Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၃ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁ လ ၃ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) မတ်လ ၄၊ ၂၀၂၂

◾️လောင်စာဆီစျေးတက်တဲ့ ဂယက်၊ အာဆီယံသံတမန်ရဲ့ ခရီးစဥ်၊ မကွေးနဲ့ စစ်ကိုင်းမှာ နေအိမ်မီးရှို့ခံရမှုတွေဆက်ဖြစ်နေ
ယူကရိန်းကျူးကျော်ခံရမှုအဖြစ်အပျက်မတိုင်ခင် စစ်ရိပ်စစ်ငွေ့တွေနဲ့ စျေးမြင့်တက်နေတဲ့ ကမ္ဘာ့ရေနံစိမ်းစျေးဟာ ကျူးကျော်ခံရပြီးနောက်မှာ တစည်ကို ဒေါ်လာ ၁၀၀ ကနေ ၁၁၄ လောက်ထိ ရက်အနည်းငယ်အတွင်း ထပ်မံမြင့်တက်ခဲ့ပြီး ရေနံစျေးမြင့်တက်မှုရဲ့ ဂယက်က မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်နေပြီဖြစ်ပါတယ်။ 
ပြည်တွင်းထုတ်လုပ်မှုက လောက်လောက်လားလား ပမာဏမရှိသလို အရည်အသွေးမှီတဲ့ သန့်စင်စက်ရုံလည်း မရှိတာကြောင့် သယ်ယူပို့ဆောင်ရေးသုံးယာဥ်တွေနဲ့ အိမ်စီးကားတွေက ပြည်ပကတင်သွင်းတဲ့ ဓါတ်ဆီ ဒီဇယ်ဆီကို မှီခိုနေကြရပြီး စက်သုံးဆီတင်သွင်းရေး လုပ်ငန်းလိုင်စဥ်တွေကိုလည်း လုပ်ငန်းရှင်ကြီးတစုက ချုပ်ကိုင်ထားကြပြီး ကမ္ဘာ့ရေနံစျေး မြင့်တက်တာနဲ့ အချိန်မဆိုင်း ပြည်တွင်းမှာပါ စျေးနှုန်းလိုက်မြင့််တက်သတ်မှတ်ကြတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးပိတ်ဆို့မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဒေါ်လာစျေးတွေ သိသိသာသာ မြင့်တက်တဲ့အကျိုးဆက်ကလည်း မြန်မာနိုင်ငံက လူထုအတွက် လောင်စာဆီစျေးနှုန်းမြင့်တက်မှုမှာ ၂ ဆ ကျခံရသလို ဖြစ်စေပါတယ်။ အလုပ်အကိုင် ဝင်ငွေရလမ်းတွေ ကျဆင်းနေချိန်မှာ လောင်စာဆီစျေး ဒေါ်လာစျေး မြင့်တက်မှုကို ခံရတာကြောင့် ရေနံစျေးမြင့်တက်တဲ့ဒဏ်ခံရတဲ့ အခြားသောနိုင်ငံက စားသုံးသူတွေထက် မြန်မာနိုင်ငံက ပြည်သူတွေက ၂ ဆလောက် ခံစားရတယ်လို့ ဆိုရမယ် ထင်ပါတယ်။ 

စက်သုံးဆီစျေးမြင့်တက်မှုက ကားစီးသူတွေ၊ တက်စီသမားတွေ၊ ခရီးသွားသူတွေနဲ့ လျှပ်စစ်မီးစက်သုံးသူတွေကိုသာ ထိခိုက်စေတာမဟုတ်ပဲ ကုန်ထုတ်လုပ်မှုဖြစ်စဥ်မှာ ပါနေတဲ့ စိုက်ပျိုးရေးလုပ်ကိုင်သူ၊ ရေလုပ်ငန်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူ၊ ဝန်ဆောင်မှုပေးသူ၊ နိုင်ငံခြား လက်ခစား စက်ရုံတွေအထိ အားလုံးကို ထုတ်လုပ် မှုစရိတ် မြင့်တက်စေတာဖြစ်ပြီး အဲဒီနယ်ပယ်ကထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကတော့ စက်သုံးဆီစျေးနှုန်း မြင့်တက်သလောက် တိုးမြှင့်ပြီး ရ/မရ မသေချာပါဘူး။ စျေးကွက်က ဝယ်လိုအား ကျဆင်းနေချိန်၊ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် ချိနဲ့နေချိန်၊ လူအများ ဝင်ငွေလျော့ကျနေချိန်မို့လို့ စျေးနှုန်းတွေက ပုံမှန်အချိန်လို လိုက်ပြောင်းဖို့ မလွယ်ကူတာလည်း ဖြစ်ပါတယ်။ 

စက်သုံးဆီစျေးမြင့်တက်တာကို ရန်ကုန်မြို့မှာ လက်ရှိခံစားရတဲ့ အကျိုးဆက်ကြည့်လိုက်ရင် ဘတ်ကားခတွေ တိုးမြှင့်ကောက်ခံတာတွေ ကြုံရတဲ့အဖြစ်၊ တက်စီခတွေ မြင့်တက်သွားတာ၊ လျှပ်စစ်မီးလည်း ရရှိချိန်လျော့ နည်းလာလို့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ မီးစက်သုံးရချိန်များလာတဲ့အခါ ကုန်ကျစရိတ်တက်လာတာတွေ က နေ့စဥ်ဘဝမှာ ချက်ခြင်း သက်ရောက်နေပြီဖြစ်ပါတယ်။

နယ်မြို့တွေမှာတော့ ဧရာဝတီ၊ ရခိုင်၊ တနင်္သာရီတိုင်းတွေက ရေလုပ်ငန်း ငါးဖမ်းသူတွေအဖို့ ဒီဇယ်ဆီစျေးမြင့်တက်လာတာကြောင့် ငါးဖမ်းထွက်တဲ့အခါ ကုန်ကျစရိတ် မြင့်တက်လာပြီး ငါးစျေးကွက်မှာတော့ စျေးနှုန်းက ကုန်ကျသလောက် လိုက်မြင့်ဖို့ မသေချာတာလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေး လုပ်ကိုင်သူတွေအဖို့လည်း ရေသွင်းတာ၊ သယ်ပို့တာတွေအတွက် လောင်စာသုံးစွဲရမှာဖြစ်လို့ ကုန်ကျစရိတ်မြင့်တက်လာပေမယ့် စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ စျေးနှုန်းကတော့ အခြားသော အခြေအနေတွေ အပေါ်မူတည်နေပြန်တာ ဖြစ်ပါတယ်။ 

ချုံ့ပြောရရင်တော့ လောင်စာဆီစျေးနှုန်းမြင့်တက်တဲ့ ဂယက်က မြန်မာနိုင်ငံက လူအများစုရဲ့ ဝင်ငွေတွေကို ထိခိုက်စေပြီး စားရေး၊ နေရေးနဲ့ ကျန်းမာရေးကုသမှု စောင့်ရှောက်မှုတွေကိုပါ ထပ်ပြီးနိမ့်ကျစေမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အခြေအနေကောင်းမွန်နေတဲ့ အခြေအနေမျိုးဆိုခဲ့ရင်တော့ လူထုရဲ့ ခံစားရမယ့် စျေးနှုန်းမြင့်တက်မှုဒဏ်ကို သက်သာအောင် အစိုးရအနေနဲ့ အရံငွေ၊ ဘတ်ဂျက်သုံးစွဲပြီး အစီအစဥ်ချမှတ်တာမျိုးတွေ လုပ်နိုင်ကောင်း လုပ်နိုင်မှာဖြစ်ပေမယ့် အခုလို အုပ်ချုပ်သူက စစ်အာဏာရှင်ဖြစ်ပြီး လူထုနဲ့ ရန်သူသဖွယ်ဖြစ်နေတဲ့ အနေအထားမှာ စစ်အာဏာရှင်တွေအနေနဲ့ လူထုရဲ့ ဒုက္ခကို သက်သာအောင် လုပ်ဆောင်ဖွယ် အရိပ်အယောင် မမြင်ရပါဘူး။ 

ဒီနေ့သတင်းတွေထဲက နောက်သတင်းတပုဒ်ကတော့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို အဖြေရှာဖို့ နိုင်ငံ တ ကာ အသိုင်းအဝိုင်းရဲ့ တခုထည်းသော ယန္တရားလိုဖြစ်နေတဲ့ အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးမကြာခင် သီတင်းပတ်မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ 

၄ ရက်ကြာ လာရောက်မယ့် ခရီးစဥ်အတွင်း စစ်ကောင်စီ အချို့သော နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံလိမ့်မယ်လို့ ခန့်မှန်းရပေမယ့် ဖမ်းဆီးခံထားရတဲ့ အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ဖွယ်တော့ မရှိဘူးလို့ ယူဆရပါတယ်။ နိုင်ငံတကာမှာ မြန်မာ့အရေးထက် ပိုပြီးအရေးတကြီး တုံ့ပြန်ဆောင်ရွက်နေကြရတဲ့ ယူကရိန်းအရေးက ရှေ့တန်းရောက်လာတာကြောင့် ကုလသမဂ္ဂ၊ ဒေသတွင်းအဖွဲ့အစည်းတွေ အနောက်နိုင်ငံအချို့အနေနဲ့ မြန်မာ့အရေးကို အချိန်သိပ်ပေးနိုင်ကြမှာ မဟုတ်ပါဘူး။ 

ဒီလို မြန်မာ့အရေးကို နိုင်ငံတကာက အဖြေရှာဖို့ကြိုးစားနေချိန်မှာပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည် နယ်၊ ချင်းပြည်နယ်တို့လိုမှာ အချို့ကျေးရွာတွေမှာ ရွာလုံးကျွတ် နေအိမ်တွေမီးရှို့ခံရတာတွေ ရာနဲ့ချီ မီးရှို့ခံရတာတွေနေ့စဥ်ရက်ဆက် ဖြစ်ပျက်နေဆဲ ဖြစ်ပါတယ်။ ဒီနေ့သတင်းတွေထဲမှာ ပေါက်မြို့နယ်ထဲက ကျေးရွာတချို့၊ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတချို့နဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့မှာ နေအိမ်တွေ မီးရှို့ခံရတဲ့ သတင်းတွေဖေါ်ပြထားကြပါတယ်။ 

လူနေအိမ် မီးရှို့ခံရတဲ့ သတင်းတွေဟာနေ့စဥ် ပါနေကျသတင်းလိုဖြစ်လာနေပြီး မထူးဆန်းတော့သယောင် ဖြစ်လာပါတယ်။ မီးရှို့ခံရတဲ့ နေအိမ်ပိုင်ရှင်တွေအဖို့တော့ သူတို့ရဲ့ တဘဝလုံးနဲ့ ဆိုင်တဲ့ ပျက်စီးဆုံးရှုံးမှုဖြစ်ပြီး နေ့စဥ်အိမ်ထောင်စု ရာနဲ့ချီဘဝတွေ ဖျက်ဆီးခံနေကြရတာဖြစ်ပါတယ်။ 

စစ်ကောင်စီက လက်နက်ကိုင်တော်လှန် ပုန်ကန်မှုကို အခုလိုမြေလှန်တဲ့နည်းနဲ့ ဖြိုခွဲဖို့ မဟာဗျူဟာချထားတာ ထင်ရှားပြီး ဒီလိုကျေးရွာတွေ မီးရှို့လိုက်ခြင်းအားဖြင့် ပီဒီအက်ဖ်တွေ အခြေချဖို့ ကျေးရွာလည်းမရှိတော့ ရိက္ခာလည်း မရှိတော့ဘူးလို့ ယူဆပြီးလုပ်ဆောင်နေတာလို့ ခန့်မှန်းရပါတယ်။ စစ်ကောင်စီရဲ့ မဟာဗျူဟာ အောင် မြင်မလား လူထုရဲ့ နာကျည်းမှုက ဆက်လက်တိုက်ခိုက်တွန်းလှန်ဖို့ ထပ်ပြီးသန္နိဋ္ဌာန်ချတာမျိုး ဖြစ်စေမလားဆိုတာ မကြာခင် အဖြေပေါ်လာမယ်လို့ ထင်မြင်မိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar