Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၄ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၂ လ ၄ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၅၊ ၂၀၂၂


ဧပြီလ ၄ ရက်  - နိုင်ငံခြားငွေ အကျပ်အတည်းလား ငွေလဲနှုန်းထိန်းချုပ်ချင်တာလား


စစ်ကောင်စီ အစိုးရရဲ့ ဗဟိုဘဏ်က ဧပြီလ ၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်က ပြည်ပမှ နိုင်ငံခြားငွေ ဝင်လာတာနဲ့ ၂၄ နာရီအတွင်း ဗဟိုဘဏ် သတ်မှတ်နှုန်းထား (ဒေါ်လာဆိုခဲ့ရင် ၁ ဒေါ်လာ ၁၈၅၀ ကျပ်) နဲ့ ပြည်တွင်းကျပ်ငွေ အကောင့်ထဲကို နေ့ချင်းပြောင်းပေးမယ့် အမိန့်ဖြစ်ပါတယ်။ 

စစ်ကောင်စီလက်ထက်မှာ ခု အမိန့်မတိုင်ခင် တလအတွင်း မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲဖို့ အမိန့်တရပ် ထုတ်ခဲ့တာ ဖြစ်ပြီးအခုအမိန့်ကတော့ မိမိနှစ်သက်ရာ အကောင့်တခုကို လွှဲပြောင်းတာတို့ ရက်ပိုင်း သီတင်းပတ်ပိုင်း အကောင့်ထဲထားတာတို့ လုပ်ခွင့်မရှိတော့ပဲ ၂၄ နာရီအတွင်း မြန်မာကျပ်ငွေကို ဗဟိုဘဏ်နှုန်းနဲ့  ပြောင်းလဲခိုင်းတာပဲ ဖြစ်ပါတယ်။ 

ဒီအမိန့်ကို ဘာကြောင့်ထုတ်ရတာလဲ လို့ ခန့်မှန်းချက်တွေ အမျိုးမျိုးရှိနိုင်ပြီး သေချာတာတခုကတော့ နိုင်ငံခြားငွေ လိုအပ်ချက်များလာတာ ၊ လက်ရှိ စစ်ကောင်စီဗဟိုဘဏ်အနေနဲ့  ပြည်ပက ဝင်လာတဲ့နိုင်ငံခြားငွေတွေ ပမာဏ လျော့နည်းလာတာ သို့မဟုတ် အသုံးနဲ့ အရ မမျှတာကြောင့် ဝင်လာသမျှကို ချက်ခြင်းလဲဖို့ အမိန့်ထုတ်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ 

ဒီလိုအမိန့်က စျေးကွက်ကို ဘာတွေရိုက်ခတ်နိုင်မလဲ နိုင်ငံခြားငွေနဲ့ ဝယ်ရတဲ့ ကုန်စည်တွေ စျေးနှုန်းမြင့်တက်လာနိုင်သလား စိုက်ပျိုးရေး ပို့ကုန်တွေ ရတဲ့တန်ဖိုး လျော့ကျသွားနိုင်သလား စတဲ့ အကျိုးဆက်တွေက မရှင်းလင်းသေးပေမယ့်လည်း အခုလို လုပ်ရပ်ဟာ စျေးကွက်ကို ဝင်ရောက်စွက်ဖက်တာ အမိန့်တွေ ထုတ်ချင်သလို ထုတ်ပြီး စျေးကွက်ကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ လုပ်ဆောင်မှု တခုသာဖြစ်ပြီး  စိုးရိမ်မှုတွေ မြင့်တက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ 

အခု လုပ်ရပ်က နိုင်ငံခြားငွေ ပြတ်လပ်တဲ့ အကြောင်းကြောင့်လုပ်တာလား၊ မြန်မာငွေ တန်ဖိုးကျနေတာကို ထိန်းချုပ်ချင်လို့ ငွေလဲနှုန်းတခု သတ်မှတ်ပြီး ဒေါ်လာကစားတာ မလုပ်နိုင်အောင် ထိန်းချုပ် ကိုင်တွယ်တာလားဆိုတာ မရှင်းလင်းသေးပါဘူး။ 

ခု လပိုင်းမှာ တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ သီရိလင်္ကာနိုင်ငံမှာ နိင်ငံခြားငွေ ပြတ်လပ်ပြီး လောင်စာဆီ မတင်သွင်းနိုင်လို့ သူ့နိုင်ငံမှာ လျှပ်စစ်မီးကို တရက် ၁၃ နာရီဖြတ်တောက်ရတာတွေ ဖြစ်ပေါ်ပြီး နိုင်ငံရေးအကျပ်အတည်း ဆိုက်ကာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နှုတ်ထွက်ကြကာ အရေးပေါ် အခြေအနေ ကြေညာရတဲ့ အနေအထားမျိုးရောက်နေပါတယ်။ 

ဒီလို သာဓကကို ကြည့်ပြီး မြန်မာနိုင်ငံအနေနဲ့ သီရိလင်္ကာလို မကြုံရအောင်  စစ်ကောင်စီအနေနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားငွေတွေကို ထိန်းချုပ်ပြီး မြန်မာကျပ်ငွေနဲ့ လဲလှယ်ခိုင်းတာလား လို့ စဥ်းစားစရာလည်း ရှိပါတယ်။ 

အကယ်၍ နိုင်ငံခြားငွေ ပြတ်လတ်ခဲ့တာမျိုးဆိုခဲ့ရင် ဇိမ်ခံပစ္စည်းလို့ ဆိုနိုင်တဲ့ အိမ်စီးကား၊ အရက်၊ စတဲ့ ကုန်ပစ္စည်းတွေ တင်သွင်းခွင့် ပိတ်ပင်တာမျိုးလည်း လုပ်ကောင်းလုပ်နိုင်ပါတယ်။ သို့မဟုတ်ပဲ ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားတာသက်သက်ဆိုရင်တော့ ဇိမ်ခံပစ္စည်းတင်သွင်းတာမျိုးတွေကို တားမြစ်တာမျိုး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။ 

ခုချိန်ထိတော့ စစ်ကောင်စီအနေနဲ့ ပြည်ပမှတင်သွင်းတဲ့ ကုန်ပစ္စည်းအမျိုးအမည်တွေနဲ့ ပမာဏကို ပိတ်ပင်တာ ကန့်သတ်တာ မတွေ့ရသေးပါဘူး။ တပတ်ရစ်ကားတင်သွင်းမှု ကားအသစ် တင်သွင်းမှုမှာလည်း တဦးချင်းပါမစ် လျှောက်ထားတာကို စစ်အာဏာသိမ်းအပြီး ပိတ်ပင်ခဲ့တာရှိပြီး ကုမ္ပဏီတွေအနေနဲ့ ခုချိန်ထိ တင်သွင်းခွင့် ရှိနေကြတာလည်း တွေ့ရပါတယ်။ 

စစ်ကောင်စီအနေနဲ့  စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံခြားကနေ ဝင်လာတဲ့ငွေကြေးတွေကို သတိထားစောင့်ကြည့်တာတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အန်ဂျီအိုတွေ သံရုံးတွေ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေက စီဒီအမ် လှုပ်ရှားမှု၊ ဆန္ဒပြလှုပ်ရှားမှုကို ထောက်ပံ့တာမျိုး ရှိမရှိ စောင့်ကြည့်နေပြီး ပုဂ္ဂလိက ဘဏ်တွေကို သတ်မှတ်ငွေပမာဏတခုထက်ပိုများတဲ့ ပြည်ပက ငွေပေးငွေယူကိစ္စတိုင်း ဗဟိုဘဏ်ကို သတင်းပို့ဖို့ ညွှန်ကြားချက်တွေ ရှိနေပြီး လက်တွေ့မှာလည်း စောင့်ကြည့် မေးမြန်းတာတွေ လုပ်နေတာတွေ့ရပါတယ်။ 

စစ်ကောင်စီရဲ့ အခုလို ထိန်းချုပ်မှု စျေးကွက်ကို ဝင်စွက်ဖက်မှုတွေက အရင် နဝတ၊ နအဖ စစ်အစိုးရခေတ်က ထိန်းချုပ်မှုတွေ ကန့်သတ်မှုတွေကို ပြန်အမှတ်ရစေပြီး ရင်းနှီးမြှုပ်နှံသူ ကုန်သွယ်မှု လုပ်ငန်းလုပ်ကိုင်သူတွေအားလုံးကို စိုးရိမ်မှု မြင့်တက်စေကာ စျေးကွက်မှာ စိုက်ပျိုးရေးထွက်ကုန်တွေ ဂယက်ရိုက်ပြီး စျေးနှုန်းအနည်းငယ် ကျဆင်းတာတွေ ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar