆိုရင် ကျွန်မ ဂိတ်တခုကိုဖြတ်တော့ သေနတ်တွေနဲ့ချိန်ထားပြီး ပြူးတိပြူးကြောင်နဲ့ကြောင်တောင်တောင်ဖြစ်နေကြတဲ့ယတြာလှိုင်ရဲ့နောက်လိုက်ခွေးတွေကို အမှတ်တမဲ့မြင်လိုက်ရတော့ ရင်ထဲကဖြစ်ပေါ်လာတဲ့ရယ်ချင်စိတ်တွေကို ကျွန်မ မနည်းထိန်းလိုက်ရတယ်။ အမူအယာတွေကဟာသသရုပ်ဆောင် ချာလီချပလင်နဲ့ မစ္စတာဘင်းတို့ရှုံးလောက်လို့။
မြို့အဝင်/အထွက် ဂိတ်က သူတောင်းစားတွေ
ကျွန်မရပ်ကွက်တွေစျေးတွေထဲ လှည့်လည်တောင်းရမ်းနေတဲ့ လူတွေကိုတွေ့ဖူးတယ်။ တချို့က "အကိုကြီး အမကြီးတို့ ထမင်းဖိုးလေး သနားကြပါ" သနားစရာ ပေးချင်ကမ်းချင်စရာအသံလေးနဲ့။ တချို့ကျတော့ "ပြန်စရာလမ်းစရိတ်မရှိလို့။ လမ်းစရိတ်လေး သနားကြပါ" ကြားရတဲ့လူတိုင်း ကရုဏာဖြစ်ဖွယ်ရာအသံလေးနဲ့။ တချို့ကျတော့လည်း နာပျော်ဖွယ်အသံလေးနဲ့သီချင်းဆိုပြီး ပိုက်ဆံတောင်းကြတယ်။
အခုကျတော့ ကျွန်မမြင်နေရတဲ့သူတောင်းစားတွေက သေနတ်တွေနဲ့။ ဟင်းသီးဟင်းရွက်တင်လာတဲ့ကားလာရင် ဟင်းသီးဟင်းရွက်တွေတောင်းတယ်။ သစ်သီးတွေတင်တဲ့ကားလာရင် သစ်သီးတွေတောင်းတယ်။ ကျွန်မအံ့သြသွားတယ်။ "ဒီသူတောင်းစားတွေက ဘယ်လို သူတောင်းစားတွေလဲ ဟ"ဆိုပြီး ခိုးကြည့်လိုက်တော့ ယတြာလှိုင်ရဲ့ နောက်လိုက်ခွေးတွေ ဖြစ်နေတယ်။ ပုံစံတွေကလည်း ရွဲ့စောင်းလို့။ အရက်နာကျနေတဲ့ ရုပ်တွေနဲ့။
ဆိုင်ကယ်ကို ဖြည်းဖြည်းတွန်းရင်း မြို့အထွက်ဂိတ်ကျော်လာတော့ ယတြာလှိုင်ရဲ့စဒန်းဒက်အာမီတွေဟာ ကျွန်မရဲ့ နားထဲမှာ ပိုက်ဆံတောင်းလို့နေတယ်။ "အကြွေ မရှိလို့ပါရှင့်" အဲ "ပိုက်ဆံ မပါလို့ပါရှင့်" အရေးတော်ပုံ အောင်ရမည်။
မစ်ဒယ်နွေမ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar