မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၃ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၃ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၂
ဧပြီလ ၂၃ ရက် - မြဝတီ ချစ်ကြည်ရေးတံတားထိပ်က ဗုံးပေါက်ကွဲမှု၊ ယခင်အစိုးရအဖွဲ့ဝင်တွေကို နှစ်ရှည်ထောင်ဒဏ်အပြစ်ပေး
ဧပြီလ ၂၃ ရက်နေ့ ည၁၀ နာရီကျော်က မြဝတီမြို့ သောင်ရင်းမြစ်ကမ်းနံဘေးက နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ထိပ်မှာ ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး အဆောက်အဦ ပျက်စီးခဲ့ပေမယ့် ဒဏ်ရာရသူ အသက်ဆုံးရှုံးမှု ရှိတဲ့ သတင်းတော့ မကြားသိရပါဘူး။
ပေါက်ကွဲမှုက ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေထက် ပြင်းထန်တဲ့ပေါက်ကွဲမှု ဖြစ်ပုံရပါတယ်။ အနီးက ကား၂ စီးပျက်စီးသွားတယ်လို့ သတင်းတွေထဲ ပါရှိပါတယ်။ ချစ်ကြည်ရေးတံတားနဲ့ မြဝတီမြို့ တံတားအနီးရပ်ကွက်က ဆက်စပ်တည်ရှိနေပြီး နေအိမ်မှန်တွေ ကွဲသွားတာလည်း သတင်းတွေမှာ တွေ့ရပါတယ်။
ဖောက်ခွဲမှုက ဘယ်သူ့လက်ချက်လဲတော့ မသိရှိရသေးပါဘူး။ ကေအန်ယူ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ လေးကေ့ကော်တဝိုက် ဝေါ်လေတဝိုက် တိုက်ပွဲတွေ ဖြစ်ပွားလို့၊ ရင်ဆိုင်နေရာယူထားကြတဲ့အချိန်မှာ မြဝတီမြို့ထဲက ချစ်ကြည်ရေးတံတားထိပ်မှာ အခုလိုပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မြဝတီမြို့က စစ်ကောင်စီက ထိန်းချုပ်ထားတဲ့နယ်မြေ ဖြစ်ပေမယ့်လည်း ကေအန်ယူဘက်ကလည်း ဝင်ထွက်သွားလာနိုင်တဲ့ မြို့ဖြစ်ပြီး ထိုင်း-မြန်မာကုန်သွယ်ရေးရဲ့ အဓိကအကျဆုံး ကုန်သွယ်မြို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မြို့တွေမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေမှာ အသက်ဆုံးရှုံးမှုတွေ အခါအားလျော်စွာရှိပေမယ့် များသောအားဖြင့် အရပ်သားထိခိုက်မှု နည်းအောင်အရပ်သားတွေ များပြားတဲ့နေရာ များပြားတဲ့ အချိန်တွေကို ရှောင်ပြီး လုပ်ဆောင်ကြတာမျိုး တွေ့ရလေ့ရှိပါတယ်။
ကရင်ပြည်နယ်၊ ကေအန်ယူတပ်တွေ လှုပ်ရှားတဲ့ အချို့သော မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းက ဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတာမို့လို့ မြို့ပေါ်မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားလာတာလို့ ယေဘုယျအားဖြင့် ကောက်ချက်ချရမယ် ထင်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတွေကတော့ NLD အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်တိုင်း ဝန်ကြီးချုပ်တချို့ကို ခုရက်ပိုင်း နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်က ဝန်ကြီးချုပ်ဖြစ်သူနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို အဂတိလိုက်စားမှု ပုဒ်မနဲ့ အမှု ၄ မှု တမှုကို ၃ နှစ်စီနဲ့ ၁၂ နှစ် ချမှတ်ခဲ့ပြီး အခြားပြည်နယ် ဝန်ကြီးတွေကိုတော့ ၃ နှစ်ကနေ ၉ နှစ်အထိ ချမှတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းက ဝန်ကြီးချုပ်တွေလည်း အသီးသီး ထောင်ဒဏ်ချမှတ်ခံထားရပြီး ဖြစ်သလို အချို့က အခြားအမှုတွေ ဆက်လက်ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာ အမိန့်ချခံရတဲ့ ပြည်ထောင်စုဝန်ကြီး ၂ ဦးကတော့ ဆောက်လုပ်ရေး ဝန်ကြီးဟောင်း ဦးကျော်လင်းနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့လည်း ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံရပါတယ်။
ဦးကျော်လင်းက အန်အယ်လ်ဒီလက်ထက် မတိုင်ခင်ကတည်းက ရာထူးကြီးဝန်ထမ်းဖြစ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့လို့ အခုလို NLD ပါတီ ကိုယ်စားလှယ် ဖြစ်ခဲ့တာအပေါ် အငြိုးထားပြီး နှစ်ရှည်ပြစ်ဒဏ် ချမှတ်တာလို့ ယူဆနိုင်ပါတယ်။ အဂတိလိုက်စားမှုပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနက အခြားသော ညွှန်ချုပ်ဟောင်း ၃ ဦးလည်း ထောင်ဒဏ်ချမှတ်ခံရပါတယ်။
အခြားပြည်ထောင်စုဝန်ကြီးတဦးဖြစ်တဲ့ ဦးသောင်းထွန်းကိုလည်း အဂတိလိုက်စားမှု ပုဒ်မနဲ့ပဲ ထောင်ဒဏ် ၉ နှစ် ချမှတ်ခြင်း ခံရပါတယ်။
ဒီလို နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်ခြင်းဟာ ဥပဒေပိုင်းအရ အပြစ်ရှိတယ်ဆိုတာထက် အာဏာသိမ်းဖြုတ်ချခံလိုက်ရတဲ့ NLD အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းတာကို ဥပဒေနဲ့ အညီလုပ်တာလို့ သက်သေပြဖို့အတွက် တရားရုံးတွေ တရားစွဲအဖွဲ့အစည်းတွေကို စစ်ကောင်စီက ခိုင်းစေညွှန်ကြားတာလို့သာ အများက ယူဆထားကြတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar