အောင်ဝေး - ပုံပုံသာ
(မိုးမခ) မတ် ၇၊ ၂၀၂၂
ဒီမှတ်တမ်းမှာ
ငါတို့လှေ
ကမ်းမကပ်နိုင်သေးတဲ့
အလွမ်းဇာတ်ရှည်။
လှေဝမ်းတစ်ပြည့်
ပန်းတွေလား
အနမ်းတွေလား
မဟုတ်ဘူးပုံပုံသာ။
ယောတဘက်ကလေးခြုံလို့
တောကတက်ရွက်လေးတွေခူးလို့
သောကတွေခေါင်းပေါ်ရွက်လို့။
ဟိုး အနောက်ရိုးက
မိုးတွေညို့လာရင်
မျက်ရည်စို့ချင်တဲ့
ဆို့ဆို့နင့်နင့်
မြို့အမည်ခံထားတဲ့
ရွာအဆင့်လေးမှာ။
မွေးရာပါအညာဂုဏ်အသွေးနဲ့
ညိုရုံကလေးညို
အပျိုတွေရှုံးတဲ့ ပုံပုံသာ။
ပုံပုံသာဟာ
မယုံနိုင်ဘူး။
သူ့ရွာသိမ်လေးက
အိမ်ကလေးတွေ
သီးပင်စားပင်ကလေးတွေ
စပါးကျီပဲစည်ကလေးတွေ
သူတို့မွေးထားတဲ့
ကြက်ကလေးဝက်ကလေးတွေ။
သူ့မျက်စိရှေ့မှာတင်
ပြာငွေ့ရဲရဲ
မီးသွေးခဲဖြစ်ရပုံ။
ဒီကပ်ဘေးမျိုးကြီး
ပုံပုံသာ
မယုံနိုင်လည်း ကြုံရ တိုးရပြီရှင်။
ပုံပုံသာ
အချစ်ကိုရှာတယ်
အချစ်ကိုမတွေ့ပါဘူး
ပုံပုံသာ
စစ်ကိုပဲပွေ့ပိုက်လိုက်ရတယ်။
ကြင်စဦးက
ပျို့ဦးရင်ကို
ပုံပုံသာ
အပြစ်မတင်ရက်ပါဘူး။
ချစ်တဲ့သူက
ခေတ်ဆိုးငရဲမှာ
အိုးစားဖက်ကို
လိုက်လို့ရှာတယ်။
ညညဆို
အသက်ခိုးတဲ့
ငှက်ဆိုးတွေထိုးတယ်။
သေနတ်သံတွေ
တောလုံးညံတဲ့ည
မြစ်ယံမှာ
ရေဆန်စိုင်းလာတဲ့
လှိုင်းပုခက်ကလေး။
လှေပက်လက်ကလေးမှာ
သွေးတွေ၊ သွေးတွေ
သွေးတွေ။
ပုံပုံသာ
ရင်အုံကိုဖိ
မချိကဲတင်
ငိုပွဲဆင်ရှာတယ်။
အို သွေးစိမ်းရှင်ရှင်ငယ်လေ
မယ့်လင်သား။
မြစ်ညလမ်းမှာ
စစ်ကကြမ်းတော့
လှေကလေးကမ်းမကပ်နိုင်။
လှေဝမ်းထဲမှာ
ဒဏ်ရာအနာတရ
ကျမယောက်ျား
ပြောက်ကျားပါရှင်။
ကျည်ဆန်မိုးသည်း
မြစ်ရေထဲမှာ
ငရဲလားမဲ့
စစ်သားအလောင်း
တစ်လောင်းနှစ်လောင်း။
ပုံပုံသာ
ဘာကိုယုံရမှာတုံး
အချစ်ကိုလား
ခေတ်ကိုလား
စစ်ကိုလား။
ဒီမှတ်တမ်းမှာ
ငါတို့လှေ
ကမ်းမကပ်နိုင်သေးတဲ့
အလွမ်းဇာတ်ရှည်။ ။
အောင်ဝေး
(မတ် ၇၊ ၂၀၂၂)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar