Breaking News

ဇော်အောင် (မုံရွာ) - မြန်မာ့တော်လှန်ရေး၊ အာဖကန်နစ္စတန်အတိတ်နဲ့ ယူကရိန်းခေါင်းဆောင်ကောင်းများရဲ့ခုခံစစ်

ဇော်အောင် (မုံရွာ) - မြန်မာ့တော်လှန်ရေး၊ အာဖကန်နစ္စတန်အတိတ်နဲ့ ယူကရိန်းခေါင်းဆောင်ကောင်းများရဲ့ခုခံစစ်
(မိုးမခ) ဧပြီ ၅၊ ၂၀၂၂

ခေတ်သစ် ယူကရိန်းကို အင်အားကြီး ရုရှားသိမ်းပိုက်တဲ့ စစ်ပွဲကိုကြည့်ပြီး အင်အားအလွန်ကြီးမားလှတဲ့ ရောမအင်ပါယာကြီးက စည်းရုံးညီညာလှတဲ့ အစ္စရေးနိုင်ငံကို သတိရမိတယ်။ ရောမအင်ပါယာကြီးက ရှေးဟောင်းအစ္စရေးနိုင်ငံကို နှစ်ပေါင်းများစွာတိုက်ခိုက်သိမ်းပိုက်ရပါတယ်။ ပတ်ဝန်းကျင်မြို့ငယ်လေးများကို တစ်ခုပြီးတစ်ခု စနစ်တကျတိုက်ခိုက်သိမ်းပိုက်ရင်း နောက်ဆုံး ယေရုဆလင်မြို့တော်ကို အေဒီ ၇၀ မှာ ၅လ ကြာအောင် အပြင်းအထန် သူသေကိုယ်သေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ဒါတောင် မစဂါဒါဆိုတဲ့ခံတပ်မှာ ၃ နှစ်ခိုအောင်းနေတဲ့ အစ္စရေးမျိုးချစ်အုပ်စုကို ၃ နှစ်ကြာအောင် လပေါင်းများစွာ ငွေနဲ့လူအင်အားသုံးပြီး တိုက်ခိုက်သိမ်းပိုက်ရပါတယ်။ 

လူတွေရဲ့ မိုက်မဲမှု အတ္တနဲ့ အာဏာ၊ ငွေတွေကြောင့် ကမ္ဘာစစ်ကြီးတွေ၊ အင်ပါယာကြီးတွေ ဖြစ်ရတာပါ။

ယူကရိန်းကို ရုရှားက သိမ်းပိုက်နိုင်ကောင်း သိမ်းနိုင်ပါမယ်။ သိုသော် ရေရှည်မှာ ထိန်းထားဖို့ဆိုတာ မလွယ်ပါဘူး။

ယခုခေတ် ဥပမာပြရမဲ့နိုင်ငံများမှာ အာဖကန်နစ္စတန်နိုင်ငံဟာ နံပါတ် (၁) ဖြစ်ပါတယ်။ သူတို့ရဲ့ တာလီဘန် မွတ်စလင်တွေရဲ့ ဒီမိုကရေစီကို ဆန့်ကျင်နေခြင်းကို စာရေးသူမနှစ်သက်သော်လည်း အာဖကန်နစ္စတန်များရဲ့ နိုင်ငံကြီးများ အင်အားသုံးသိမ်းပိုက်ခြင်းကို လက်မခံ၊ တော်လှန် အနိုင်ယူနိုင်ခြင်းက အလွန်အံ့ဖွယ်ဖြစ်တယ်။

ကမ္ဘာမှာ အင်အားအကြီးဆုံး အင်ပါယာစစ်တပ်ကြီးကတော့ မွန်ဂိုအင်ပါယာကြီးရဲ့ စစ်အင်အားနဲ့ စည်းကမ်းရှိ၊ ခေါင်းဆောင်ကောင်းများ ပျိုးထောင်နိုင်မှု ဖြစ်တယ်။ မွန်ဂိုခေါင်း‌ဆောင်ကြီး ဂျင်ဂျစ်ခန်လက်ထက်မှာ ဥရောပအထိ ကြောက်ခမန်းလိလိ သိမ်းပိုက်နိုင်ပြီး၊ မြေး ကူဗလိုင်ခန် ာလက်ထက်မှာ မြန်မာနိုင်ငံ (တရုတ်ပြေးမင်း နရတိပတိ - ပုဂံမင်းဆက်ပျက်သုန်းခြင်း) အထိ သိမ်းပိုက်နိုင်ခဲ့တယ်။ သို့သော် ဗီယက်နမ်၊ ဂျပန်တွေကို မသိမ်းပိုက်နိုင်ခဲ့ပါဘူး။

ခရစ်သက္ကရာဇ် ၁၂၁၉ မှာ ဂျင်စစ်တပ်ကြီး အာဖဂန်နစ္စတန်ကို သိမ်းပိုက်ဖို့ ရောက်ပြီး အင်အားသုံး ဖျက်ဆီး၊ သတ်ဖြတ်၊ အနိုင်ယူခဲ့ပါတယ်။ မွန်ဂိုများလက်ထဲက စစ်ဘုရင် တိမူးအင်ပါယာ စစ်တပ်က ၁၃၇၀ မှာ ထပ်မံသိမ်းပိုက်ခံခဲ့ရပါတယ်။ သို့သော် ၁၆ ရာစုကစပြီး အာဖဂန်နိုင်ငံသားများက လွတ်လပ်သောနိုင်ငံအဖြစ် ပြန်လည်တွန်းလှန်နိုင်ခဲ့ပြီး အာဖဂန်မင်းဆက်များ တစ်ခုပြီးတစ်ခု မိမိနိုင်ငံကို မိမိတို့ပဲ အုပ်ချုပ်ခဲ့ကြတယ်။

ယခုခေတ် ၁၉၇၉ ဒုတိယကမ္ဘာစစ်အပြီး ကွန်မြူနစ်များ ရုရှား၊ တရုတ်နိုင်ငံများမှာ အင်အားကြီးလာချိန် ညူကလီယား အင်အားကြီး ရုရှားအင်ပါယာကြီးက အာဖဂန်နစတန်ကို အင်အားသုံးသိမ်းပိုက်ခဲ့ပါတယ်။ သူ့ကို နာခံမဲ့ အလိုတော်ရိများကို အစိုးရဖွဲ့ပေးပြီး စစ်တပ်ကြီးမရုတ်သိမ်းပါဘူး။ အာဖဂန်များကို ကျားကုတ်ကျားခဲ့ ပျောက်ကျားစစ်နဲ့ ခုခံတိုက်ခိုက်တော့ ရုရှားစစ်တပ်ကြီး တဖြုတ်ဖြုတ် သေဆုံးရပါတယ်။ ၉ နှစ်အကြာမှာ ရုရှားစစ်တပ်ကြီး လုံးဝဆုတ်ခွာလိုက်ရချိန် ရုရှား ၅၆၂,၀၀၀ ၀န်းကျင် သေဆုံးရပါတယ်။ အာဖဂန် လူမျိုး ၂ သန်းလောက် သေဆုံးရပါတယ်။

◾️အာဖဂန်မှာတာလီဘန်များ
မူစလင် အကြမ်းဖက်သများကို နှိပ်ကွပ်တဲ့ အမေရိကန်သမတ ဂျော့ဘွတ် (စီနီယာ) လက်ထက် ၂၀၀၁ မှာ အမေရိကန်နယူးယောက် 9/11 လေယာဥ်အပိုင်စီး ဖောက်ခွဲခံခဲ့ရပြီး လူ ၅ ထောင်ကျော် သေဆုံးရပါတယ်။ တာလီဘန်များပါဝင်လို့ အမေရိကန်နဲ့နေတိုးတပ်များ အာဖဂန်နစ္စတန်ကို နောက်တစ်လအကြာ အောက်တိုဘာ ၂၀၀၁ မှာ အင်အားသုံးသိမ်းပိုက်ပြီး အမေရိကန်အလိုကျ အစိုးရတင်ခဲ့တယ်။ အမေရိကန်နဲ့နေတိုးစစ်တပ်ကြီး အာဖဂန်မှာ ၁ သိန်း၄ သောင်း တာလီဘန်များကို ဆက်လက်နှိမ်နင်းရသော်လည်း နှစ်၂၀ အကြာ အမေရိကန်တို့ ဖကန်နစ္စတန်က ဆုတ်ခွာခဲ့ရပါတယ်။ နှစ်၂၀ ကြာအောင် နေတိုးနဲ့ အမေရိကန်တို့ အာဖဂန်နစ္စတန်မှာ တပ်စွဲထားပြီး တာလီဘန်များကို နှိမ်နင်းနေတာ မအောင်မြင်ပါဘူး။ တာလီဘန်များကို အာဖဂန်ပြည်သူအများစုက ထောက်ခံတာထက်၊ နေတိုး၊ အမေရိကန် အလိုတော်ရိ အာဖဂန်နစ္စတန်အစိုးရနဲ့ စစ်တပ်က အလွန် အဂတိထူပြောလို့ ဖြစ်တယ်။ နှစ်ဖက် စစ်သားပေါင်း ၁၄၇,၀၀၀ ကျော် သေဆုံးရာမှာ အရပ်သား ၁ သိန်းကျော်လည်း စစ်ပွဲများမှာ သေကြေပျက်စီးရတယ်။

အမေရိကန်နဲ့ နေတိုး အင်အားကြီး လေတပ်ကြီး ဆုတ်ခွာသွားပြီးနောက် 7 September 2021 မှာ တာလီဘန်များ အာဖကန်နစ္စတန်ကို လက်နက်ကြီး၊ လေကြောင်းအင်အား မပါပဲ တစ်လအတွင်း အလွယ်တကူ သိမ်းပိုက်သွားပါတယ်။

◾️ယူကရန်းနဲ့မြန်မာ 
သုံးသပ်ရရင် ရုရှားကျူးကျော်ခြင်းပါပဲ။ နှစ်နိုင်ငံစလုံး ရုရှားရဲ့လက်နက်အင်အားနဲ့ ဒီမိုကရေစီကျစွာ ရွေး ကောက်ခံအစိုးရကို ဖြုတ်ချပြီး သိမ်းပိုက်ခြင်းဖြစ်ပါတယ်။ ယူကရိန်းကို ၃ ရက်နဲ့ သိမ်းပိုက်နိုင်မယ်ထင်တာ တစ်လကျော်ချိန်ထိ မြို့ကြီးတွေမသိမ်းနိုင်ပဲ အပြင်းထန် တန်ပြန်တိုက်ခံနေရပါတယ်။ ရုရှားနိုင်ငံ စီးပွားပျက်နေပါတယ်။ ယူကရိန်းနိုင်ငံအကြောင်းလည်း စာဖတ်သူများ အနည်းနဲ့အများ သိပြီးဖြစ်မှာပါ။ ကွန်မြူနစ်ရုရှား အင်ပါယာမှာ စီးပွားပျက်သုန်းပြီး ၁၉၉၀ ပြည့်နှစ်မှာ နိုင်ငံပေါင်း ၁၅ နိုင်ငံလောက် လွတ်လပ်ရေးပေးလိုက်ရတယ်။ နှစ် ၃၀ အကြာ ရေနံနဲ့ဓါတ်ငွေ့ ကြွယ်ဝလှတဲ့ ရုရှားနိုင်ငံ စီးပွားရေး နလံထလာတယ်။ လက်ရှိ ပူတင်အစိုးရ အာဏာရှင်စနစ်နဲ့အုပ်ချုပ်ပြီး စစ်အင်အား တဖန်ကြီးကျယ်လာချိန် ယူကရိန်းကို သိမ်းပိုက်ဖို့ကြိုးစားနေခြင်း ဖြစ်ပါတယ်။

◾️မြန်မာနိုင်ငံအရေးကို သုံးသပ်ရရင်တော့
စစ်အာဏာသိမ်းအုပ်စု တချိန်မှာ အလျော့ပေးရမှာ ဖြစ်တယ်။ သို့သော် သူတို့ရဲ့ ဘဝလုံခြုံရေးအတွက် ဘယ်လိုသဘောတူညီချက် ရယူနိုင်မလဲ မသိပါ။ စစ်အာဏာသိမ်းအုပ်စုကလည်း သူတို့ စစ်တပ်ခေါင်းဆောင်များကို အင်အယ်ဒီအစိုးရက တဖြေးဖြေး ဖယ်ထုတ်ဖို့ ကြိုးစားလာခြင်းကြောင့် မကျေမနပ်နဲ့ အာဏာသိမ်းခဲ့ပါတယ်။ ယူကရိန်းကို ကျူးကျော်တဲ့ အာဏာရှင်ပူတင်ရဲ့ လက်နက်ထောက်ပံမှု၊ အထူးသဖြင့် လေ ကြောင်းသာလွန်အင်အားနဲ့ တော်လှန်ရေးအင်အားများကို နှိမ်းနင်းနေခြင်း ဖြစ်ပါတယ်။

အာဖဂန်နစ္စတန် ပြည်သူ ၂ သန်းကျော် အိမ်နီးချင်း ပိုလန်နဲ့နိုင်ငံများကို စစ်ရှောင် ပြေးနေရပါတယ်။ ပူတင်ထင်သလို ၃ ရက်လောက်နဲ့ ယူကရိန်းကို မသိမ်းပိုက်နိုင်ပဲ ယူကရိန်းစစ်တပ်နဲ့ပြည်သူ တညီတညွတ်တည်း အပြင်းအထန် ခုခံစစ်ကြီး ကြုံတွေ့နေရပါတယ်။ အနိဌာရုံက မြန်မာ လက်ရှိ ပျောက်ကျားစစ်ပွဲများ အခြေနေထက် ဆိုးဝါးလှပါတယ်။ မြန်မာနိုင်ငံလည်း စစ်ပြေးဒုက္ခသယ် ၇ သိန်း ရှိနေပါပြီ။ ရိုဟင်ဂျာ ၇ သိန်း စစ်ပြေးများကလည်း အိုဂျေစီ တရားစွဲခံရတာ ရှိသေးတယ်။

တော်လှန်ရေးဆင်နွှဲနေချိန် တော်လှန်ရေးခေါင်းဆောင်များ အတွက် သန့်ရှင်းဖြူစင်ဖို့ အထူးသဖြင့် ငွေကြေးသုံးစွဲမှုမှာ အဂတိကင်းရှင်းဖို့ အထူးကြိုးစားရပါတယ်။ အစားအသောက်ကို တော်လှန်ရေးတပ်သားများကဲ့သို့ ငပိတို့စရာနဲ့ စားသောက်နိုင်ဖို့ လိုပါတယ်။ အစားသောက် အနေထိုင်ဆင်းရဲဒဏ် ခံနိုင်ရုံမက မိမိအနီးနားက ပြည်တွင်းပြည်ပ မိတ်ဆွေကောင်းများစွာရဲ့ အားပေးထောက်ခံမှုလည်း ရရှိဖို့ လိုပါတယ်။

အင်ယူဂျီခေါင်းဆောင်များ ငွေကြေးကိစ္စ စစ်ကောင်စီရဲ့ထိုးနှက်ချက်များကြောင့် မပွင့်လင်းနိုင်သေးသော်လည်း ဖြူစင်စိတ်ထား အပြည့်အဝ ရှိတာတော့ သေချာပါတယ်။

◾️စစ်ကောင်စီတပ်များရဲ့ CDM
ယခု ဧပြီလ ၂၀၂၂ (စစ်အာဏာသိမ်းပြီး ၁၃ လ) မှာ ယာယီသမတကြီး လရှီလက စစ်ကောင်စီတပ်များ CDM လုပ်လာရင်၊ ပင်စင်၊ ရာထူး၊ ရပိုင်ခွင့်များအတွက် အာမခံပြောကြားပါတယ်။ အနာဂါတ်ဖက်ဒရယ်တပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုရင်လည်း ယခင်အတိုင်း ရာထူး၊ ရပိုင်ခွင့်များ ရရှိမယ်လို့ ကြေငြာပါတယ်။ စစ်ကောင်စီတပ်များ CDM ဝင်ရောက်မှုနည်းပါးခြင်းက သူတို့ဘဝလုံခြုံဖို့ မြို့ပေါ်က သူတို့စစ်တပ်မှာပဲကုပ်ကပ်နေမှ လုံခြုံတယ်ခံစားရလို့ ဖြစ်ပါတယ်။ မကြာမြင့်သောကာလမှ တပ်ထဲက ရိက္ခာ၊ စျေးဝယ် အရပ်ဝတ်နဲ့ သွားလာလို့ရတော့မှာမဟုတ်ချိန် မြို့ပေါ်ကတပ်များ ငတ်ပြတ်မဲ့အခြေအနေရောက်လာမယ် ဖြစ်တယ်။

◾️စစ်ကောင်စီတပ်များရဲ့ နောက်ကွယ်ကလက်မဲကြီးများ
မတ်လ-၂၇ ရက်နေ့ စစ်ကောင်စီရဲ့ မီဒီယာမှာ ယခင်သမတဦးသိန်းစိန်၊ ယခင်အာဏာရှင်ဦးသန်းရွှေ၊ ယခင်ဦးသိန်းစိန်အစိုးရ ဝန်ကြီးများ၊ ပတမဆုံးစစ်အာဏာရှင် ဦးနေဝင်း (ကွယ်လွန်) ရဲ့ သမီး၊ မြေးတစ်စု ရုပ်ပုံများထုတ်လွှင့်ပါတယ်။ မင်းအောင်လှိုင်က ဦးသိန်းစိန်ကို ဒူးထောက်ကန်တော့ နေတဲ့ပုံ တွေ့ရတယ်။ ဒီပုံများက စစ်ကောင်စီကို ကိုင်တွယ်နေတဲ့ နောက်ကွယ်က လက်မဲကြီးများဟာ ဘယ်သူလဲ ဆိုတာ ဖော်ထုတ်ပြလိုက်ခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် မင်းအောင်လှိုင် ထွက်ပေါက်ရှာနေပြီ ဆိုတာ ထင်ရှားနေပါပြီ။

◾️တိုင်းရင်းသားတပ်များ
GZ လူငယ်များကို စနစ်တကျလက်ခံ သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးတဲ့ တိုင်းရင်းသားတပ်နှစ်ခုကတော့ ကချင်KIA နဲ့ ကရင် KNU (KNLA) တို့ ဖြစ်ပါတယ်။ အင်ယူဂျီကိုမယုံသော်လည်း စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ရင်း ယုံကြည်မှုတည်ဆောက် ညှိနှိုင်းနေခြင်း ဖြစ်ပါတယ်။ တိုင်းရင်းသားတပ်များရဲ့သံသယက အကယ်၍ စစ်ကောင်စီက အင်အယ်ဒီခေါင်းဆောင်များ သမတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးပြီး၊ ကြားဖြတ်အစိုးရသဘောတူသွားရင် အင်ယူဂျီဖျက်သိမ်းလိုက်ပြီး၊ နဂိုအတိုင်းဖြစ်သွားမှာ စိုးရိမ်ကြပါတယ်။ သို့သော် တိုင်းရင်းသားတပ်များနဲ့အင်ယူဂျီ ဆွေးနွေးနေတဲ့ အင်ယူစီစီမှာ ပွင့်လင်းစွာတွေ့ဆုံနေကြပြီး၊ အသေးစိတ် ထုတ်ပြန်လို့မဖြစ်သေးပါ။ ဖုန်ကြာရှင် ကွယ်လွန်တဲ့အခမ်းအနားမှာ စစ်ကောင်စီတပ်များ၊ အေအေ၊ အင်ယူဂျီ၊ တရုတ်နိုင်ငံ စတဲ့ လက်နက်ကိုင်တပ်အားလုံး တက်ရောက်ကြပါတယ်။

လက်နက်အင်အားနဲ့ စစ်အာဏာသိမ်းထားခြင်းက အကြီးမားဆုံး အဂတိလိုက်စားခြင်းဆိုတာ အားလုံးသ‌ေဘောပေါက်မှာပါ။

◾️နိဂုံးရေးရရင်
အမေရိကန်၊ ရုရှားတို့ အာဖဂန်ကို တလှည့်စီသိမ်းပိုက်ပြီး ပြည်သူများ အလွန်ဆင်းရဲစွာ ဒုက္ခကြုံတွေ့ခဲ့ရတယ်။ အခု ပြန်လည်တည်ဆောက်နေသော်လည်း တိုးတက်လာဖို့ လမ်းမမြင်ပါ။ အာဖဂန် မဘသလို့ခေါ်ရတဲ့ တာလီဘန်များက အစွန်း‌ရောက်မွတ်စလင်များ ဖြစ်တယ်။ အစွန်းရောက်မွတ်စလင် ဆီးရီးယား၊ လစ်ဗျား၊ ပါကစ္စတန်နိုင်ငံများမှာ ပြည်တွင်းစစ် ကြီးမားစွာတောက်လောင်နေဆဲပါ။

ယူကရိန်းနိုင်ငံလည်း အလားတူဖြစ်သွားဖို့ မဖြစ်နိုင်ပါဘူး။ ရုရှားသမတ ပူတင်ကျဆုံးသွားဖို့ နီးနေပြီး တရိုင်နိုင်ငံအပေါ် ရုရှား ပိုပြီး မှီခိုလာရမှာပါ။ 

◾️မြန်မာ ပြည်သူ့စစ်မဟာဗျူဟာ
ရုရှားများဟာ ယူကရိန်းမှာ လူကိုယ်တိုင်ကျူးကျော်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ ရုရှားသြဇာခံ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးတစ်စုနဲ့ သူတို့အလိုတောရိများက စစ်အာဏာသိမ်းထားသော်လည်း ပြည်သူလူထုထောက်ခံတဲ့ တော်လှန်ရေးအင်အားစု (အင်ယူဂျီ ဖက်ဒရယ်စစ်တပ်များ) က ပြည်သူ့စစ်မဟာဗျူဟာ စစ်ကောင်စီ မြန်မာစစ်ခေါင်းဆောင်များလည်း အကြီးကျယ်ပြောင်းလဲသွားမှာ သေချာပါတယ်။

အင်ယူဂျီ ခေါင်းဆောင် ယာယီသမတ လရှီလနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ကတော့ တိုင်းရင်းသားအားလုံးနဲ့ တစ်နှစ်အကြာ ယုံကြည်မှုတည်ဆောက်နိုင်သွားပြီလို့ ၂၀၂၂ နှစ်သစ်မိန့်ခွန်းကို တည်ငြိမ်စွာပြောကြားရင်း၊ ၂၀၂၂ မကုန်ခင် ‌အရေးတော်ပုံအောင်မြင်မယ်လို့ အခိုင်အများ ပြောသွားပါပြီ။

ဇော်အောင် (မုံရွာ)
၅-ဧပြီ-၂၀၂၂

ကိုးကား
1. Richard Myo Thant CNN ဘာသာပြန် ယူကရိန်ဆောင်းပါး
2. https://en.wikipedia.org/wiki/Afghanistan.
3. မျက်မှောက်မြန်မာအရေးသတင်းများ RFA, Mizzima, Irrawaddy, Moemaka & NUG News 

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar