ညိုထွန်းလူ - ဦးရဲ့ကိုကို
(မိုးမခ) မတ် ၄၊ ၂၀၂၂
(၁)
ကျွန်တော့်ဦးလေး ဦးတိုးတစ်ယောက် တတိယမြောက် မိန်းမယူလိုက်သည့်သတင်းကို ကျွန်တော်သိရချိန်မှာတော့ ဦးလေးသည် သူ့ဟာမလေးနဲ့ ချောင်းသာဆိုလား၊ ငပလီဆိုလား နေလို့ကောင်းသည့် အရပ်ဒေသတစ်ခုခုမှာ အပျော်ကျူးနေလောက်ပါပြီ။
တဝုန်းဝုန်းရိုက်ခတ်နေသည့် ပင်လယ်လှိုင်းသံတွေကို နားထောင်ရင်း တစ်ဦးနဲ့တစ်ဦး လိုက်တမ်းပြေးတမ်း ကစားကြလေမလား။
ဒါမှမဟုတ် လေသွင်းထားသည့် မော်တော်ကားကျွတ်ပေါ်သို့ တစ်ဦးနဲ့တစ်ဦး အလုအယက်ခုန်တက်ကြရင်း ခိုးခိုးခစ်ခစ် ရယ်မောကြသလား စသဖြင့် တွေးရင်း ကြားက၀င်ပြီး စိတ်ကူးယဉ်လိုက်မိသည်။
ကျွန်တော်တို့ မန္တလေး က ရတနာအရောင်းအ၀ယ်လောကမှာ ဦးလေးရဲ့ မိန်းမထပ်ယူသည့်သတင်းက လူပြောချင်စရာ ဖြစ်သည်။
တကယ်တော့ ဦးလေးမိန်းမယူသည့်သတင်းသည် ဆန်းကြယ်သည့်ကိစ္စမဟုတ်ပါလေ။ ယောက်ျားပဲဗျာ။ ကိုယ်ကြိုက်လို့ ကိုယ်ကျွေးနိုင်ရင် ယူချင်သလောက် ယူလို့ရတာပဲ မဟုတ်လား။ ပြီးတော့ ယောက်ျားကောင်း မောင်းမတစ်ထောင်လို့ ဆိုကြသည်။ အခု ဦးလေးခမျာ သူယူသည့်မိန်းမအရေအတွက်က တစ်ထောင်မပြောနဲ့။ လက်တစ်ဝါး တစ်ဖက်စာပင် မပြည့်သေး။
ဒါပေမဲ့ သူ့အသိုင်းအဝိုင်းမှာ သည်ကိစ္စကို ဘယ်လိုပြောကြမလဲဆိုတာတော့ ကျွန်တော် သိချင်စမ်းလှသည်။ တို့လူကြီးကတော့ လုပ်ချလိုက်ပြန်ပြီဟေ့လို့ ရယ်ပွဲဖွဲ့မလား။ အင်း... အသက်ကြီးတော့ ဖွဲနုလေး ရေစိမ် ကျွေးမှ အစာ၀င်သဟဲ့လို့များ ရက်ရက်စက်စက် ပြောကြမလား။ ကျွန်တော် မသိ။ အရောင်းအ၀ယ်ကိစ္စနဲ့ ရပ်ဝေးသို့ ခရီးထွက်ရာမှ ပြန်ရောက်ရောက်ချင်း ဖင်ပူအောင် မထိုင်ရသေးမီ ဇနီးသည်က ဦးလေးသတင်းကို ကျွန်တော့်အား ပြောပြပါသည်။
ဦးလေးရဲ့ တတိယမြောက်မိန်းမသည် မိုးကောင်းမြို့မှ ဖြစ်ပါသတဲ့။
အရင်က ကွဲသွားခဲ့သည့် ဒုတိယဇနီးထက် အသက် ၅ နှစ်တောင် ငယ်သေးသတဲ့။ ဗုဒ္ဓဟူးသမီးဖြစ်ပေမဲ့ ကောင်မလေးနာမည်က နေ့သင့်နံသင့်မဟုတ်ဘဲ ခင်မြတ်ထွေး ဖြစ်ပါသတဲ့။
ကျွန်တော်သည် အသေးစိတ် စုံစမ်းသိရသမျှကို အချက်အလက် စုံလင်စွာနဲ့ ဂုဏ်တင်ကာ ပြောပြနေသည့် ဇနီးသည်အား မျက်လုံးကြီးပြူးကာ ကြည့်နေမိသည်။ သူ့အတွက်တော့ ကိုယ့်လင်သား ခရီးဝေးက ပြန်လာတာ လုပ်ငန်းအခြေအနေ အဆင်ပြေ မပြေ သိဖို့ထက် ဦးလေးကိစ္စ ပြောပြဖို့က အင်မတန်အရေးကြီး နေရှာသည်။
ကျွန်တော့် ဇနီးက သူကြားရသမျှ သတင်းတွေကို ခဏရပ်ပြီး ဤမျှသာ မလုပ်နိုင်သေးအား စိတ်၀င်တစား စကားဆက်ပြန်ပါ၏။
တတိယမြောက် ကောင်မလေးသည် ဒုတိယကောင်မလေးထက် များစွာ များစွာ လှပသည်။ ကိုယ်လုံးကိုယ် ပေါက်လည်း တောင့်တင်းသည်။ သို့သော် အကျင့်စာရိတ္တတော့ အရင်ဟာနဲ့ ထူးမခြားနား။ အသက် ၂၅ နှစ်အတွင်း မှာ လင်နှစ်ယောက်နဲ့ ကွဲသွားခဲ့ပြီးပြီ။
ဦးလေးနဲ့မရခင် လေးငါးခြောက်လ အတွင်းမှာပင် တခြားသော ယောက်ျားများနဲ့လည်း ရှုပ်ရှုပ်သတင်း ကြားရသည်။ (မိုးကောင်းကသတင်းတွေကို မန္တလေးကနေပြီး ဘယ်လိုရအောင်စုံစမ်းသလဲဆိုတာကို ကျွန်တော်ဇနီးသည်အား အားလပ်သည့်အချိန်မှမေးရပေဦးမည်) ဦးလေးကလည်း သည်အကြောင်းတွေကို အားလုံးသိသည်။ ခွင့်လွှတ်နိုင်သည်။ ကောင်မလေးအဖြစ်က ဆင်းဆင်းရဲရဲနဲ့ သနားချင်စရာ ကောင်းသည်ကိုး။ အဲသဟာကြောင့် ရင်ထဲမှာ ချစ်ကြင်နာ သနားဖြစ်လာကာ မန္တလေးသို့ ပြန်ခါနီးတွင် ဦးလေးက...
“ဟဲ့ကောင်မလေး၊ နင့်ကို ငါ မကြည့်ရက်ဘူး။ ငါနဲလိုက်ခဲ့ပါလား။ နင့်ကို တင့်တောင့်တင့်တယ်ထားမယ်” ဟု ပြောသတဲ့။
ဤသို့ဖြင့် နောက်တစ်နေ့တွင် စန်းသော်တာ အမြန်ရထားနဲ့ ခင်မြတ်ထွေးကို ခေါ်ပြီး မန္တလေးကို ဆင်းလာခဲ့ကြသည်။ အဲဗျာ ဒီလိုတော့လည်း ဦးလေး မိန်းမယူတာ လွယ်ကူလှချည့်လား။
“သူ့မိန်းမကိုများ ဆင်ထားလိုက်တာ ညွတ်နေတာပဲတော်။ အကုန်လုံးဒေါ်လေး ဒေါ်သိန်းအိ ပစ္စည်းတွေချည်းပဲ အစ်ကိုရ”
အားမလို အားမရနဲ့ သူ့စကားကို အဆုံးသတ်ပြီး ကျွန်တော့်အား ပြုံးထေ့ထေ့နဲ့ ကြည့်၍နေချေသည်။ ကျွန်တော်က သည်လိုအပြုံးမျိုး သိပ်ပြီးသဘောမတွေ့၊ ဇနီးသည်ရဲ့အပြုံးသည် ဘယ်အရာကို ရည်ညွှန်းနေရပါသနည်း။
ယောက်ျားတွေဟာ အသက်ကြီးကြီးငယ်ငယ် ဒီလိုချည်းပဲလို့ ဝါးလုံးသိမ်း ပြောချင်သလား။ အဲဒါမှမဟုတ် တော်တို့ အမျိုးတွေက မိန်းမဆိုရင် ငမ်းငမ်းတက်လို့များ ဆိုချင်သလော။ သူ့အမူအရာကို ကျွန်တော် မခန့်မှန်းနိုင်။
ကျွန်တော်ကတော့ ဦးလေးကို နည်းနည်း သနားမိသည်။ သူ့ခမျာ တစ်ယောက်မကောင်းလို့ တစ်ယောက်ပြောင်းရင်း ယခုတစ်ခါ တတိယမ္ပိ ပြန်ပါပြီ။ အဲသည် တတိယမြောက်နဲ့လည်း အိမ်ထောင်ရေးသုခ ရပါ့မတဲ့လား။ သေချာတာကတော့ ဦးလေးခမျာ သူ့အနားမှာမိန်းမမရှိလျှင် မနေတတ်တော့ခြင်း ဖြစ်ပါသည်။
(၂)
လောကတွင် လူရိုးများ ဆန်းပြားဗွေဖောက်ပြီဆိုမှတော့ ဘယ်သူမှလိုက်မီတော့မည် မထင်ပေ။ ဦးလေးတိုးသည် အမှန်တကယ်ပဲ လူရိုးလူကောင်းဖြစ်ပါသည်။ ကိုယ်ဦးလေးမို့ အမွှမ်းတင်လိုက်ခြင်း မဟုတ်ပါ။ အမှန်တော့ ဦးလေးတိုးသည် ကျွန်တော့်အဒေါ် ဒေါ်သိန်းအိနဲ့စပ်မှ အမျိုးတော်ရခြင်း ဖြစ်ပါသည်။
ဒေါ်လေးနဲ့မရခင်က ဦးလေးတိုးသည် ကျွန်တော်တို့ရပ်ကွက်လမ်းထိပ်မှာ နာရီပြင်ဆိုင်လေးဖွင့်ထားသည်။ အသက်အရွယ်က ၄၀ ကျော်။ မိဘ မရှိတော့။ အသောက်အစားကင်း၊ ရိုးသားကြိုးစားသည်။ အားလပ်သည့်အချိန်မှာ တရားအားထုတ်သည်။ ဤကား ဦးလေးတိုးရဲ့ အရည်အချင်း။
ကျွန်တော့်အမေတွင် ညီအစ်မသုံးယောက်ရှိသည်။ အစ်မအကြီးဆုံး ကြီးတော် ဒေါ်သိန်းရှိ၊ ပြီးမှ ကျွန်တော့်အမေ ဒေါ်သိန်းမိနဲ့ အငယ်ဆုံး ဦးလေးရဲ့ကွယ်လွန်သူ ဒေါ်သိန်းအိဖြစ်ပါသည်။
ညီအစ်မ သုံးယောက်ထဲတွင် အ သက် ၄၀ နီးတာတောင် အိမ်ထောင်မပြုနိုင်သေးဘဲ အစ်မကြီးနဲ့ အစ်မလတ်က မွေးထုတ်သမျှ တူ၊ တူမတွေကိုပဲ ထိန်းကျောင်းနေရရှာသည်။ ဒေါ်လေးက စီးပွားရေးကောင်းသည်။ စျေးချို ရွှေဆိုင်တန်းမှာဆိုင်ခန်းရှိသည်။ ကျောက် စိမ်းနဲ့ပတ္တမြား အရောင်းအ၀ယ်လည်း လုပ်သေးသည်။ သို့ပေမယ့် ဒေါ်လေးခမျာ သူ့ဘ၀ သူမပိုင်။ အဆင်သင့်လျှင် ကလေးတစ်ယောက်လို အစ်မနှစ်ယောက်ရဲ့ အဆူအငေါက်ကို ခံရတတ်သည်။ သူ့ခမျာ နေ့စဉ်နဲ့အမျှ အစ်မတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကိုပဲ ကြည့်နေရရှာသည်။ အလိုမကျလို့ အစ်မတွေရဲ့ အဆူခံထိပြီ ဆိုမှဖြင့် ဒေါ်လေး နေစရာ မရှိပြီ။ အဲသည်လောက်အထိ အစ်မတွေကို ဒေါ်လေး ကြောက်ရရှာသည်။ ဒါကြောင့်လည်း ဒေါ်လေးခမျာ အပျိုကြီး ဖြစ်နေရဟန်တူသည်။
အသည်းနှလုံးနဲ့ လူပဲလေ။ တစ်ချိန်တုန်းကတော့ အချစ်ဆိုသည့်အရာသည် သူ့ရင်မှာ ခိုနား ကောင်း ခိုနားခဲ့မည်လို့ ကျွန်တော် ထင်သည်။
ဤသို့ဖြင့် ကိုယ့်ထမင်းကိုယ်ရှာစားပြီး တူ၊ တူမတွေကို ထိန်းကျောင်းရင်းနဲ့ လူတစ်ယောက်ရဲ့ အနိမ့်အမြင့် မရှိသော ဘ၀တစ်ခုကို ပျင်းရိစွာဖြင့် ကုန်ဆုံးလိုက်ဖို့ ဒေါ်လေး စိတ်ကူးထားဟန် တူပါ၏။ ဒါပေမယ့် ဒေါ်လေးမှာ အပျိုကြီးဖြစ်မည့် ကံဇာတာ ပါလာဟန်မတူ။
ကံကောင်းသည်လို့ပဲ ပြောရတော့မည်။ မြားနတ်မောင်သည် အချိန်အ တော် နောက်ကျမှ ဒေါ်လေးနဲ့ ဦးလေးတိုးကို သတိရသွားခဲ့သည်။
တစ်နေ့မှာ ဒေါ်လေးရဲ့ တစ်တိုနီ လက်ပတ်နာရီလေး ပျက်သွားသည်။
ဤသို့ဖြင့် နံနက်ခင်း စျေးသွားချိန်မှာ ဦးလေးတိုးရဲ့ ကောင်းမှကောင်း နာရီပြင်ဆိုင်လေးဆီသို့ ရောက်လာခဲ့ကြသည်။
“ဘာကိစ္စပါလိမ့်၊ သြော်... နာရီပျက်။ ညနေ စျေးအပြန်ကျ ၀င်ယူလှည့်နော်။ ကျွန်တော် အကောင်းဆုံးဖြစ်အောင်ပြင်ထားလိုက်ပါ့မယ်”
“ဘယ်လောက် ပေးရမလဲရှင့်”
“တစ်ရပ်ကွက်တည်းနေသူတွေပဲဗျာ။ ပြင်ခ မယူပါဘူး”
“အို.. မဟုတ်တာရှင်။ ကျသင့်တာ ယူပါ”
“ကျွန်တော့်ရဲ့ စေတနာပါဗျာ။ မယူပါရစေနဲ့” ဟု ပြောပြီး တစ်တိုနီနာရီလေးကို တယုတယကိုင်ရင်း မသိန်းအိရဲ့မျက်နှာလေးကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ သူ့အကြည့်တွေကြောင့် တစ်ကိုယ်လုံး အင်အားတွေဆုတ်ယုတ်သွားသလို ခံစားရသည။
“သြော်...သူရယ်” ရင်ထဲမှာ ဖိုလှိုက်ပြီး မသိန်းအိ ညည်းလိုက်မိသည်။
၀တ္ထုရေးလျှင် သူတို့နှစ်ယောက် တွေ့ဆုံခန်းလေးသည် သည်လိုပဲ ကြည်နူးဖွယ်ဖြစ်အောင် ရေးဖွဲ့ပေလိမ့်မည်။ ဒါပေမဲ့ လက်တွေ့တော့ အဲသလိုမဟုတ်။ ဦးလေးတိုးသည် နာရီကို ဖင်ပြန် ခေါင်းပြန် ကြည့်သည်။ ပြီးမှ...
“နာရီ ချေးဆေးပစ်ရမယ်။ အစိတ်ကျမယ်၊ ညနေ လာယူလှည့်” ဟု တုံးတိတိနဲ့ ပြောချလိုက်သည်။ နာရီပျက်လို့ လာအပ်သူက ဘယ်သူ ဘယ်ဝါဆိုတာ ဦလေးတိုး မော့လည်းမကြည့်။ “ဟုတ်ကဲ့ရှင့်” ဟု ဒေါ်လေးက ပြောလိုက်သည်။ အဲဒါပါပဲ။ ကဲ... သည်နှစ်ယောက် ဘယ်လိုလုပ်ပြီး ညားနိုင်မလဲ။
သည်အတိုင်းဆို ဘယ်လိုမှ ညားသွားစရာ အကြောင်းမရှိပေ။ ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ ဖူးစာကံ ပါလာလေတော့ ဒေါ်လေးနဲ့အတူ ပါလာသည့် ကြီးတော်ဒေါ်သိန်းရှိက ဦးလေးတိုးရဲ့ ပြောဟန်ဆိုဟန်တွေကို ဗလာချီ သဘောကျသွားတော်မူသည်။ သူ့စိတ်ထဲတွင် အသက်အရွယ် မတိမ်းမယိမ်း ဒီနှစ်ယောက်ကို ပေးစားလိုက်ရလျှင် ကောင်းလေစွဟု တွေးမိသည်။ မောင်တိုးဆိုတာ အတွင်းသိ၊ အစဉ်းသိ၊ ပစ္စည်းဥစ္စာ ချို့တဲ့တာကလွဲလို့ တခြားဘာမှပြောစရာမရှိ။ ဤသို့ဖြင့် ကြီးတော်သည် ထိုအတွေးကို သူ့ခေါင်းမှာ ရေခဲရိုက်ပြီး ကြာကြာသိမ်းမထားနိုင်အားဘဲ ကျွန်တော့်အမေရှိရာသို့ ကတိုက်ကရိုက် ပြေးလာခဲ့သည်။
အမေက အ၀တ်တွေကို တဖုန်းဖုန်းရိုက်လျှော်ရင်း ကြီးတော်ရဲ့စကားကို ဆုံးအောင် နားထောင်သည်။ ပြီးမှ “ကောင်းသားပဲ မမရဲ့။ မောင်တိုးဟာ လူရိုးလူကောင်းလေးပဲ။ သိန်းအိအတွက်လဲ စိတ်ချရတာပေါ့” ဟု မဲပေးလိုက်သည်။ ဤမှာပင် ပွဲကပြတ်သွားခဲ့ပြီ။ ဒေါ်လေးအတွက် သည်နှစ်ယောက်က ‘မိန်း’ မဟုတ်ပါလား။ ထိုအချိန်က ကာယကံရှင်နှစ်ယောက်ခမျာ သည်ကိစ္စကို ဘာမျှမသိရှာ။ သိစရာလည်း မလိုတာဘဲ။
(၃)
အဲဒီနှစ်က ခန်းမ (၁) မှာ ကျင်းပခဲ့သည့် ဒေါ်လေးတို့ မင်္ဂလာပွဲသည် အစည်ကားဆုံး ဖြစ်ခဲ့သည်။ သည်အသက် သည်အရွယ်ရောက်မှ လက်ထပ်ကြလို့ အံ့သြခြင်းဖြစ်ကာ လေ့လာစူးစမ်းရင်း မင်္ဂလာပွဲကို လာကြသလို အင်မတန်မှ ဂဂျီဂဂျောင်နိုင်တတ်သော ကိုယ့်အမျိုးကလွဲလျှင် ဘယ်သူ့ကိုမှ အကောင်းမထင်တတ်သော အသိုင်းအ၀န်း ထဲသို့ ဘယ်လိုလူစားမျိုးရောက်လာသလဲဆိုတာ သိချင်၍ လာကြသူတွေလည်း ရှိသည်။
မည်သို့ပင်ဆိုစေ ဒေါ်လေးနဲ့လက်ထပ်ပြီးနောက် ဦးလေးလည်း သူ့နာရီပြင်ဆိုင်လေးကိုဖြုတ်ပြီး စျေးချိုရွှေဆိုင်တန်းထဲသို့ ရောက်သွားခဲ့ရ ဒေါ်လေးက ရွှေနှင့်ကျောက်မျက်ရတနာ အရောင်းအ၀ယ် နည်းနာနိဿယများကို ဦးလေးအားသင်ပေးသည်။ ထိုစဉ်က ကျောက်စိမ်းအရောင်းအ၀ယ်သည် မူဆယ်မှတ်တစ်ဆင့် တစ်ဖက်နိုင်ငံသို့ မှောင်ခိုပို့နိုင်လျှင် အမြတ်အစွန်းကောင်းကောင်းရသည်။ ဒေါ်လေး အိမ် ထောင်မကျခင်တုန်းကတော့ အဲဒီရတနာပစ္စည်းတွေကို ကျွန်တော်ကပဲ ဒိုင်ခံပြီး အရောင်းအ၀ယ်လုပ်ပေးရဖူးသည်။ ခရီးဝေးသွားစရာရှိလျှင် ကျွန်တော်ပဲ သွားသည်။ ယခု ဦးလေးရှိတော့ ကျွန်တော် အကူအညီပေးစရာမလိုတော့။
ဦးလေးသည် တခြားသော အရောင်းအ၀ယ် မိတ်ဆွေအချို့နဲ့အတူ မူဆယ်သို့ ခရီးထွက်သည်။ မန္တလေးမူ ဆယ်ခရီးသည် တစ်နေကုန် ကားမောင်းရသည်။ လမ်းပန်းအခြေအနေကလည်း ယခုလို မချောမွေ့သေး။ မော်တော်ကားစထွက်ကတည်းက ဘုရားစာ၊ တရားစာများ ရွတ်ဖတ်ပြီး လိုက်ရသည်။ အန္တရာယ် တစ်ခုခုကြုံလာလျှင် ဘုရားမှလွဲ၍ ဘယ်အရာမှ အားကိုးစရာ မရှိပေ။
ဤကဲ့သို့ စွန့်စွန့်စားစားသွားရောက်ပြီး ရောင်းရငွေသည် ကိန်းဂဏန်းကြီးမားသည်။ သို့သော် အချို့အရောင်းအ၀ယ်သမားတွေမှာတော့ ရောင်းရငွေသည် အိမ်သို့ပြန်ပါမလာတတ်။ ငွေကုန်စရာ အပျော်အပါးကိစ္စတွေကလည်း များသည်ကိုး။
ဦးလေးကတော့ ရှင်းသည်။ အရောင်းအ၀ယ်ကိစ္စကလွဲလို့ တည်းခိုးခန်း အပြင်ထွက်ခဲသည်။ တည်းခိုးခန်းထဲမှာပင် ပုတီးစိပ် တရားထိုင် သည်။ ပြီးလျှင်သူ့လက်စွဲ ဇိနတ္ထပကာသနီစာအုပ်ကို ဖတ်သည်။ တက်ထရွန်အင်္ကျီလက်တိုနဲ့ ချည်လုံချည် ကွက်စိပ်လေးပဲ အမြဲတမ်း၀တ်ဆင်သည့် ဦးလေးရဲ့ပုံသဏ္ဌာန်သည် ကျောက်အရောင်းအ၀ယ်သမားလို့ ဘယ်လိုပြောလို့မှ ယုံနိုင်စရာမရှိ။ များသောအားဖြင့် ကျောက်သမားများသည် လက်ထဲမှာ ပိုက်ဆံလေး ဖောဖောသီသီရလာလျှင် မြန်မာ့သတ္တိကို ပြကြသည်။
ကောင်းကောင်း၀တ်သည်။ ကောင်းကောင်းစားသည်။ အရက်ကလေး တမြမြလုပ်ရင်း တခြားသော အပျော်အပါးကိစ္စတွေဘက်သို့ ရောက်ကုန်ကြတတ်သည်။ ဦးလေးကတော့ အရောင်းအ၀ယ်ကိစ္စပြီးလျှင် မန္တလေးသို့ ချက်ချင်း ပြန်ဆင်းသည်။ သူ့မိတ်ဆွေများက ခဏတစ်ဖြုတ် နေပါဦးလို့ ပြောတာတောင် ဦးလေးမနေနိုင်။
“မအိ စိတ်ပူနေလိမ်မ့ယ်ကွဲ့”
“မအိက အရောင်းအ၀ယ်ကိစ္စ ပြီးပြီးချင်း ပြန်လာရမှာတဲ့”
“မအိက အပိုသုံး မကြိုက်ဘူးကွဲ့” စသဖြင့် သူ့အားတားသမျှလူတိုင်းကို တအိတည်း အိပြ၍ မန္တလေးသို့ ပြန်ပြေးလေ၏။ ဒါကြောင့်လည်း သူတို့လင်မယား စီးပွားရေးသည် တစ်မဟုတ်ခြင်း တိုးတက်ကြီးပွားသည်။ တိုက်၊ ခြံ၊ ကား စသဖြင့် လက်ထက်ပွား ပစ္စည်းတွေကလည်း မနည်းမနော။ နတ်ဖက်သည့်လင်မယားဟု လူတိုင်းက အားကျပြီး ချီးမွမ်းကြသည်။ ပျော်ရွှင်စရာကောင်းသည့် သုခဘုံလေးဖြစ်သည်။ သို့ပေမယ့် ကံကြမ္မာက ကြောက်စရာကောင်းသည်။ သည်လင်သည်မယားခမျာ အိုအောင်မင်းအောင် မပေါင်းသင်းလိုက်ရရှာ။
သင်္ကြန်ကျခါနီးမှာ ဒေါ်လေးတစ်ယောက် ရုတ်တရက် ကောက်ခါငင်ခါ ဖျားသည်။ အပူအားကြီးလွန်း၍ သတိလစ်သွားသည်အထိ ဖြစ်သည်။ ဆရာ၀န်ကို အမြန်သွားပင့်သော်လည်း ဒေါ်လေးအသက်ကို မမီတော့။ လောကမှာ ဘယ်အရာမှမမြဲသည့် အနိစ္စတရားတွေကို ဦးလေး နားလည်ပါသည်။ ဘယ်လိုပဲ သံယောဇဉ်တွေ တွယ်တာလာခဲ့ကြပေမယ့် အချိန်တန်လျှင် ခွဲခွာကြရပေမည်။ ယခုတော့ အချိန်မတန်ခင်မှာ ခွဲခွာခဲ့ရပြီ ဖြစ်သည်။ ယူကျုံးမရသည့် ပူဆွေးမှုတွေကြောင့် အမြဲရှုမှတ်ခဲ့သောအနိစ္စတရားကိုပင် ဦးလေးမေ့သွားခဲ့သည်။
အသက်ဝိညာဉ်ကင်းမဲ့နေသည့် ဒေါ်လေးရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ဖက်ရင်း မျက်ရည်တွေတွေ ကျလျက်ရှိသည်။
“မသိန်းအိရယ်၊ မင်း ငါ့ကိုတစ်ယောက်တည်း ထားခဲ့ရက်တယ်နော်” ဟု ငိုသံပါကြီးနဲ့ အော်ပြောလိုက်သည်။ အသုဘလာကြသူတိုင်း မည်သူမျှ မျက်ရည်မဆည်နိုင်ကြ။ ဦးလေးရဲ့ ငိုရှိုက်ပြီးပြောလိုက်သံက ကျွန်တော့် နားထဲမှာ ပဲ့တင်ထပ်သွားသည်။ သြော်... သနားစရာကောင်းတဲ့ ဦးလေးရယ်။
ဒေါ်လေးမရှိတော့သည့်နောက်မှာ သူ့ခမျာ တစ်ယောက်တည်း ဘယ်လိုနေရှာမည်နည်း။ ဦးလေးအတွက်တွေးရင်း ကျွန်တော် ရင်မောသွားခဲ့မိသည်။
(၄)
တစ်ယောက်တည်း နေရတာကို ဦးလေးခမျာ မနေတတ် မထိုင်တတ်ဖြစ်ဟန်တူသည်။ ဒေါ်လေးဆုံးသွားလို့မှ ၆ လ မပြည့်သေး။ မိန်းမတစ်ယောက် ကောက်ယူလိုက်လေ၏။
ထိုသတင်းကို ကြားခါစက ကိုယ့်နားကိုပင် မယုံချင်။ မကြာခင် ဖြစ်ကြောင်းကုန်စင်သိရတော့မှ အံ့သြရသလို ဦးလေးအတွက် စိတ်မကောင်း ဖြစ်ရသည်။ ဦး လေးယူလိုက်သည့် မိန်းမက သူ့ထက် အသက်တစ်၀က်ခန့်ငယ်သည်။ ပြီးတော့ မိန်းမကောင်းမဟုတ်။
“တို့အပြစ်ပါပဲကွာ၊ အပျော်သဘောနဲ့စရင်းနဲ့ သူ့ကို ထိန်းလို့မရတော့ဘူးဟေ့” ဟု သူ့မိတ်ဆွေတစ်ယောက် က ပြောပြပါသည်။
“မူဆယ်က တည်းခိုခန်းမှာပေါ့ကွာ၊ မင်းဦးလေးကတော့ ထုံးစံအတိုင်း အခန်းပိတ်ပြီး ပုတီးစိတ်၊ တရားထိုင်နေတာပဲ။ အဲဒါကို တို့တစ်တွေက အပျော်သဘောနဲ့ မကောင်းတဲ့ကောင်မလေးကို သူ့အခန်းထဲလွှတ်လိုက်မိတယ်။ ဒါပေမယ့် မောင်တိုးက လက်ဖျားနဲ့တောင် မတို့တဲ့အပြင် ဒီအလုပ်ဟာ မကောင်းတဲ့အကြောင်း တရားဟောလွှတ်လိုက်သေးတာတဲ့။ နောက်တစ်ယောက် လွှတ်လိုက်တော့လဲ အရင်မိန်းကလေးအတိုင်းပဲ။ တို့လဲ မောင်တိုးရဲ့ ကိုယ်ကျင့်သိက္ခာကို တကယ်လေးစားသွားမိတယ်ကွ။
အဲဒီအချိန်မှာ ကျော်မြကရောက်လာပြီး အကြိုက်မတွေ့သေးလို့ပါဗျာ။ သူ့အကြိုက်တွေ့ရင် ဘာမှမခံနိုင်ဘူး။ စျာန်ရတဲ့ရသေ့တောင် စျာန်လျှောသေးတာပဲတဲ့ ပြောတော့ တို့နဲ့ အခြေအတင်စကားပြောကြရင်း မဆီမဆိုင် အလောင်းအစားတစ်ခုဖြစ်သွားတယ်ကွ။ မောင်တိုးကို စျာန်လျှောအောင်လုပ်နိုင်တဲ့မိန်းကလေးရှိရင် ငွေ ၅၀၀၀ ကျပ် ဆုချမယ်ပေါ့ကွာ၊ အဲဒီမှာပဲ အခု မင်းဦးလေးယူလိုက်တဲ့ ဝေဝေမြင့်က သူတာ၀န်ယူရဲတယ်တဲ့။ မင်းဦးလေး စျာန်လျှောစေရမယ်တဲ့။ မကြာပါဘူးကွာ။ ပြောသလိုပဲ မောင်တိုး စျာန်လျှောတော့တာပဲကွ။ အင်း...လျှောရုံတင်မဟုတ်ဘူး။ မင်းမြင်တဲ့အတိုင်း ဝေေ၀မြင့်ကို ယူလိုက်တဲ့အဆင့်အထိ ရောက်သွားတယ်။ တို့က ဘယ်လိုတရားချချ ဘယ်လိုပြောပြော မရတော့ဘူး။ ဝေဝေမြင့်မှ ဝေဝေမြင့်ပဲ။ အတွေ့အကြုံမရှိတော့ စွဲလမ်းသွားပြီလေကွာ။ စွဲလန်းသွားအောင်လဲ ဟိုကောင်မကလုပ်ထားတာကိုး။ အပျက်မဆိုတော့ ဒါမျိုး နောကြေနေပြီလေ။ ပထမဦးဆုံး မင်းဦးလေးအခန်းကို သွားပလူးပလဲ မလုပ်သေးဘဲ မင်းဦးလေးနဲ့ စကား ပြော၊ သူ့အကြောင်းတွေကို မဟုတ်ကဟုတ်က သနားစရာဖြစ်အောင် ပြောတယ်တဲ့။ သူ့ခမျာ ဦးလေးမရှိလို့ ဦးလေးအစားရလို့ ၀မ်းသာမိတယ်တဲ့။ ဒါက အစပျိုးတဲ့နေ့၊ နောက်တစ်ရက်ရောက်တော့ ရင်းနှီးလာပြီလေကွာ။ သူတရားထိုင်နေချိန်မှာ ယပ်ခတ်ပေးရတာနဲ့၊ ရေပူရေချမ်း ကမ်းလှမ်းရတာနဲ့၊ နောက်ဆုံးတော့ ရက်တစ်ပတ်တောင် မပြည့်လိုက်ဘူး”
ယခုမှ စိတ်မကောင်းဖြစ်နေရှာသည့် ထိုပုဂ္ဂိုလ်အား ဒေါသဖြစ်သွားခဲ့သည်။ သူ့ကို ပိုးစိုးပက်စက် ပြောလိုက်ချင်သည့်စိတ်ကို မနည်းထိန်းထားရသည်။ သူတို့တစ်တွေရဲ့ အပျော်သဘော အလောင်းအစားသည် လူတစ်ယောက်ရဲ့ဘ၀ကို အများကြီး ပြောင်းလဲသွားစေခဲ့ပြီပဲ။
“မသိန်းအိနဲ့ ညားခဲ့တုန်းကတော့ အိပ်ရာထဲမှာ ပရုပ်ဆီအနံ့ပဲ ရှူခဲ့ရတာကိုးကွ။ အခု ယဒ်ဒလေတို့၊ ဂိုယာတို့နဲ့တွေ့မှ ကောင်းမှန်းသိနေပြီလေ”
သူ့စကားကို ဆုံးအောင် နားမထောင်တော့ဘဲ ချာခနဲလှည့်ထွက်လာခဲ့သည်။ ဖြစ်ပြီးမှတော့ ကျွန်တော် ဘာမျှမတတ်နိုင်တော့ပါ။ ဘယ်လမ်း ဘယ်စခန်းအထိ လျှောက်လှမ်းကြမည်ကိုပဲ စိတ်မောစွာ စောင့်ကြည့်ရပေတော့မည်။
သွေးပူနေချိန်မှာတော့ ဂိုယာနံ့လေးကို ရှူရှိုက်ရင်း ကောင်မလေးဆီက ကိုကို...ကိုကိုလို့ ခေါ်တဲ့အသံကိုပဲ စွဲလမ်းနေမှာ ဖြစ်သည်။ တရားသမားကို တရားပြဖို့ဆိုတာ လွယ်ကူသော အလုပ်မဟုတ်ပေ။
(၅)
ကံကောင်းချင်တော့ ဦးလေးနဲ့အိမ်ထောင်ကျအပြီး လေးလလောက်မှာ ဝေ၀မြင့်က သူ့ဇာတိရုပ်ကို မဖုံးနိုင်တော့။ ဦးလေး ခရီးထွက်နေစဉ် အိမ်က လက်၀တ်ရတနာ ၁၀ သိန်းဖိုးလောက်ယူပြီး တခြားယောက်ျားတစ်ယောက်နဲ့ လစ်ပြေးသွားတော့သည်။ အဲဒီသတင်းကြားရချင်း မန္တလေးသို့ ရောက်ရာအရပ်မှ ဦးလေး ပြန်လာခဲ့သည်။
“မောင်ညိုရာ၊ ဦးလေးကို ကူညီစမ်းပါဦးကွာ။ မိတ္ထီလာမှာ မင်းအမေရောက်နေတယ်တဲ့။ မင်း လိုက်သွားပေးကွာ။ ဦးလေးက ခွင့်လွှတ်တယ်လို့ပြောနော်။ မင်းနဲ့တစ်ပါတည်း ခေါ်ဖြစ်အောင် ခေါ်လာခဲ့ကွာ။ ပြေပြေလည်လည်ဖြစ်အောင်လုပ်ခဲ့။ မင်းအမေက စိတ်ကြီးတယ်ကွ”
ဆောက်တည်ရာ မရဖြစ်နေသည့် ဦးလေးကိုကြည့်ရင်း စိတ်ညစ်သွားရပါ၏။ ကဲ... ဦးလေးစကားကိုပဲ နားထောင်စမ်းပါဦး။ ကျွန်တော့်ထက် အသက်ငယ်တဲ့ သူ့မယားလေးကို မင်းအမေတဲ့။ အမယ့် မိန်းမပျက်က လာလာချေသေး။ စိတ်ကြီးတော်မူသတဲ့ဗျာ။
မစိတ်မွှန်၍ သင့် မသင့် မချိန်ဆနိုင်သည့် ဦးလေးရဲ့စကားကို ဟုတ်ကဲ့ဟုပြောပြီး မိတ္ထီလာသို့ လိုက်သွားသည်။ သို့ပေမဲ့ ဦးလေးမှာသလိုတော့ ကျွန်တော် မပြောနိုင်။ အကျင့်ပျက်သည့် မိန်းမတစ်ယောက်ကို မေတ္တာတရားအကြောင်း နားလည်အောင် တရားမဟောချင်။ ခပ်ကြမ်းကြမ်းလေး ကိုင်တွယ်မှဖြစ်ပေမည်။ ဒါပေမဲ့ မိတ္ထီလာရောက်တော့ ကျွန်တော်ကံကောင်းသွားသည်။
ထိုမိန်းမ မရှိတော့ပြီ။ တောင်ကြီးကို တက်သွားသည့်သတင်း ကြားရသည်။ ဦးလေးဆီသို့ သည်ကိစ္စဖုန်းဆက်ပြောတော့ တောင်ကြီးဆက်လိုက်တဲ့။ အမိန့်တော်ပါးလိုက်သည်။ မလွယ်ပါလား။ ရေမြေဆုံးစေတော့ ခင်ဖုန်းကိုတော့ တွေ့အောင် ရှာရတော့မည်ထင်သည်။ ဒါပေမဲ့ တောင်ကြီးအထိ ကျွန်တော်မသွားတော့။ မိတ္ထီလာမှာပဲ သုံးရက်လောက်နေသည်။ ပြီးမှ မန္တလေးကို ပြန်လာခဲ့သည်။
“ဦးလေးရာ၊ တောင်ကြီး၊ ကလော၊ ပင်းတယ နှံ့နေအောင်ရှာတာပဲဗျာ။ စုံစမ်းလို့ မရဘူး”'
ခြူသံပါအောင်ညည်းလိုက်သည့် ကျွန်တော့်ကို ကြည့်ရင်း ဦးလေးခမျာ မျက်စိမျက်နှာ ပျက်သွားရှာသည်။ ဦးလေးကို သနားသွားမိသည်။ ဒါပေမဲ့ ဇာတ်လမ်းက ပြီးပြတ်သွားတာမို့လည်း ၀မ်းသာသွားမိသည်။ နောက်တစ်လလောက်ကြာတော့ ကွာရှင်းပြတ်စဲစာချုပ်နဲ့ စာတိုလေးတစ်စောင် ဦးလေးဆီသို့ ရောက်လာခဲ့သည်။
“ကိုကိုရယ်...ချစ်သူအသစ်တွေ့ခဲ့မိလို့ ရက်စက်တဲ့အမိုက်မ မိဝေကို ခွင့်လွှတ်ပါနော်”
ဦးလေးကတော့ စာကို ဖတ်ပြီး “ကလေးရယ်၊ မိုက်လှချည်လား” လို့ မြည်တမ်း၍ နေချေသည်။
ငွေ ၁၀ သိန်းကျော်ဖိုး ဖြောင်သွားတာကိုပင် စိတ်ထိခိုက်ခံစားရဟန် မတူပေ။ ကျွန်တော်သာ ဦးလေးကိုမကြောက်ရလျှင် “တကယ်မိုက်တာ ဟိုကောင်မ မဟုတ်ဘူး။ ဦးလေးဗျ ဦးလေး” ဟု ပြောလိုက်မိပေမည်။
ဦးလေးသည် လေးတွဲ့စွာ သက်ပြင်းမှုတ်ထုတ်လိုက်ရင်း နံရံမှာချိတ်ထားသည့် ဒေါ်လေးရဲ့ဓာတ်ပုံနားက စိတ်ပုတီးကိုကိုင်ကာ ဘုရားခန်းထဲသို့ ၀င်သွားလေသည်။ ယခုမှပဲ ဘုရားကို ပြန်လည်သတိရဟန် တူ၏။
ယခုတော့လည်း ဘုရားတရားကို ဦးလေး မေ့သွားပြန်ပြီ ထင်သည်။ ထို့အတူ ဒုတိယမြောက်မိန်းမကိုလည်း သတိရဟန်မတူတော့။ တတိယမြောက်ကလေးနဲ့ ပျားရည်ဆမ်းခရီးသည် တစ်လခွဲလောက် ကြာသည်။
ကျွန်တော့်ဆီသို့ လက်ဆောင်ပစ္စည်းတွေပို့သည့် အသစ်စက်စက် ဇနီးမောင်နှံကို ဘယ်လိုဆုတောင်းပေးရမှန်း ကျွန်တော်မသိ။ ပင်လယ် ကမ်းခြေမှာ လေကောင်းလေသန့်တွေ ရှူရှိုက်လို့ အကြောအခြင်တွေ ပြေသွားသည်ထင့်။ ဦးလေးရဲ့ရုပ်ခန္ဓာသည် အတန်အသင့် နုပျိုနေသည်။ ဦးလေးက မော်တော်ကားထဲက မဆင်းပါ။
ထီးလင်းတိုက်ကို မင်္ဂလာဆွမ်းကပ်ဖို့ ကိစ္စအတွက် သွားစရာရှိသေးတာကြောင့်ဟု ပြောသည်။
ကျွန်တော်က ဦးလေးနဲ့ စကားပြောရင်း ဦးလေးရဲ့ တစ်ဖက်ခုံမှာထိုင်နေသည့် အဒေါ်တော်ရဦးမည့် အမျိုးသမီးကို အကဲခတ်လိုက်သည်။ ဦးလေး ကြိုက်မည်ဆိုလည်း ကြိုက်ချင်စရာ ဖြစ်ပါ၏။ မော်တော်ကားအတွင်းသို့ ကပ်သီးကတ်သတ် ၀င်လာခဲ့သည့် နံနက်ခင်း နေရောင် ခြည်များသည် ဦးလေးကတော်ရဲ့ နားနှစ်ဖက်က စိန်နားကပ်ကို ထင်းခနဲ ရှင်းခနဲ လင်းလက်သွားစေခဲ့သည်။ ဒါလည်း ဒေါ်လေးရဲ့ စိန်နားကပ်ပါပဲ။ ကျွန်တော် မှတ်မိသည်လေ။ ဦးလေးက အရောင်းအ၀ယ်အခြေအနေကို ကျွန်တော့်အားမေးသည်။ လုပ်ငန်းကိစ္စဘက်ရောက်သွားတာကြောင့် စကားအမျှင်က မပြတ်နိုင်။ အနားကမချောက ကျွန်တော်တို့နှစ်ယောက်ကိုကြည့်ရင်း စိတ်ရှည်တော့ဟန် မတူပေ။
“ကိုကို သွားကြစို့လေ။ ဘုန်းကြီးကျောင်းကပြန်ရင် စျေးချိုကိုလည်း သွားဦးမှာနော်” ဟု ဦးလေးရဲ့ ပေါင်ကိုပုတ်ရင်း သတိပေးလိုက်သည်။
“သြော်...အေးအေး၊ ကဲ... မောင်ညို၊ ဦးလေး သွားမဟေ့။ ဦးလေးဆီ လာခဲ့ဦးကွာ။ နောက်မှပဲ အလုပ်ကိစ္စအတွက် စကားပြောကြရအောင်”
ဦးလေးရဲ့အသံက ထူးထူးခြားခြား မြူးကြွလို့နေပါသည်။
ကျွန်တော်သည် စက်သံညက်ညောစွာနဲ့ လျှောခနဲ ပြေးထွက်သွားသည့် မော်တော်ကားလေးကိုပဲ ငေးမောကြည့်နေမိသည်။ ဟင်... ဒီတစ်ယောက်ကလည်း ကိုကိုလို့ ခေါ်နေပြန်ပါလား။ ဦးလေးသည် ကိုကိုဆိုတဲ့ အသံလေးကို အလွန်တရာမှ နား၀င်ချိုဟန် ရှိသည်။ အရင် ကိုကိုကတော့ သူ့ဆီ မှာ ၄ လပဲ ခံသည်။ ယခု ကိုကိုကတော့ ဘယ်နှလအထိ ခံလေမည်နည်း ကျွန်တော် မသိပါ။
တတိယမြောက် ကိုကိုက ဒုတိယက ကိုကိုထက်များ လက်သံပြင်းလိုက်လျှင်တော့ ဦးလေးခမျာ လန်ကွတ်တီ၀တ်ပြီး တောရိပ်ခိုဖို့ပဲ ကျန် တော့သည်။
“ဦးလေးရဲ့ ကိုကိုတို့ရယ် ကျွန်တော့်ဦးလေးအပေါ်မှာ တစ်ဆိတ်လောက် ကြင်နာသနားကြပါကွယ်” လို့ ရင်ထဲမှ ဆုတောင်းပေးရုံကလွဲလို့
ကျွန်တော်ကကော ဘာများတတ်နိုင်ဦးမည်နည်း။
ညိုထွန်းလူ
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၆၉၊ ဇူလိုင်လ၊ ၁၉၉၅။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar