နေသွင်နိုင်း - ရေယောင်ဆောင်ခြင်း
ရေယောင်ဆောင်ခြင်း
နေသွင်နိုင်း
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၂
ချစ်သူရဲ့ဆံသားပေါ်
တယောထိုးနေတဲ့လေပြည်လေးဖြစ်ချင်တာက ရှင်သန်မှုစိုက်ခင်းတချပ်ပါ
တကယ်ဆို
လေထုထဲ ပျံသန်းနေတဲ့ငှက်လို
ငါတို့ရုပ်နာမ်နေထိုင်မှုအခင်းအကျင်းများ
မှန်စီရွှေချထားတဲ့မြစ်မှာ တောက်ပနေရမှာ။
တကယ်ဆို
ဒီလူလွန်မသားများ ကွန်ဒုံးအိတ်ထဲသန္ဓေပျက်ခဲ့ရင်
အာရှကျားလည်း ငါတို့ဖြစ်နိုင်တာ။
ကိုယ့်အရိုးကိုယ် မသယ်နိုင်တော့တဲ့
နိုင်ငံတော်ကြီးမှာ
နေရောင်ကိုကြည့်တဲ့အခါ အရသာ ရှိချင်တဲ့စိတ်နဲ့
တစ်နေ့သောအခါ
တံတားအောက်အိပ်စက်နေတဲ့
အိပ်မက်စိုက်ခင်းများအတွက်
ထမင်းမိုးများ ရွာပါစေ
စိတ်ကူးများ မြစ်လိုကူးလို့
မိသားစုဖျော်ရည်သောက်ချင်ရုံ
စိတ်အတွင်းသားတခက်ပါ။
သွေးနဲ့ယမ်းနံ့သင်းနေတဲ့မိစ္ဆာခေတ်မှာ
အသံမစုံတဲ့ ဂီတ
အဖော်မစုံတဲ့ ထမင်းပွဲ
နှုတ်ဆက်လက်စ ချစ်ခြင်းမေတ္တာ
စိုက်ပျိုးလက်စအိပ်ရာ မနိုးထမီ
အသည်းလည်းမကွဲ လမ်းလည်းခွဲခဲ့ကြ
အိမ်ရှေ့ စံပယ်ရုံလေး ရဲခနဲ့ ပွင့်ဝေသွားခဲ့တယ်။
ရေဒီယိုမှာ မဖတ်
သတင်းစာမှာ မပြော
ရုပ်သံမှာ မမြင်ကြား
ခုတ်ဓားတစ်ချာင်းလို ဓမ္မကို ဆုပ်ကိုင်လို့
အညတရပန်းပွင့်များ
တောအုပ်တောင်တန်းလူငယ်များ
သေခြင်းတရားကို ရယ်မောသန့်စင်ပစ်ကြတယ်။
အရေးမကြီးဘူးဆိုလည်း အရေးမကြီး
အရေးကြီးတယ်ဆိုလည်း အရေးကြီးတယ်။
အဆင်ပြေလားမေးရင် မပြေဘူး
အဆင်ပြေလားမေးရင် ပြေတယ်
ရေလို နေထိုင်ကြတော့တယ်။ ။
16/4/2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar