မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၆ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၇၊ ၂၀၂၂
ဧပြီ ၆ ရက် - လူ့အသက် ဆုံးရှုံးမှုတွေက သတင်းထူးမဟုတ်တော့တဲ့ ကာလ
ကျနော်တို့ နေ့စဥ် သတင်းတွေ ဖတ်နေကြတဲ့အခါမှာ ရောဂါနဲ့ အသက်အရွယ်ကြီးရင့်လို့ ၉၆ ပါးရောဂါနဲ့ မဟုတ်ဘဲ လက်နက်ကိုင် တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှု၊ မတော်တဆဖြစ်မှုတွေမှာ လူ အသက်တချောင်းဆုံးရှုံးတယ်ဆိုတဲ့ သတင်းလောက်က ပရိသတ်ကို အထူးအဆန်းမဟုတ်တော့သလို သတင်းဌာနတွေကလည်း သိပ်ပြီး အရေးတယူလုပ် ဖော်ပြတာမျိုး မလုပ်ကြတော့ပါဘူး။
စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က လက်နက်ကိုင် ပီဒီအက်ဖ် မဟုတ်သူကိုလည်း သံသယနဲ့ ဖမ်းဆီး နှိပ်စက်ရင်း အသက်ဆုံးရှုံးရသူတွေရှိသလို၊ အမှန်တကယ် သတင်းပေးသူ သို့မဟုတ် သံသယရှိသူ၊ တယောက်ယောက်က တိုင်ကြားလာသူ၊ ရပ်/ကျေး အုပ်ချုပ်ရေး၊ ရာအိမ်မှူးတာဝန် ထမ်းဆောင်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေလည်း ဖြစ်ပွားနေရာမှာ လူတဦးစ နှစ်ဦးစ အသက်ဆုံးရှုံးတဲ့ သတင်းတွေက ပရိသတ်ကို အထူးတလည် ဆွဲဆောင်ခြင်းမပြုနိုင်ကြတော့ပါဘူး။
ကျနော်တို့ မသိလိုက်တဲ့ သတင်းထဲ မပါလိုက်တဲ့ အသက်ဆုံးရှုံးမှုတွေ အများအပြားရှိတာ အဲဒီ ဒေသခံမိတ်ဆွေတချို့နဲ့ စကားပြောဆိုတဲ့အခါ မှ သိရှိလာရပါတယ်။
စစ်ကိုင်းတိုင်းထဲက သူတို့ ဇာတိကျေးရွာ အနီးအနားက ကျေးရွာမှာ တဖက်အဖွဲ့ကို ပါဝင်ထောက်ခံ လုပ်ကိုင်နေသူလို့ ယူဆသူတဦးကို သွားရောက် လုပ်ကြံရာမှာ မိသားစုဝင် အမျိုးသမီး ၃ ဦးကိုပါ အော်ဟစ် အကူအညီတောင်းလို့ တလက်စတည်း လုပ်ကြံရှင်းလင်းခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်မျိုးတွေ ရှိတာကို ဒေသခံတွေပြောပြတော့မှ သိရှိရတာ ဖြစ်ပါတယ်။
ဒီလို အဖြစ်အပျက်မျိုးတွေ သတင်းတွေထဲ တခုတ်တရ မဖော်ပြကြတော့တဲ့အကြောင်းက အလားတူ အဖြစ်အပျက်မျိုးတွေ အဲဒီဒေသမှာ ဟိုနားသည်နား ဖြစ်ပျက်နေကြလို့ အထူးအဆန်းမဟုတ်တော့တဲ့ ဖြစ်ရပ်သဖွယ် ဖြစ်နေတာကြောင့်လို့ ထင်ပါတယ်။
သတင်းမီဒီယာအနေနဲ့လည်း အရပ်သား လူဆယ်ဂဏန်းနဲ့ချီ အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်မျိုးမှသာ သတင်းထူးတယ်လို့ ယူဆကြတော့တာမျိုး အခြေအနေက ပြောင်းလဲလာနေတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ တိုက်ပွဲတွေက မြန်မာနိုင်ငံအနှံ့ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေပြီး လက်နက်ကိုင် ဘယ်လောက် အသက်ဆုံးရှုံးတယ် အရပ်သား ဘယ်လောက် ထိခိုက် ဆုံးရှုံးတယ်ဆိုတာမျိုးတွေကို အပြည့်အစုံ ဘယ်အဖွဲ့ကမှ စာရင်းပြုစုနိုင်ခြင်း မရှိသေးပါဘူး။ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့တွေက ထုတ်ပြန်ကြေညာတဲ့ ကိန်းဂဏန်းတွေက စစ်ပွဲတွေရဲ့ သဘာဝအတိုင်း သာသာထိုးထိုး ကြေညာလေ့ရှိကြတာမျိုး အတည်မပြုနိုင်တဲ့ ကိန်းဂဏန်းတွေ ဖြစ်နေတာမျိုးကြောင့်လည်း တိတိကျကျ မှတ်တမ်းတင်ဖို့ ခက်ခဲပါလိမ့်မယ်။
လူတယောက် နှစ်ယောက် အသက်ဆုံးရှုံးတာမျိုးမဟုတ်ဘဲ လူအုပ်စုလိုက် အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်မျိုးတွေကျမှသာ ခုကာလမှာ သတင်းမီဒီယာတွေက အာရုံစိုက် ဖော်ပြကြတော့တာ ဖြစ်ပြီး တဦးချင်း လုပ်ကြံခံရတဲ့ သတင်းတွေ၊ လက်နက်ကိုင် တိုက်ခိုက်မှုကြောင့် အရပ်သားတဦး နှစ်ဦး သေဆုံးရတာတွေက များပြားလွန်းလို့ သတင်းထူးအဖြစ် စိတ်မဝင်စားကြတော့တာလည်း ဖြစ်ပါတယ်။
နေ့စဥ်ထုတ် ပုဂ္ဂလိကသတင်းစာ တချို့မှာ တနေ့တာ ဗုံးပေါက်ကွဲမှု သတင်း၊ လုပ်ကြံသတ်ဖြတ်မှု သတင်းတွေကို အနှစ်ချုပ်သဖွယ် ကိန်းဂဏန်းနဲ့ ဖော်ပြတာ၊ သတင်းတပုဒ်ထဲမှာပဲ မြို့ကြီးအချို့မှာ တနေ့တာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှု သေဆုံးမှု လုပ်ကြံသတ်ဖြတ်မှုတွေကို စုစည်းဖော်ပြကြတော့တာမျိုး ဖြစ်လာပါတယ်။
ယခင်တုန်းက မြို့ပေါ်မှာ ပေါက်ကွဲမှု တခုဖြစ်တယ်ဆိုခဲ့ရင် သတင်းကြီး ဖြစ်ပေမယ့် အခုအခါမှာ ပေါက်ကွဲမှုက ဟိုနား သည်နားမှာ နေ့တိုင်းလိုလို ဖြစ်နေလို့ ယမန်နေ့က ဘယ်မြို့နယ် ဘယ်လမ်းမှာ ပေါက်ကွဲမှု ဖြစ်တယ်၊ အသက်ဆုံးရှုံး၊ ထိခိုက်မှု ရှိတယ် မရှိဘူး စတဲ့ အကျဥ်းချုံ့ သတင်းမျိုးတွေပဲ တပုဒ်ထဲ စုစည်းပါရှိတော့တာ ဖြစ်ပါတယ်။
အလားတူပဲ အသက်ဆုံးရှုံးမှုတွေကိုတောင် ဆုံးရှုံးမှုတိုင်း သတင်းမဖြစ်လောက်အောင် များပြားလာနေလို့ အသက်ဆုံးရှုံးမှု မဟုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တဲ့ ရိုက်နှက်ခံရတာ၊ နှိပ်စက်ခံရတာ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာမျိုးတွေက ပိုပြီးဆွဲဆောင်မှုနည်းတဲ့ သတင်းတွေ ဖြစ်လာနေတာပါ။
ကျနော်တို့ မြန်မာနိုင်ငံလိုပဲ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ သမိုင်းရှိတဲ့ ဖိလစ်ပိုင်လို၊ သီရိလင်္ကာလို နိုင်ငံက အသိမိတ်ဆွေတွေကို လက်ရှိ မြန်မာနိုင်ငံမှာ တနေ့ကို ပဋိပက္ခနဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ လူ ၅၀ မှ ၁၀၀ အကြား အသက်ဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ ပြောပြရာမှာ သူတို့က ဒီပမာဏဟာ တော်တော်လေး များပြားတဲ့ ကိန်းဂဏန်းလို့ မှတ်ချက်ပေးကြပါတယ်။
ယူကရိန်း ပဋိပက္ခနဲ့တော့ မနှိုင်းယှဥ်သာပေမယ့် လွန်ခဲ့တဲ့ တနှစ်ဝန်းကျင်ကတည်းက ဖြစ်ပွားလာတဲ့ နိုင်ငံရေး အကျပ်အတည်း လက်နက်ကိုင် ပဋိပက္ခကျယ်ပြန့်လာမှုကြောင့် တရက်ကို ဒါဇင်နဲ့ ချီတဲ့ လူ့အသက်ဆုံးရှုံးမှုတွေ ဖြစ်ပွားနေတာ လနဲ့ချီကြာလာချိန်မှာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအရပါ လျစ်လျူရှုလာကြတဲ့ သဘောမျိုးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သဘောသဘာဝ အရ ဖြစ်ခါစမှာ အရေးတကြီးထား အာရုံစိုက်ကြပေမယ့် ကြာလာတဲ့အခါ အခုလို အသက်ဆုံးရှုံးမှုတွေက နေ့စဥ်အဖြစ်အပျက်လို သတ်မှတ်ပြီး အရေထူသွားကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခဟာ ကမ္ဘာ့အချို့ဒေသ၊ အာဖရိကလို အရှေ့အလယ်ပိုင်းလို ဆယ်စုနှစ်နဲ့ ရှည်ကြာတဲ့ ပဋိပက္ခမျိုး ဖြစ်မသွားဖို့တော့ အရေးကြီးတယ်လို့ မြင်မိပါတယ်။
Join Us @ MoeMaKa Telegram#MoeMaKaMedia
#WhatsHappeningInMyanmar