ကျော်မင်းထွန်း (NEW YORK) - ငါနင့်ကိုချစ်သလို ငါ့နိုင်ငံကိုချစ်တယ်မောင်
(မိုးမခ) ဧပြီ ၄၊ ၂၀၂၂
မောင်ရယ်..
မီးခိုးတလူလူနဲ့ ငါ့နိုင်ငံကို
ငါ့ကျောပိုးအိတ်ထဲ လွယ်ထားရတယ်
နေ့တိုင်းဟာ ပြဿဒါးမလွတ်ပေမယ့်
ငါနင့်ကိုချစ်သလို
ငါ့နိုင်ငံကိုချစ်တယ် မောင်။
သေမထူးနေမထူး နိုင်ငံတော်မှာ
ပေါ်ထွက်လာတဲ့ မယ်လိုဒီတေးသွား
သံစဉ်အတက်အကျများကို ဆိုညည်းရင်း
ငါဆင်းရမယ့်ဘူတာဟာ
သေမထူး နေမထူးဘူတာ ဖြစ်နေတယ်။
အိပ်မက်တွေကို ရေနှစ်ဆရောသောက်တဲ့အခါ
အိပ်မက်တွေက မေ့လွယ်ပျောက်လွယ်
ကတိတွေက ကွဲလွယ်ကျလွယ်
အမှားတွေက ထိလွယ်ရှလွယ်
အာနာပါနကို ခပ်ပြင်းပြင်းရှူနေရတယ်မောင်။
လမ်းမှားရောက်လာတဲ့ လရောင်အောက်
လောင်ဂျီတွဒ်နဲ့လတ္တီတွဒ်ပျောက်နေတော့
ပွန်းကလေးတွေ အစားမခံရအောင်
တစ်ကွက်ချင်းရှေ့တက် တိုက်ပွဲဆက်မယ်။
ညမှာ ရွက်ဟောင်းကြွေရင်
နေ့မှာ ရွက်သစ်ဝေမယ်
ညမှာ ကောင်းကင်ကိုငါမော့ကြည့်တဲ့အခါ
စနိုက်ပါတွေပဲ ရှိတယ်၊ ကြယ်စင်မရှိတော့ဘူး
နက္ခတ်တာရာတွေ စီးချင်းထိုးနေတယ်မောင်။
နွေဦးမှာရွာတဲ့မိုး ငါနေ့တိုင်းချိုးမယ်
နွေဦးမှာဝေတဲ့နှင်း ငါသီချင်းညည်းမယ်
မောင်ရယ်.. နင်သိလား..
ငါ့ယောကျ်ားက ပီဒီအက်ဖ်
ငါကိုယ်တိုင်လည်း ပီဒီအက်ဖ်
ပီဒီအက်ဖ်ရဲ့ မယား
ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ,ဖြစ်သွားလားတဲ့
ရိသဲ့သဲ့ စကားသံတွေကြားမှာ
ငါနှုတ်ခမ်းကိုက်ပြီး အံကြိတ်ထားရတယ်
စကားများမှာ ဓားသွားပါရင်
ငါ့နားတွေ သွေးပေကျံနေလောက်ပြီ။
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့
မားမားမတ်မတ် ယုံကြည်ချက်တစ်ရပ်နဲ့
အသက်ပေးဆပ်သွားတဲ့ ငါ့ခင်ပွန်းဟာ
ဒဏ္ဍာရီ မဟုတ်ဘူး
ငှက်တွေဟာ ပျံရင်းသေတယ်
လူတွေဟာ ကြံရင်းသေတယ်
သူရဲကောင်းဟာ တိုက်ရင်းသေတယ်။
နင်ဟာ လကုန်ရင်ဆုတ်ဖြဲပစ်ရတဲ့
ပြက္ခဒိန်စာရွက်လေးမှ မဟုတ်တာ
“ကမ္ဘာကြီးနဲ့ ဖြစ်တဲ့ပွဲမှာ
ကမ္ဘာကြီးဘက်က ရပ်ပါ" လို့
ကပ်ဖ်ကာက ပြောတော့
"မြန်မာပြည်သူတွေနဲ့ ဖြစ်တဲ့ပွဲမှာ
မြန်မာပြည်သူတွေဘက်က ရပ်ပါ" လို့
နင်ကပြောတယ်။
ပြီးတော့ နင်ကပြောသေးတယ်
"ကျည်ကာအင်္ကျီဆိုတာ
ကျည်ကိုပဲ ကာပေးနိုင်တယ်
ဓမ္မကိုတော့ မကာပေးနိုင်ဘူး…”
"ငြိမ်းချမ်းခြင်းဆိုတာ ဘာလဲဆိုတာထက်
မငြိမ်းချမ်းခြင်းဆိုတာ ဘာလဲဆိုတာ
မငြိမ်းချမ်းတဲ့အခါ ပိုသိလာတယ်…”
"မငြိမ်းချမ်းလွန်းတဲ့အခါ
ငြိမ်းချမ်းရေးကို ဆာလောင်တယ်…
ငြိမ်းချမ်းစွာ ဆန္ဒပြယူလို့မရရင်
မငြိမ်းချမ်းစွာ တိုက်ယူရမယ်…”
အဲဒီလို ..
နင်ပြောခဲ့တာတွေကို စကားလုံးအတိအကျ
ငါ့အသည်းတံခါးဝထိ သံမှိုစွဲငြိနေပါတယ်မောင်။
ငါလည်း ချစ်တတ်တဲ့နှလုံးသားနဲ့မိန်းမပဲ
လူမရှိသူမရှိ တောထဲက
လူမသိသူမသိ နင့်မြေပုံမှာ
ပဝါတစ မျက်ရည်တစနဲ့
သက်သေပြချင် ငိုချချင်တာပေါ့
ဒါပေမဲ့ ငါ့နိုင်ငံက..
ယမ်းနံ့မီးခိုးနံ့နဲ့ ပလုပ်ကျင်းရတဲ့နိုင်ငံ
သွေးမစွန်းဖူးတဲ့ မြို့ရွာမရှိတဲ့နိုင်ငံ
အာဏာမုဒိမ်းကျင့်ခံရတဲ့ ဝတ်လစ်စားလစ်နိုင်ငံ။
အဲ့ဒီ ငါ့နိုင်ငံဟာ..
အလိုမပါပဲ လက်ထပ်ရတဲ့ညလိုဖြစ်နေတော့
ငါ ရှေ့ခရီးဆက်ရမယ်
ငါ နင့်မြေပုံလေးကိုထားခဲ့ရမယ်
နွေဦးတော်လှန်ရေးပြီးမှ ငါနင့်ဆီပြန်လာမယ်။
ငါနင့်ကို ချစ်သလို
ငါ့နိုင်ငံကို ချစ်လို့
ငါ့ကို သွားခွင့်ပြုပါမောင်။ ။
ကျော်မင်းထွန်း (NEW YORK)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
