မင်းကိုနိုင် - လူတိုင်းသိတဲ့ လျှို့ဝှက်ချက်
(မိုးမခ) ဧပြီ ၄၊ ၂၀၂၂
အမိန့်ညွှန်ကြားချက်တွေ ”ထိပ်တန်းလျှို့ဝှက်” တဲ့။ လိုင်းပေါ်မှ ာသိန်းနဲ့ချီကြည့်ပြီးပြီ။ သောင်းနဲ့ချီ ရှယ်ပြီးပြီ။ ခုက စစ်ဖြစ်နေတာ ငြင်းမရပါဘူး။ ဒါပေမဲ့ အကြံဖန်စစ်မဟုတ်ဘူး။ ”စစ်” စစ်စစ်ပါ။
တော်လှန်ရေးကကြီးလွန်းလို့ ဖြစ်လာတဲ့စစ်ပါ။ Performance မျိုးစုံနဲ့ ကမ္ဘာ့အဆင့်မီငြိမ်းချမ်းစွာဆန္ဒပြပွဲတွေလုပ်ခဲ့ပေမယ့် သူတို့ဘက်ကခေါင်းချည်းရွေးပစ်ခဲ့လို့ လမ်းပေါ်မှာ နေ့စဉ်ရာချီပစ်သတ်ခံခဲ့ရလို့ဖြစ်လာတဲ့စစ်ပါ။ ငြိမ်းချမ်းရေးကဗျာဆရာတွေတောင် ရှေ့ဆုံးကတိုက်ပွဲဝင် အသက်စွန့်ကြရတာပါ။ ဒီနေ့အထိလဲ တိုက်နေဆဲ။
တစ်နေ့ တစ်နေ့ ကွဲလိုက်ရတဲ့မိုင်းတွေ၊ စစ်သားကျဆုံးမှု ရာပြည့် ရာကျော်၊ တိုက်ပွဲတွေအကြောင်း မပြောတော့ပါဘူး။ မိန်းမတွေကိုလက်နက်ကိုင်ခိုင်း၊ ရဲကို အရင်ဆုံးစစ်ထဲဝင်တိုက်ခိုင်း၊ ပြီးရင် လဝက အကောက်ခွန် လက်နက်ကိုင်တွေ။
မီးသတ်ကြက်ခြေနီတပ်ဖွဲ့တွေမကျန်၊ Non-CDM မှသည် ယခုနောက်ဆုံး ဘာသာရေးအကြောင်းပြအဖွဲ့အစည်းတွေအထိ စစ်ထဲကိုထိုးထည့်ဖို့ပြင်နေတဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်တွေ။
တစ်နေ့ တစ်နေ့ တိုက်လိုက်ရတဲ့လေကြောင်း။ ဒါမှစစ်မဟုတ်ရင် ဘယ်ဟာကစစ်လဲ။ စစ်ပွဲလို့လက်ခံပြီးရင်တော့ သူ့လူ ကိုယ့်လူ ရှင်းဖို့လိုပါတယ်။
ခုဟာက တစ်စု တစ်ဖွဲ့ချင်းကိစ္စမဟုတ်ပါ။ ပြည်သူတစ်ရပ်လုံးက မြို့တိုင်း လမ်းတိုင်း နယ်တိုင်း ရွာတိုင်းမှာ တိုက်နေကြတာ၊ သေနတ်ကိုင်တာနဲ့ မကိုင်တာပဲ ကွာပါတယ်။ ဒါလည်း လူတိုင်းသိတဲ့လျှို့ဝှက်ချက်ပဲ။ ဒါမှ ပြည်သူတော်လှန်ရေးမဟုတ်ရင် ဘယ်ဟာက ပြည်သူ့တော် လှန်ရေးလဲ။
တဖက်ကလည်း သင်္ကန်းဝတ်တွေကိုပါ လက်နက်တပ်ဆင်ပေးနေတဲ့ပုံတွေ ထုတ်ပြလာတယ်။ ဒါစစ်ဖြစ်နေတယ်ဆိုတာ ဝန်ခံတာပါပဲ။
သူတို့ထဲမှာလည်း တစ်ယောက်ကို တစ်ယောက် မယုံကြည်။ ဒီလိုပဲ သူဌေးတွေကအစ အန္တရာယ်ရှိနေတာ လူတိုင်းသိတဲ့လျှို့ဝှက်ချက်ပါ။ အရင်အစိုးရလက်ထက်က အလှူကြီးလုပ်ခဲ့ ဘွဲ့တံဆိပ်ရခဲ့သူတွေကို စာရင်းကောက်နေတာ ဒါဘာသဘောလဲ။ သူဌေးတွေကို ဘာအမှာစကားပေးချင်တာလဲ။
ခြိမ်းခြောက်နေတာလား ....
ငွေတောင်းနေတာလား ....
နှစ်မျိုးလုံးဖြစ်ပါတယ်။
သေချာတာကအလွှာအသီးသီးကို သူတို့ဖဲ့ယူကိုက်စားတော့မှာပါ။
ဒီစစ်ပွဲဟာ ဘယ်ကလာသလဲ။ သူတို့ဘက်ကခေါင်းတွေချည်းရွေးပစ်လို့ ကိုယ်ကပြန်ခုခံတာပါ။ ခုခံပြန်တော့ အကြမ်းဖက်သမားတဲ့ မတော် ကြသေးဘူးလား မပြီးနိုင်ကြသေးဘူးလားတဲ့။ ပြည်သူကိုထိုးဖို့ လက်ညှိုးပြင်တဲ့သူတွေအတွက်ပါ။
သူတို့က လူထုစိတ်ဓာတ်ကျလိုကျငြား သွေးရူးသွေးတမ်း အစွမ်းကုန်ဖိနှိပ်ပြ ခြိမ်းခြောက်ပြပါလိမ့်မယ်။ ဒါပေမဲ့ ပြည်သူတွေက စိတ်ကျစရာလား။
ပြည်သူတွေ ဟေးခနဲပျော်သွားဖို့ ပြည်သူတွေကိုယ်တိုင် မတတ်နိုင်ဘူးလား။ သိပ်တတ်နိုင်တာပေါ့။ ကလစ်နှိပ်တာတစ်ခုတည်းက ရက်ပိုင်းအတွင်း သိန်းထောင်ချီရတာမျိုး၊ ခုလုပ် ခုရပါတယ်။ လုပ်ပြလိုက်ကြဖို့ပါပဲ။
ဓာတ်တိုင်တတိုင်ကို လူငယ်လေးငါးယောက်လောက်တန်းစီအကာကွယ်ယူ “ညီ” ခဲ့တဲ့သွေးတွေက တတောင့်ထိုး တူမီးလေး အလှည့်ကျပြန်ပစ်၊ ဒီကနေ ဝေဟင်ပစ်အထိ လက်လှမ်းနိုင်နေပြီပဲ။
ဒီနိုင်ငံသမိုင်းတလျောက်မှာ စစ်တပ်ထိခိုက်အကျအဆုံး အများဆုံးနှစ်ဖြစ်တဲ့အထိ ပြန်တိုက်နိုင်ခဲ့ပြီ။ ”ရှင်လူမုန်း ရှုံးတော့သေ“ စစ်သားတွေ ပြည်သူ့ရင်ခွင်ဆီစုပြုံတန်းစီဝင်လာတာမျိုး၊ ဘာလို့ပြည်သူတွေ မလုပ်နိုင်ရမှာလဲ။
စိတ်ညီလက်ညီလို့ပဲ silent strike လို ကမ္ဘာကျော်သပိတ်နွဲပြခဲ့ပြီးပြီ။ မနေ့တနေ့ကပဲ ၂ ရက်ထဲနဲ့ ရံပုံငွေ သိန်းကိုးထောင်ရအောင် ညီပြလိုက်ပြန်ပြီ။
မီးလောင်ပြင်မှာတော့ ပန်းမပွင့်ဘူးပေါ့။ ဒါပေမဲ့ ”တောမီးလောင်ပြီးပြီးချင်း ပွင့်ရဲတဲ့ Fire LiLi လိုပန်းမျိုး” တကယ်ရှိပါတယ်။
DSA တွေဖျက်ဆီးခဲ့တဲ့တိုင်းပြည်ကို တိုင်းရင်းသား၊ PDF နဲ့ GenZ တွေက ပြန်တည်ဆောက်ပြပါလိမ့်မယ်။
မင်းကိုနိုင်
၄/၄/၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
