Breaking News

မင်းကိုနိုင် - ပြည်ဝင်လက်မှတ် ရပြီးပြီလား

မင်းကိုနိုင် - ပြည်ဝင်လက်မှတ် ရပြီးပြီလား
(မိုးမခ) ဧပြီ ၇၊ ၂၀၂၂

ငါ့အကောင့် (Account) ထဲက ငါ့ပိုက်ဆံကွာ၊ ငါ့ဘာသာ ရောင်းချင်ရောင်းမယ်၊ မရောင်းချင် မရောင်းဘူးလို့ ဘယ်သူငြင်းလို့ရပါသေးလဲ။

ဒေါ်လာတွေကို ‘မပေးမရ၊ အေးဓားပြ’ တိုက်ပါပြီ။ ဒါကြောင့်ပြောတာ ”ဘယ်သူလွယ်ကူမယ်ထင်နေသလဲ” လို့။ နှစ်ပေါင်း ၆၀ တရားမဲ့ထင်ရာစိုင်း အာဏာရှင်အောက်မှာဘယ်သူမှမလွယ်ကူပါ။ ငါတော့ဒုက္ခမရောက်နိုင်ပါဘူးလို့ ဘယ်သူစိတ်ချရပါသလဲ။ ဒါ အာဏာရှင်ပါ။ ဘယ်သူမှ လွတ်မယ်မထင်ပါနဲ့။ သူဌေးဖြစ်ဖြစ် အနုပညာရှင်ဖြစ်ဖြစ် ဘာသာရေးခေါင်းဆောင်ဖြစ်ဖြစ် ဝန်ထမ်းဖြစ်ဖြစ် ဘယ်သူမှပြေးမလွတ်ဘူးမှတ်ပါလေ။

ဘဏ်စာရင်းတွေချုပ်လိုက်ပြီ။ လွှဲပြောင်းခွင့်ပိတ်လိုက်ပြီဆိုတာ၊ မင်းငွေတွေ မင်းမပိုင်တော့ဘူးလို့ အဓိပ္ပါယ်ရပါတယ်။

ဒါနဲ့ ပြီးမထင်ပါနဲ့။ ”ရှိသမျှဒေါ်လာ လုယူရေးအော်ပရေးရှင်း” က အိမ်တိုင်ယာရောက် ကုမ္ပဏီရုံးခန်းအရောက် Door to door စနစ်နဲ့ဝန် ဆောင်မှုပေးရန် အသင့်ပါ။ ရုံးချိန်မက ၂၄ နာရီအချိန် မရွေးပေးမှာ၊ ဇွတ်ပေးမှာပါ။

ငါ့မှာဒေါ်လာမရှိလို့ ငါနဲ့အဝေးကြီးပါလို့ထင်ရင်လည်း တချက်ပြန်ကြည့်ပါဦး။ မန္တလေးဗထူးကွင်းက သိန်းထောင်ချီတန်တဲ့ဆိုင်ခန်းတွေရာနဲ့ချီပြီး သိမ်းလိုက်တာကြည့်ပါ။ ဂရမ်ပိုင်မြေပေါ်က အိုးအိမ်တွေကို ဘူဒိုဇာနဲ့အထိုးခံလိုက်ရတာကိုဆင်ခြင်ပါ။ နောက်ထပ် သူတို့ဘာတွေလုပ်နိုင်သေးလဲမေးရင် အဖြေရှိပြီးသားဗျ။

၁၉၆၂ အာဏာလုသိမ်းပြီးလုပ်ပုံ။

စက်ရုံတွေ ကုန်တိုက်တွေကိုသိမ်းတော့ ကုန်စုံဆိုင်ရှင်က ငါမပါဘူးဆိုပြီး လေညှာက နေသာခဲ့။ ဒါနဲ့ ကုန်စုံဆိုင်တွေသိမ်းတော့ ကွမ်းယာဆိုင်က ငါတို့လွတ်မယ်ထင်ခဲ့တာပဲ။ ဒါပေမဲ့ နောက်နေ့ဆိုင်ဖွင့်ဖို့သွားမှ ငါပါပါပြီဆိုတာကို သိရတာ။ ဒါ ဒီစစ်တပ်ပဲလုပ်ခဲ့တာ။ စိတ်ကူးယဉ်မဟုတ်ဘူး။ တကယ်လုပ်ခဲ့တာ။

မလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့စကားဟာ ”ရမ်းချင်သလို ရမ်းမယ်” လို့လည်း အဓိပ္ပာယ်ရပါတယ်။ သူဌေးသူကြွယ်ဆိုသူတွေ ခြင့်ချိန်ဖို့ပါ။ကျန်အလွှာအသီးသီးလည်း တွေးဆဖို့ပါ။ ဘယ်သူ လွယ်ကူမယ်၊ လွတ်မယ်ထင်ပါသလဲ။

ဝန်ထမ်းအစ လက်တွန်းလှည်းစျေးသည်အဆုံး လွတ်လမ်းမရှိ တသက်တကျွန်းပါ။ အရပ်သားပြည်သူ့အစိုးရလက်ထက်လို ကျူးကျော်တွေကိုတောင် Smart card ထုတ်ပေးတဲ့စာနာမှုမျိုး အိပ်မက်မက်ဖို့နေနေသာသာ လူတောင် စိတ်ချ လက်ချ ဘယ်အိပ်ရမလဲ။ စစ်ကောင်စီပြောင်းဝရမ်းသမျှ အိပ်ဆေးမရှိဖြစ်ကြမြဲပါ။

ဒီလိုပြောလို့ စစ်တပ်က အရေးသာနေသလားမေးပါ။ မသာပါဗျာ။ တပ်ထဲဝင်သူမရှိတော့လို့ ရှိတဲ့လူကိုပေးမထွက်။ အသက်ပြည့်လည်း ပေးမထွက်ပဲ ပင်စင်သက်ကို ခြောက်ဆယ့်နှစ်နှစ်အထိ တိုးလိုက်တာသာ ကြည့်ပေရော့။ ခြောက်ဆယ့်နှစ်နှစ်ပြည့်တော့ကော။ သိတဲ့အတိုင်းပဲ၊လိုသလိုတိုးနေဦးမှာပဲ။ ပြင်နေဦးမှာပဲ။ လွှတ်တော်မှမရှိတာ။ ဥပဒေလည်း ပါးစပ်ထဲထွက်သမျှအမိန့်အောက် ဆိုင်းဘုတ်ကိုကွမ်းသွေးဖုံးရတာပဲ။ ဖဲလိမ်ရိုက်တာလည်း သိသိကြီး၊ ထိုးကြေးကိုလည်း ဓားမြှောင်ပြ ထပ်တင်ခိုင်းနေတဲ့ဝိုင်း၊ ဆက်ထိုင်နေရင် ကိုယ့်ထိုက်ကိုယ့်ကံ။ ပုဆိုးစုတ်ကျန်ရင် ကံကောင်းပါ။ စစ်ကောင်စီအောက်မှာ “ရမ်းချင်တာရမ်း ခံဝန်ထမ်း” ပဲ။

စစ်ဗိုလ်ချုပ်တွေကကော သတင်းစာရှင်းလင်းပွဲတွေမှာ ဘာကြောင့်တိုက်ပုံကြီးဝတ်ပြနေတာလဲ။ အာဏာလုစစ်တပ်ဆိုတာကို ဝန်မခံရဲတာပေါ့။ စစ်ယူနီဖောင်းနဲ့ဆိုရင် ဘယ်လိုမှလက်မခံတဲ့အခြေနေမို့ ဝတ်မပြရဲတာပေါ့။ အရပ်သားတွေပဲ အုပ်ချုပ်နေသလိုလို ပုံမှားရိုက်တာပေါ့။ ဒါကြောင့်လည်း တွေ့ရာ၊ ရရာဆွဲထည့်ထားတာပေါ့။ အရပ်သားပြည်သူတွေပဲ ပူးပေါင်းသယောင်၊ ပြောင်လိမ်တာပေါ့။

သူတို့ထဲမှာလည်း သူ့မယုံ ကိုယ့်မယုံ။ တနေ့တနေ့ ဘယ်လိုလစ်ရမလဲ ဘယ်ကိုပြေးရမလဲ၊ ဒါပဲ ကြိတ်ကြိတ်တိုင်ပင်နေကြတာ။ ခုတပ်ထဲကိုကြည့်လိုက်ပါ။ အိမ်ထောင်သည်တွေကို သူ့မိသားစုနဲ့အတူ ဇာတိမိဘဆွေမျိုးများထံ ပြန်ခွင့်ပြုရဲသလားလို့မေးလိုက်ပါ။ ဒါလေးပဲမေးလိုက်။
စစ်တပ်ကြီးအတွက် မေးခွန်းသတ်ပြီလေ။

သားရှင်ပြုတောင် ပြန်ခွင့်မရလို့ ပေါက်ကွဲသံတွေကြားမှာပေါ့။ ခုလူပျိုစစ်သားတောင် မှတ်ပုံတင်သိမ်းလိုက်ပါပြီဆိုနေမှ။ ကိုယ့်လူကိုယ်ပြေးမယ်ချည်းထင်နေတာ လက်ရှိစစ်တပ်ဘဝအမှန်ပါ။ ကွမ်းယာသွားဝယ်မယ်ဆိုပြီး ပြန်မလာ၊ ဒီနားခနဆိုပြီး မာရသွန်ကြလွန်းတော့ ရင်ပူပြီလေ။

ဒီလိုအခြေအနေမှာ သူဌေးသူကြွယ်ဆိုသူတွေက ဒေါ်လာတွေကို စစ်အုပ်စုအလုခံမလား၊ တော်လှန်ရေးသမားတွေလိုအပ်ချက်ဖြည့်ဖို့ ဘွန်းဝယ်မလား။ Bond က ၂ နှစ်ပြည့်ရင် ဒေါ်လာစစ်စစ်ပြန်ရမှာ။

ပြည်သူ့တော်လှန်ရေးအပေါ် ရူးယောင်ဆောင်ရှောင်သူတွေ အသိတရားဝင်သင့်ပြီ။ ကိုယ့်အန္တရာယ်ကိုယ်ကြိုရှောင်ရတော့မယ်အချိန်ဆိုတာလူတိုင်းသိတဲ့ လျှို့ဝှက်ချက်။ အခုပြည်သူဘက်ကကမ်းပေးနေတဲ့အရာတွေက သင်တို့အတွက်အာမခံချက်​။ မိသားစု၊ မျိုးဆက်ဂုဏ်သိက္ခာ။အနာဂတ်နိုင်ငံတော်အတွက် ပြည်ဝင်ခွင့်လက်မှတ်ပါ။

တွေဝေချိန်မရှိတော့ပါဘူး။ ဓားပြက အိမ်တံခါးတွေကိုလိုက်ခေါက်နေတာကြားရဲ့လား။ ရှိသမျှစည်းစိမ်အထုပ်ကို ဉာဏ်နှင့်ဆင်ခြင်ရွှေ့ပြီးပြီလား။ အလွှာအသီးသီးက နိုင်ငံသားများဘဝတွေရှေ့မျိုးဆက်များအထိ မျက်စိတဆုံးကြည့်ကြစေချင်တာပါ။ မျိုးဆက်သစ်တို့ လူ့အဖွဲ့အစည်းမှာ အာဏာရှင်နဲ့ အဆွယ်အပွါးအချောင်သမားများကိုငြင်းပယ်မှာက ဘယ်သူမှ ငိုယိုငြင်းဆန်မရတဲ့တရားပါ။

အနာဂတ်နိုင်ငံတော်ကိုမြင်ရဲ့လား။
ပြည်ဝင်လက်မှတ် ဖြတ်ပြီးပြီလား။
ဘဝမှာမမှီလိုက်တဲ့ ရထားဥဩသံက လွမ်းစရာအကောင်းဆုံးပဲ။

မင်းကိုနိုင်
၆.၄.၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar