ဘိုလ်တောကျော်(ကနီတောရ) - ပို့စ်ပို့စ် မော်ဒန်ဘွဲ့တဆိပ်တော်အပ်နှင်းသဘင်
ပို့စ်ပို့စ် မော်ဒန်ဘွဲ့တဆိပ်တော်အပ်နှင်းသဘင်
ဘိုလ်တောကျော်(ကနီတောရ)
(မိုးမခ) ဧပြီ ၁၉၊ ၂၀၂၂
တခါက ပျူဝဋ်တိုင်း ဗြဟ္မဝဋ်နိုင်ငံ ကြပ်ပြေးနေပြည်တော်မှာ ‘ဘာဘာမသိမင်းကြီး’ စိုးစံတော်မူသတဲ့။ ဘာဘာမသိမင်းကြီးဟာ အမတော်‘ဧက္ကရီ’ ဘုရင်မကို ထီးနန်းချထောင်သွင်းအကျဉ်းထားပြီး မင်းလုပ်အုပ်ချုပ်ခဲ့သူပေါ့။ သူကိုသူလည်း “ဘာမဆိုလုပ်ရဲသူလို့” ကြွေးကြော်ခဲ့တာကြောင့် သူမိခင်နဲ့သူ့ယောက္ခမတွေလည်း အနားမကပ်ရဲ ဝေးဝေးကရှောင်နေရသတဲ့။ ခယ်မတွေ၊ မရီးတွေလည်း ထိုနည်းတူပေါ့။ အဲ့လို လူတွေရွံ့တဲ့ဘုရင်ပေါ့။
အဲ့ဒီဘာဘာမသိမင်းကြီးအုပ်ချုပ်ပြီးမကြာမီမှာပဲ ‘ဗုဒ္ဓဘာသာ ကညာနုလှ’ အသင်းဥက္ကဌကြီးက ‘အရိမတေးယျ’ ဘုရားလောင်အဖြစ် ဗျာ ဒိတ်တော်ချတောမူသတဲ့။ အဲ့ဒီအချိန်ကစပြီး ဘာမဆိုလုပ်ရဲတဲ့ ဘာဘာမသိမင်းကြီးဟာ ‘အရိမတေးယျ’ ဘုရားလောင်းဖြစ်တာနဲ့အညီ သူ့ဘေးမှာ ရသေ့ကြီး ‘ပူတဂူ’ နဲ့ ‘အာပိတ်အောက်လမ်းစရာကြီး’ တို့ကို မင်းစေမဟာထေရ်ကြီးများအဖြစ် ခစားစေတာပေါ့။ ဘုရားလောင်းထံပါးမှာ ဝိနည်းဖြိုမယ့်သူ လိုပေသကိုး။
တနေ့သောညီလာခံအချိန်မှာတော့ အရိမတေးယျဘုရားလောင်းတော်ကြီး ဘာဘာမသိမင်းကြီးဟာ အလေးအနက်စဉ်းစားပြီး ငယ်ကျွန်ကြီးဖြစ်တဲ့ ကြွက်ပျင်းစိုးဝင်း၊ အောက်လီးဂွေး၊ ဇော်မဲလုံးတို့နဲ့ တိုင်ပင်တော်မူတယ်။
“ငါ၏ထံပါး အမြဲခစားတဲ့ သူများလက်ကျမယားယူထားတဲ့ အမောင်ကြွက်ပျင်း တပည့်ကျော်, စိုးဝင်း” လို့ခေါ် လိုက်တော့ ကြွက်ပျင်းစိုးဝင်းလည်း ပျာပျာသလဲ သည်းထိတ်ပိုမို ကြာမူခိုမျက်နှာပေးနဲ့ ....
“လေးကျွန်တမြင့်မိုရ် ရေကထုမြေကထု စကြ်ာဝဠာတလွှားပြိုင်စံရှားပါတဲ့ လူသားအကျိုးဆောင် အရိမတေး ယျဘုရားအလောင်း သူတော်မြတ်ကြီးဘုရား။ အရှင်လိုရာဆန္ဒ နုတ်မြွက်ဟလို့ ထွေးတော်မူပါ။ အရှင်တံတွေး ဩဇာအောက်မှာ ကြွက်ပျင်းကျွန်ုပ် နာခံရန်ရောက်ရှိနေကြောင်းပါဘုရား” လို့ ဒူးတုတ်လက်အုပ်ချီ ခစားလျောက်တင်အပြီးမှာတော့ အရိမတေးယျအလောင်းတော်ဟာ ငယ်ကျွန်များကို တစိမ့်စိမ့်ကြည့်ရင်း…
“အိမ်း ငါကိုယ်တော်မြတ်၊ ထီးဖြူအုပ်မိုး မင်းစိုးခဲ့သည်မှာ တနှစ်ကျော်ရုံမက ဘာနုရာဇာသည်ပင် ငါ့ကိုဖက်ပြိုင် မနိုင်ဂုဏ်ရှိန် မထွန်းပနိုင်သည်မှာ အတာကျူးလို့ နှစ်ကူးလာပါပေါ့လားကွယ်ရို့။ ငါကိုယ်တော်မြတ် ပါရမီဖြည့်ကျင့်ခဲ့တာ ကပ်ကမ္ဘာများစွာရှိခဲ့ပြီ။ ဤဘဒ္ဒကမ္ဘာမှာတော့ အဘယ်ကပ်ကမ္ဘာမှာမှ မလုပ်ဖူးသေးတဲ့အပြင် ဘယ်ဘုရားအလောင်းမှပြုကျင့်တော်မမူတဲ့ တမူထားခြား ဆုဘွဲ့တော်များနဲ့ချီးမြှင့် ဂုဏ်တင့်စေချင်စမ်းပါဘိတော့တယ်” လို့ဆိုလိုက်တော့ ကြွက်ပျင်းစိုးဝင်း၊ အောက်လီးဂွေးနဲ့ အချော့တော်ဗာလအမတ် ဇော်မဲလုံးတို့အားလုံးကလည်း သူ့ ထက်ငါစောလျင်စွားဘဲ…
“ရွှေဘောတော်မြတ်အတိုင်ပါဘုရား” လို့ သံပြိုင်ညီညီ သံတော်ဦးတင်လိုက်ကြသတဲ့။ ဒီလိုနဲ့ ဘယ်ဘုရား အလောင်းတော်မှ ဘုရားမဖြစ်ခင် ဘွဲ့တဆိပ်ကပ်နှင်းမရှိသေးတာကို ဂုဏ်တင့်နိုင်ဖို့ တာဝန်ခွဲယူတော်မူလိုက်ကြတယ်။ သာသနာတော်နှစ် ၂၅၆၆၊ မြန်မှာနှစ် ၁၃၈၄၊ ခရစ် သက္ကရာဇ် ၂၀၂၂မှာ အရိမတေးယျဘုရားအလောင်းတော် သတိုးမဟာသရေစည်သူ ဘာဘာမသိမင်းကြီး၏ လက်မှတ်တော်ခတ်နှိပ်ပြီး ဘွဲ့တဆိပ်တော်ရ တပည့်သာဝက စာရင်းကိုထုတ်ပြန်လိုက်ပါတော့တယ်။
ဒီလိုနဲ့ တနေ့သားမှာတော့ ဗြဟ္မဝဋ်နိုင်ငံတော်ရဲ့ ကြပ်ပြေးနေပြည်နေပြည်တော်ကြီးမှာ စည်ကားသိုက်မြိုက်စွာနဲ့ ဘွဲ့နှင်းသဘင်ဆက်ကပ်ပွဲကြီးကျင့်ပပါတော့တယ်။ ဗြဟ္မဝဋ်နိုင်ငံတော်မှာတော့ ကြီးကျယ်အခန်းနားဆုံးပွဲ တော်ကြီးပေပဲ။ စင်မြင့်ထက်မှာတော့ ပျော်တော်ဆက်ဗာလအမတ်ကြီး ဇော်မဲလုံးက အခန်နားမှူးပေါ့။ အခမ်းနားစတင်ကြောင်းကို ဗာလပညာရှိအမတ်ကြီး ဇော်မဲလုံးက စတင်ကြေညာလိုက်တာက…
“ရေထုမြေထု၊ ပယင်းဒုတ္ထာ၊ မြေရှားသတ္တု၊ကျောက်စိမ်း၊ ရွှေတွင်းငွေတွင်း၊ မြေတွင်းမြေပေါ် ဦးပိုင်၊ မောင်ပိုင် သက်ဦးပိုင် တုပြိုင်ဖက်ကင်း ငရဲတွင်းမကျန် အဝီဇိဂျိုးကပ် အဖိုးမဖြတ်နိုင်တော်မူထသော အလောင်းတော် အရိမတေးယျသခင် အရှင်သူမြတ်ကြီးဘုရားတော်၏ ပိုင်နက်နယ်တွင်း ဗြဟ္မဝဋ်ပြည် ကြပ်ပြေးနေပြည်တော်ကြီး၌ အသျှင်သူမြတ်ရွှေဘောတော်အလိုကျ ဆုလဒ်သကာ ဘွဲ့တော်များချီးမြှင့်ပေးသနားတော်မူသည့် နုတ်ကမ္ဗတ်စာရင်းဆက်သွင်းရမည်ဆိုပါလျှင်….။ (ခနနား၍ တံတွေးမြို) ဆက်လက်ဖတ်ကြား…
"ကနဦးစွာဆုဘွဲ့တဆိပ်ရှင်မှာ ‘တထာဂတ’ ခေါ် ‘ရှင်ကြီးဂေါတမ’ ခေါ်တွင် ‘ဗုဒ္ဓကိုယ်တော်မြတ်’ အား “တရားဟော “အဂ္ဂမဟာဧတဒဂ္ဂ” ဘွဲ့တဆိပ်ချီးမြှင့်မည်ဖြစ်ကြောင်းပါ။ တထာဂတမည်တွင်ရှင်ကြီးဂေါတမမှာ မတက်ရောက်နိုင်ပါသောကြောင့် တထာဂတခေါ်ရှင်ကြီးဂေါတမကိုယ်စား ‘ရုရှားပြန် ပူတဂူကိုယ်တော်’ မှ လက်ခံရယူရန် ‘အတုမရှိမဟာမင်္ဂလာမဏ္ဏပ်တော်ကြီးစင်မြင့်ထက်သို့ကြွချီပါရန်ပါအရှင်အား ဖိတ်မန်တကပြုပါ၏ဘုရား” လို့ ဆိုလိုက်တော့ ရုရှားပြန်ပူတဂူကိုယ်တော်လည်း အလောင်းတော်မင်းတရားက ရိုကျိုးဦးခိုက် ‘ဆလုရိုက်’ ပြီး ဆုဘွဲ့တဆိပ်တော်ကို ရှင်ကြီးဂေါတမကိုယ်စား ဝင့်ကြွားစွာတက်ယူတော်မူလေသတဲ့။
“ဒုတိယမြောက်ဆုဘွဲ့တော်ကိုချီးမြှင့်ခံရသူကတော့ နှစ်ပေါင်း ၂၅၆၆ နှစ်တိုင်သည်အထိ တထာဂတမည်တွင် ရှင်ကြီးဂေါတမရှင်၏ တရားတော်များအား ချဲ့ကားပြုပြင် ထေရအသွင်သို့ သွတ်သွင်းစီရင်တော်မူသော ဒေဝါဠီ သီဟို ‘အရှင်မဟာဗုဒ္ဓဂေါဿ’ အား တသက်တာစာပေဆုဘွဲ့ချီးမြှင့်မည်ဖြစ်ပါတယ်။ သီဟိုမှာ မဟာဒေဝါဠီအချိန် ခါသမယကြောင့် ကြွမြန်းခြင်းငှာမစွမ်းသာသဖြင့် ‘စင်္ကာပူရပြန် သျှင်စေကိနဒေဝဒတ္ထ’မှ ဘွဲ့တော်ဆုကိုကြွရောက် ယူတော်မူပါရန် သားသားတို့မှဂါရပြုဖိတ်ခေါ်ပါသည်။ အတုမရှိမဟာမင်္ဂလာမဏ္စပ်တော်စင်မြင့်ထက်သို့ ကြွချီ တော်မူပါကုန် လော့…” ဆိုတဲ့အော်စပီကာကြေညာသံကြားသနဲ့ ‘အသျှင်စေကိနဒေဝဒတ္ထ’ လည်း ကပိုကယိုသင်္ကန်းတော်ကို အသာရုံလို့ အရိမတေးယျအလောင်းတော်ကို ဦးခိုက်အရိုသေ ‘ဆလုရိုက်’ ပြီး ဆုတက်ယူသတတ်။
ဒီလိုနဲ့တယောက်ပြီးတယောက်ဆုတက်ယူလို့ပြီးတော့ အချို့ပရိသတ်ရဲ့မကျေပ်သံအချို့ထွက်ပေါ်လာတယ်။ “ဘာလို့ ဗြမ္မာကြီးလေးဦးကိုတော့ ဆုဘွဲ့တဆိပ်မပေးသလဲ။ ဒီအပြင် ‘ဝိသာခါကျောင်အမ’ ကိုလည်း ဘွဲ့တဆိပ်တော်အပ်နှင်းပြီးကာမှ ပြန်လည်ရုတ်သိမ်းတာလည်းမကောင်းဘူး။ ဟုတ်တယ်။ ဒါကတော့ အရိမတေးယျအလောင်းတော်တမရားဘူး” ရယ်လို့ ပြောဆို ကြွက်ဆုကြွက်ဆူ ဝိဘစ္ဇပြုနေကြလေရဲ့။
မည်သို့ပင်ဆိုစေကာမူ ကျေဇူးတင်စကားကို အားလုံးကိုယ်စား ရုရှားပြန် ပူတဂူကိုယ်တော်က ပြောကြားရမှာ ဖြစ်တယ်။ ပူတဂူကိုယ်တော်ဟာ အရိတဒေးယျအလောင်းတောကို ‘ဆလုရိုက်’ ဂရုဓမ္မပြုပြီး မဏ္ဏပ်တော်ထက် ဝင့်ဝင့်ကြွားကြွား ထည်ထည်ဝါဝါတက်လိုက်တယ်။ ရောက်တာနဲ့မိုက်ကရိုဖုန်းကို အသံစမ်းပြီးသကာလ “ကျေး ဇူးဥပကာတင်ကြောင်းတရားတော်” ကို ဟောကြားတော်မူလေသတဲ့။
သူ့တရားအနှစ်ချုပ်ကတော့ သူတထူးရဲ့ကျေးဇူးကိုသိတတ်ကြဖို့။အလောင်းတော်မြတ်ကြီးဟာ ဂရုဏာတရားရှေ့ထားပြီး ဆုဘွဲ့တော်များချီးမြှင့်တော်မူတာကို ကျေးဇူးရှင်အပေါ်မပြစ်မှားမိကြဖို့။ ကျေးဇူးရှင်ကို ဆန့်ကျင်တော်လှန်ကြတဲ့ မြန်မာပြည်သူပြည်သားသန်း ၅၀ ကျော်ဟာ ပစ္စက္ခငရဲမှာ ဘယ်လောက်ခံနေရကြောင်း။ အရှင် လတ်လတ်မီးရှို့အသတ်ခံရ။ ဦးခေါင်းမှာ ဝရဇိန်ကျည်အထိခံရ။ အိမ်တွေမီးလောင်တိုက်အသွင်းခံရ။ ကျေးဇူးရှင် အလောင်းတော်ကို စော်ကားမိတဲ့ပြစ်ဒဏ်တွေဖြစ်ကြောင်း တရားပြဟောကြားတော်မူရင်း အဆုံးသတ်မှာတော့..
“ကဲကဲ အာရုံပြုကြ။ အဟမ်းအဟမ်း…။ ပဌာန်းဆက်နဲ့အကြမ်းဖက်ပြီး၊ ဖြတ်လေးဖြတ်၊ သတ်လေးသတ်၊ ကပ် လေးကပ်၊ ငတ်လေးငတ်နဲ့ပြည့်စုံအောင် အုပ်ချုပ်နိုင်တော်မူပေထသော အများကောင်းကျိုးဆောင် “သကျိုးသီရိ သုဓမ္မမဟာသရေအလောင်းစီသူ’ အလောင်းတော်တန်ခိုးနဲ့ နှစ်ဆတိုးလို့ အကိုင်းအခက်မကျန် ပြည်ပျက်နိုင်ငံအ ဖြစ်သို့ ကျရောက်၍ … “ပူတဂူအကြမ်းဖက်ပမာ..ရမ်းကားနိုင်ကြပါစေကုန်သတည်း”
သာဓု..သာဓု..သာဓု ပါဘုရား။
ဘိုလ်တောကျော် (ကနီတောရ)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar