ရဲသျှမ်း - ဆရာဆူးငှက်ရဲ့ နန်းတော်ရှေ့ကအသံ ဆောင်းပါးစုစာအုပ်ခံစား
ရဲသျှမ်း
(မိုးမခ) မတ် ၂၆၊ ၂၀၂၂
မန္တလေးသားတွေက ကိုယ့်မြို့ကိုချစ်တာမှာ သူများတွေထက်ပိုကြတယ်လို့ပြောရင် မန္တလေးသားကျွန်တော်ကတော့ ကျေနပ်တယ်။ သမိုင်းအစဉ်အလာနဲ့ ယဉ်ကျေးမှု၊ အနုပညာမြင့်မြင့်မားမားရှိတာကိုး။ မန္တလေးရဲ့အတိတ်တွေက ဆွတ်ပျံ့ဖွယ်၊ နာကြည်းဖွယ်၊ ပျော်ရွှင်ဖွယ်၊ ကြည်နူးဖွယ်၊ ထိတ်လန့်ဖွယ်တွေနဲ့ပြည့်နေတဲ့ဝတ္ထုကြီးတပုဒ်လို ဖြစ်တာပါ။
မန္တလေးရဲ့အတိတ်၊ အရိပ်တွေကိုဖမ်းဆုပ်ပြထားတဲ့စာအုပ်တအုပ် သည်ရက်ပိုင်းမှာထွက်လာပါတယ်။ ဆရာဆူးငှက်ရဲ့နန်းတော်ရှေ့ကအသံဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။ မန္တလေးရဲ့ရာဇဝင်ကိုတူးဆွရာမှာ နယ်ပယ်ပေါင်းစုံကို အရအမိရှာဖွေနိုင်တယ်လို့ဆိုရမှာပါပဲ။ မန္တလေးရဲ့အငွေ့အသက်တွေကို ဝတ္ထု၊ ဆောင်း ပါး၊ ဟောပြောချက်တွေနဲ့ ဆရာဆူးငှက်ဖြန့်ဝေပေးရာမှာ လူမှုကွန်ရက်ပေါ်ကဆောင်းပါးတွေကို စုစည်းထားတာ ၆၂ ပုဒ်တောင် ပါဝင်တယ်။
သမိုင်းဝင်အဆောက်အအုံတွေ၊ အထင်ကရဘုရားစေတီတွေ၊ အရုဏ်တော် အသင်းတွေ၊ မန္တလေးတက္ကသိုလ်သမိုင်း၊ မြို့ပြပြောင်းလဲမှု၊ ကျုံးမြို့ရိုး၊ ရိုး ရာရွှေဆိုင်း၊ လူထုသတင်းစာ၊ ဧရာဝတီ၊ မြို့မငြိမ်းသီချင်းတွေ၊ အငြိမ့်ခံစားမှု၊ ကျောက်တော်ကြီး ဘုရားပွဲတော်…..စတဲ့အကြောင်းအရာတွေမို့ မန္တလေးကိုသိချင်ရင်၊ မန္တလေးကိုလွမ်းတရင်၊ မန္တလေးနောက်ခံအနုပညာရပ်တွေကိုဖော်ကျူးမယ်ဆိုရင် သည်စာအုပ်က အများကြီးအထောက်အပံ့ပေးနိုင်တယ်လို့ ပြောချင်ပါတယ်။
ဆောင်းပါးစုဆိုပေမဲ့ တချို့အပုဒ်တွေက အက်ဆေးတွေ၊ ဝတ္ထုတွေဖြစ်နေလောက်အောင် ရသပါနေတာပါ။ (ကံမရှိဉာဏ်မရှိနှင့် ….နဲ့ ၁၉၈၀လွန်တစ်ဆစ်ချိုး…ဆိုရင် အက်ဆေးပါပဲ)။ တာရိုးစိမ့်ပေါက်တဆင့်…ဆိုရင် ဇာတ် ကောင်တွေနဲ့ ဖွဲ့သွားတဲ့ဝတ္ထုတပုဒ်ပါပဲ။ ၁၉၇၄ မြစ်ရေကြီးတဲ့အကြောင်းနောက်ခံ ဝတ္ထုလေးလို့ပြောချင်ပါတယ်။ကိုလိုနီအစိုးရကို “ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေ့မယ်” ဆိုတဲ့ မိန့်ခွန်းနဲ့ ရဲရဲတောက်ခဲ့သူ၊ ကျန် းမာရေးကိုပင်ဂရုမစိုက်နိုင်ဘဲ လွတ်လပ်ရေးကြိုးပမ်းခဲ့သူသခင်ဗဟိန်းအုတ်ဂူလေးမထင်မရှားဖြစ်နေတာကိုလည်း ဆရာဆူးငှက်ထောက်ပြတာဖတ်ရတော့ အမေ့လျော့ခံဖြစ်နေရသူတွေကို တွေးမိသွားပါတယ်။
မြန်မာမှုတွေကိုမမေ့ပျောက်ဖို့၊ ယဉ်ကျေးမှုအမွေအနှစ်တွေကိုထိန်းသိမ်းဖို့၊ အမှားတွေနဲ့ အသားကျမနေဖို့အပြင် သမိုင်းအမှန်တွေဖျောက်ဖျက်ခံထားရတာတွေကို ဆရာဆူးငှက်က အချက်အလက်စုံစုံနဲ့ရေးထားတာတွေလည်းဖတ်ရတဲ့အတွက် သည်စာအုပ်အတွက် စာဖတ်သူတို့ကျေနပ်မှာပါပဲ။
မြို့မငြိမ်းရဲ့ သီချင်းစာသားတွေလွဲမှားဆိုနေ၊ ရေးနေတာထဲက ရေချိုးဆိပ်မှာပါတဲ့အဘွားအိုက ဆပ်ပြာကိုဆဲတာမှာ ရေထဲကျလို့ဆယ်တာဆိုတဲ့ အလွဲယူနေကြတာနဲ့ တိမ်လွှာမို့မိုလွင်ကို မို့မို့လွင်လို့ဆိုနေ၊ ရေးနေတာတွေကို ရှင်းပြသွားတဲ့ ဆောင်းပါးတွေကလည်း အလွန်ပဲနှစ်သက်စရာကောင်းလှပါတယ်။ “နန်းတော်ရှေ့က အသံ” စာအုပ်ကမန္တလေးအကြောင်း Reference book လို့ ကျွန်တော်ကတော့ ပြောလိုက်ပါပြီ။
၁၉၈၀နောက်ပိုင်း အပြောင်းအလဲမြန်လွန်းတဲ့မန္တလေးကို ဆရာဆူးငှက် မျက်ခြည်မပြတ်ဘဲ အတိတ်ကိုအခြေခံ၊ ပစ္စက္ခနဲ့သုံးသပ်ယှဉ်ပြီး အကျိုးအပြစ်ကို ထုတ်ဖော်ရေးဖို့တိုက်တွန်းခဲ့တဲ့အမေလူထုဒေါ်အမာရဲ့စာပေကျေးဇူးကို ဆရာဆူးငှက် သည်စာအုပ်နဲ့ဆပ်နိုင်ခဲ့ပြီလို့ မုဒိတာစကားဆိုလိုက်ပါတယ်ဆရာဆူး။
ရဲသျှမ်း
၂၀၂၂ မတ် ၂၅
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar