Breaking News

ကိုအောင်မှိုင်း - ခွေးလည်ဆွဲနဲ့ ငရဲတံဆိပ်

ကိုအောင်မှိုင်း - ခွေးလည်ဆွဲနဲ့ ငရဲတံဆိပ်

(မိုးမခ) ဧပြီ ၁၈၊ ၂၀၂၂


သေတဲ့လူတွေကိုရော  မသေမရှင်လူတွေကိုရော မင်းအောင်လှိုင်တယောက် ဆုတံဆိပ်အမည်ခံ ငရဲခွေးတံဆိပ်လည်ဆွဲတွေ ပေးနေတာ တွေ့နေရပါတယ်။ သေသွားတဲ့ ဦးနုတို့၊ ဦးနေဝင်းတို့တောင်ပါ သွာသေးတယ်။ အများစုကတော့ စစ်ဗိုလ်ချူပ်ဟောင်းသူခိုးတွေပါပဲ။

ဒီကြားထဲ ဖဲသုံးချပ်သမားလို သူ့ကိုယ်သူလည်း ဖဲ ၂ ချပ်လောက် အိတ်ထဲ ကောက်ထည့်သွားသေးတယ်။ သတိုးသီရိ----- ရူးဘွဲ့နဲ့ သတိုးမဟာ------ ရူးဘွဲ့တွေကိုပါ။ ဒီကောင်က သတိုးလည်း တော်တော်ကြိုက် ပုံရပါတယ်။ သတိုးဆိုတာ စွမ်းရည်ထက်မြက်သူကို မင်းကပေးသောဆုလို့ အဓိပ္ပာယ်ရတော့ သူ့ကိုယ် သူ  ဘုရင်ရူး  ရူးနေတာကလဲ အတော်သေချာတယ်။ သမ္မတရူးရယ် ဘုရင်ရူးရယ် မီလျံနာရူးရယ် ပေါင်းလိုက်ရင် ဆေးကုဘို့ အတော်ခက်မဲ့ပုံပါဘဲ။

မင်းအောင်လှိုင် ရူးနေတာ တကမ္ဘာလုံးကလည်း သိနေတယ်။ မြန်မာနိုင်ငံတနိုင်ငံလုံးကလည်း သိနေတယ်။ မသိတာက မြန်မာပြည်က စစ်သား စစ်ဗိုလ်တွေလို့ပဲ ပြောရတော့မယ် ထင်ပါတယ်။

KNU ဥက္ကဋ္ဌကြီး ဗိုလ်ချူပ်ကြီးမြတို့  KIO  ဥက္ကဋ္ဌကြီးဘရန်ဆိုင်းတို့တော့ အတော်ကံကောင်းကြ ပါတယ်။ စစ်ပြန်တိုက်နေလို့ ငရဲခွေးလည်ဆွဲက လွတ်သွားကြပါတယ်။ ကံကောင်လေစွ။ သမိုင်း တရားခံစာရင်းထဲမပါဘဲ လွတ်လွတ်ကင်းကင်းဖြစ်သွားကြတာကို ပြောတာပါ။

မင်းအောင်လှိုင် ဘယ်လောက်အောက်တန်းကျပြီး သဘောထားသေးသိမ်သလဲဆိုရင် ရုပ်ရှင်သရုပ် ဆောင် ခိုင်သင်းကြည်ရဲ့  လူမှုထူးချွန်တံဆိပ်ကို မင်းအောင်လှိုင်က ပြန်ရုပ်သိမ်းလိုက်တယ်။ မင်းအောင် လှိုင်ပေးတဲ့ဆုဆိုတာ လိုရင်လိုသလို မလိုရင် မလိုသလိုဆိုတော့ ဆုယူမဲ့ပုဂ္ဂိုလ်ကြီးများလဲ ဖမ်းချင်ဖမ်း မယ် ရိုက်ချင်ရိုက်မယ် မုဒိမ်းကျင့်ချင်ကျင့်မယ် သတ်ချင်သတ်မယ်၊ ပြန်သိမ်းချင်သိမ်းမဲ့  ဆုအတွက် တော့ ရင်လေးစရာပါဘဲ။

ရတာနဲ့ ပေးရတာနဲ့ ချိန်လည်း ကြည့်ကြဦးလို့ အကြံပြုရမလိုပါ။ မင်းအောင်လှိုင် ဘယ်လောက် ဟန်ဆောင်ပြီး စပ်ဖြဲပြနေပေမဲ့ အပူရုပ်ကတော့ အထင်းသားဆိုတာ မြင်နိုင်ပါတယ်။ မိတ်ကပ်တွေ ဘယ်လောက် လိမ်းလိမ်း ဘယ်လောက်ရယ်ချင်ဟန်ဆောင်ဆောင် အပူသရုပ်ကို မဖုံးဖိနိုင်တော့တာကတော့ ဓာတ်ပုံတွေကို အသေအချာကြည့်ရင် ပေါ်ပါတယ်။

တပ်ရင်းမှူး အပါအဝင် ဗိုလ်မှုးတွေ၊ ဗိုလ်ကြီးတွေ၊ အကြပ်တပ်သားတွေ တော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်လာကြတာလဲ များသထက်များလာသလို ဩစတေးလျလိုနိုင်ငံကလည်း ဂုဏ်သိက္ခာရှိစွာ ဘဝသစ်ကို ပြန်စနိုင်ဖို့ လက်သင့်ခံပြီဆိုတာကလဲ အတော့်ကိုကောင်းတဲ့အစီအစဥ်တွေ ဖြစ်နေတာ တွေ့ရပါတယ်။

ကနေ့ပြဿနာက မင်းအောင်လှိုင်လို ဥစ္စာရူး အာဏာရူးကို ကာကွယ်ဖို့ လူငယ်တချို့ စစ်တိုက်နေကြ တယ်။ အခြားဘက်မှာလည်း တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့ လူငယ်တွေ စစ်တိုက်နေကြတယ်။ ကြည့်လိုက်ရင် နှစ်ဘက် လူငယ်တွေ သေကြေကုန်ကြတယ်။ ဒီပြဿနာကို ဘယ်လူငယ်တဦးတယောက်ကမှ စခဲ့တာ မဟုတ်ပါဘူး။ မင်းအောင်လှိုင် ဥစ္စာရူး၊ အာဏာရူး စခဲ့တဲ့ပြဿနာဖြစ်ပါတယ်။ အထူးပြောလိုတာက မင်းအောင်လှိုင်ကို ကာကွယ်ရင်း သေတာတောင် ပိုက်ဆံမပေးချင်လို့ တပ်ပြေးဘဝရောက်နေကြရတဲ့ လူငယ်တွေ ပြည်သူလူထုဘက်ကို ကူးပြောင်းကြပါ။ မြန်မြန်ကူးပြောင်းကြပါ။ လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်ပါတယ်။

သေသွားပြီးလူတွေတော့ မပြောလိုတော့ပါဘူး။ မသေမရှင်လူတွေကိုတော့ မင်းအောင်လှိုင် ပေးတဲ့ဆုကို ကြည့်သာလက်ခံကြပေတော့လို့ သတိပေးလိုက်ရကြောင်းပါဗျာ။

ကိုအောင်မှိုင်း


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar