ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၇)
(မိုးမခ) မတ် ၂၆၊ ၂၀၂၂
"ပြည့်အင်အားဟာ ပြည်တွင်းမှာသာရှိသည်" ဆိုတဲ့ အယူအဆဟာ ဒီကနေ့ နွေဦးတော်လှန်ရေးမှာ အလုံးစုံမမှန်တော့ပါဘူး။ "ပြည့်အင်အားဟာ ပြည်တွင်းပြည်ပက တိုင်းပြည်ချစ်သူတွေမှာ ရှိသည်" လို့ ပြောမှသာ ပြည့်စုံမှာ ဖြစ်ပါတယ်။ တောင်ပေါ်နေနဲ့ မြေပြန့်နေသူဆိုပြီး ခွဲခြားလို့မရသလို၊ ပြည်တွင်းနဲ့ ပြည်ပလည်း ခွဲခြားလို့မရတော့ပါဘူး။ အားလုံးရဲ့ အင်အားတွေ ပံ့ပိုးမှုတွေနဲ့ တော်လှန်ရေး ခရီးဆက်နေတာပါ။
တကယ်တော့ ဒီကနေ့ ပြည်ပနိုင်ငံအများအပြားကိုရောက်နေကြရတဲ့ မြန်မာပြည်ဖွား၊ မြန်မာနွယ်ဖွား အများစုက စစ်အာဏာရှင် ခေတ်အဆက်ဆက်ရဲ့ နှိပ်စက်မှု၊ တားဆီးပိတ်ပင်မှု၊ အခွင့်အရေးဆုံးရှုံးမှု စတဲ့အာဏာ ရှင်စနစ်ရဲ့ ဆိုးမွေတွေကို ခံစားရပြီး အကြောင်းမျိုးစုံကြောင့် မွေးရပ်မြေနဲ့ ဝေးကွာနေကြရတာဖြစ်ပါတယ်။ ဒီလိုထွက်ခွာခဲ့ရမှုတွေဟာ နှစ်ကာလပေါင်းများစွာ မသိမသာထွက်ခွာမှုတွေရှိနေခဲ့သလို လှိုင်းလုံးကြီးတွေလို အရှိန် အဟုန်နဲ့ ထွက်ခွာခဲ့ကြရတဲ့ကာလတွေလည်း ရှိခဲ့ပါတယ်။ စစ်အာဏာရှင်တွေလက်အောက် မြန်မာပြည်သမိုင်းမှာ အဲဒီလိုလှိုင်းလုံးကြီးတွေ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ပါတယ်။
ပထမဆုံး လှိုင်းလုံးကတော့ မြန်မာပြည်အာဏာရှင်စနစ်ရဲ့ ဖခင်ကြီး ဦးနေဝင်း လက်ထက်ပါ။ တော်လှန်ရေးကောင်စီ၊ တော်လှန်ရေးအစိုးရလို့ အမည်ပေးထားတဲ့ အာဏာရှင်စနစ်ကို စတင်ထူထောင်ပြီး နိုင်ငံရေးခေါင်းဆောင်တွေကိုဖမ်း၊ ပုဂ္ဂလိက စီးပွားရေးတွေကို ပြည်သူပိုင်သိမ်း၊ လုပ်ငန်းရှင်တွေကို ဖမ်းဆီးထောင်ချ စသဖြင့် မျိုးစုံ နှိပ်စက်ခဲ့ပါတယ်။ အဲဒီတုန်းက ပြည်သူပိုင်သိမ်းခဲ့တဲ့ လုပ်ငန်းပေါင်းများစွာ၊ စက်ရုံတွေ စီးပွားရေးအဆောက်အအုံပေါင်းများစွာဟာ အာဏာရှင်အဆက်ဆက်ရဲ့ လက်အောက်မှာ နိုင်ငံပိုင်၊ အစိုးရပိုင်တွေဖြစ်လာခဲ့ရာက စစ်တပ်ပိုင်တွေ၊ ဘယ်သူပိုင်လို့ ပိုင်မှန်းမသိတာတွေ ဖြစ်ကုန်တဲ့အထိ ကြုံခဲ့ရပါပြီ။
ဦးနေဝင်းရဲ့လက်ထက် နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး အသက်မွေးကျောင်းပညာရပ်တွေမှာ တားမြစ်ကန့်သတ်မှု အကြီးအကျယ်လုပ်တာလည်းရှိခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် အိန္ဒိယနွယ်ဖွား၊ တရုတ်နွယ်ဖွား မြန်မာများစွာဟာ နိုင်ငံခြားသားလို့ အမည်တပ်ခံရပြီး အလုပ်ဖြုတ်ခံရ၊ ကျောင်းသားစာရင်းက ပယ်ဖျက်ခံရတာ ခံခဲ့ရပါတယ်။ အမျိုးသားအကျိုးစီးပွားတို့၊ မျိုးချစ်စိတ်တို့ကို တွင်တွင်သုံးပြီး ဆိုရှယ်လစ်လူ့ဘောင်ကိုထူထောင်သလိုလိုနဲ့ မျိုးစုံ နှိပ်စက်ခဲ့တာဖြစ်ပါတယ်။
အဲဲဒီကာလအတွင်း တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ၊ မကျေနပ်မှု၊ ကျောင်းသားလှုပ်ရှားမှု စတဲ့အရေးကိစ္စတွေ ပေါ်ပေါက်လာခဲ့ရင်လည်း လူမျိုးရေးအဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းတွေ ဖန်တီးပြီး ပြည်သူအချင်းချင်း ရန်တိုက်ပေးခဲ့ပါတယ်။ ဒီလို အခြေအနေပေါင်းများစွာကြောင့် မြန်မာပြည်ဖွားတော်တော်များများဟာ တိုင်းပြည်ကိုစွန့်ခွာပြီး တိုင်းတပါးမှာ အခြေချခဲ့ရပါတယ်။ ဒါဟာ တိုင်းပြည်ကို စွန့်ခွာခဲ့ကြတဲ့ တနည်းအားဖြင့် လူသားအရင်းအမြစ်ဆုံးရှုံးခဲ့ရတဲ့ ဦးနှောက်ယိုစိမ့်မှု ပထမလှိုင်း ဖြစ်ပါတယ်။
ဒုတိယလှိုင်းက ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းကာလဖြစ်ပါတယ်။ ချမ်းသာတဲ့တိုင်းပြည်တစ်ခုကနေ ဖွံ့ဖြိုးမှုအနည်းဆုံး (LDC) တိုင်းပြည်အဖြစ် ဆွဲချခဲ့တဲ့ အာဏာရှင်စနစ်ကို သူတို့ရဲ့မျိုးဆက်တွေက အမွေဆက်ခံလိုက်တဲ့နောက်မှာ တိုင်းပြည်ကထွက်ခွာသူအရေ အတွက် ခေတ်အဆက်ဆက် အများဆုံးဖြစ်ခဲ့ရပါတယ်။ အာဏာရှင်တွေက ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်ရမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် အငတ်ဘေးကြုံပြီး အဆင်းရဲဆုံးတိုင်းပြည်တွေအဖြစ် နာမည်ကျော်ခဲ့တဲ့ အီသီယိုပီးယားနဲ့ ဆူဒန်လိုတိုင်းပြည်တွေကိုတောင် မြန်မာတွေက အလုပ်ကြမ်း သွားရောက်လုပ်ကိုင်ခဲ့ရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအပြီး ဖိနှိပ်မှု၊ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု၊ ကိုးလေးလုံးလှုပ်ရှားမှု၊ ဒီပဲယင်းလုပ်ကြံမှု၊ ရွှေဝါရောင်တော်လှန်ရေးကနေ ဒီကနေ့ နွေဦးတော်လှန်ရေးအထိ ပြည်တွင်းမှာနေမဖြစ်လို့ ထွက်ခွာခဲ့ရသူများဟာ ကမ္ဘာအနှံ့က တိုင်းပြည်အားလုံးနီးပါးမှာ ရှိနေပါတယ်။ ဒါတောင် နယ်စပ်တလျှောက်က ဒုက္ခသည်စခန်းမှာ နေထိုင်ကြရတဲ့ သိန်းနဲ့ချီတဲ့အရေအတွက် မပါသေးပါဘူး။
ကိုယ်ကျိုးစီးပွားပြည့်စုံမှုနဲ့ အာဏာရယူဖို့ပဲ အာရုံစိုက်တဲ့ အုပ်စိုးခဲ့သူများဟာ တိုင်းပြည်တိုးတက်မှုနဲ့ပတ်သက်လာရင် ပညာတတ်ရှားပါးမှု၊ ဦးနှောက်ယိုစိမ့်မှုဆိုတာတွေကို ဂရုမစိုက်ပါဘူး။ ဒါကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့မဆိုင်ဘဲ ပြည်ပကို ထွက်ခွာခဲ့ရတဲ့ လှိုင်းကြီးဟာလည်း တအိအိနဲ့ ကြီးမားလာပြီး ပြည်ပရောက်မြန်မာအများအပြားဟာ သူတို့မွေးဖွားခဲ့ရာတိုင်းပြည်ကို အဝေးက မျှော်ကြည့်နေကြရပါတယ်။
ဒီကနေ့ နွေဦးတော်လှန်ရေးကို ပြည်ပကနေ နိုင်ရာဝန်ထမ်းရင်း ကူညီပံ့ပိုးနေကြသူများဟာ အထက်ကပြောခဲ့တဲ့ လှိုင်းလုံးတွေနဲ့ ပြည်ပတိုင်းပြည်များကို ရောက်ရှိနေကြသူတွေပါ။ သူတို့အားလုံးလိုလိုမှာ အာဏာရှင်ခေတ်အဆက်ဆက်က ရရှိခဲ့တဲ့ဒဏ်ရာတွေ၊ အမာရွတ်တွေ ရှိပါတယ်။ ဒီလို ဒဏ်ရာမျိုးတွေ နောင်မျိုးဆက်တွေ မရဖို့ ပြည်တွင်းက ပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်နေကြတာဖြစ်ပါတယ်။
တနည်းအားဖြင့် အာဏာရှင်တွေက မောင်းထုတ်လိုက်တဲ့အင်အားစုတွေက အာဏာရှင်ကိုတော်လှန်တဲ့ အင်အားစုတွေအဖြစ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒီလူတွေဟာ မြန်မာပြည်မှာ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ၊ လွတ်လပ်ပြီး အေးချမ်းသာယာတဲ့ တိုင်းပြည်ပေါ်ပေါက်တဲ့အထိ ဝိုင်းဝန်းပါဝင်သွားကြမှာဖြစ်ပါတယ်။ အမှောင်တွေကုန်ဆုံးတဲ့အချိန်မှာ အလင်းရောင်ဆိုတာ ရောက်စမြဲပါ။
အခက်အခဲတွေ ကြုံနေရပေမယ့် အားငယ်ဖို့မလိုပါဘူး။ ငါတို့မှာ ငါတို့ရှိပါတယ်။ ။
ထိန်လင်း
၂၂၊ ၃၊ ၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar